Gazette

ဗုဒ္ဓသာသနာညီနောင်နှစ်နိုင်ငံ ရင်းနှီးစွာပေါင်းသင်းဆက်သွယ်မှု

မြန်မာနှင့် သီရိလင်္ကာနှစ်နိုင်ငံ၏ ရင်းနှီးစွာပေါင်းသင်းဆက်သွယ်မှုသမိုင်းသည် ရှည်လျားခဲ့လေပြီ။ B.E ၂၃၀ တုန်းက သာသနာရေစီးကြောင်းကြီးတစ်ခုကို မဟိန္ဒထေရ်က- ပါဋလိပုတ်ကနေပြီး အနုရာဓအရောက် ဖောက်လုပ်ခဲ့ပါတယ်။

အခြားသာသနာ့ရေစီးကြောင်းကြီးတစ်ခုကို သောဏနှင့် ဥတ္တရထေရ်တို့က - ပါဋလိပုတ်ကနေပြီး သုဝဏ္ဏဘုမ္မိအရောက် ဖောက်လုပ်ခဲ့ကြပါတယ်။ ထိုသာသနာ့ ရေစီးကြောင်းကြီး နှစ်ကြောင်းဟာ လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ခန့်က အချင်းချင်း ပြန်လည်ပေါင်းစုံသွားကြတာ တွေ့ရပါတယ်။

မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့သည် မြန်မာ့သမိုင်းအရ ပုဂံခေတ်တွင် သုံးကြိမ်၊ အင်းဝခေတ်တွင် နှစ်ကြိမ်၊ ဟံသာဝတီ (ရာမည)ခေတ်တွင် နှစ်ကြိမ်၊ ရခိုင်ခေတ်တွင် တစ်ကြိမ်၊ အမရပူရခေတ်တွင် တစ်ကြိမ်၊ ရတနာပုံခေတ်တွင် နှစ်ကြိမ်၊ အင်္ဂလိပ်ကိုလိုနီခေတ်တွင် သုံးကြိမ်၊ လွတ်လပ်ရေးရပြီး မြန်မာခေတ်တွင် တစ်ကြိမ် ဟူ၍ သမိုင်းဝင်သာသနာရေးဆက်သွယ်မှုများ ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ ပုဂံခေတ်အနော်ရထာမင်း (AD- ၁၀၄၄-၁၀၇၇)၌ သီရိလင်္ကာနိုင်ငံ ပထမ ဝိဇယဗာဟု (၁၀၅၅-၁၁၁၁- AD)မင်းကြီးလက်ထက် - သီရိလင်္ကာဗုဒ္ဓသာသနာအတွက် မြန်မာရဟန်းတော်များ သီရိလင်္ကာသို့ကြွ၍ သီရိလင်္ကာသံဃာတော်များကို ဥပသမ္ပဒကံ စီမံဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ပိဋကတ်သုံးပုံနှင့် ဆင်ဖြူတော်တစ်စီးတို့ကို ပေးပို့ခဲ့ပါသည်။ ထိုပထမဝိဇယဗာဟုမင်းကြီးကပင် မြတ်ဗုဒ္ဓ၏စွယ်တော်များ ပေးလှူခဲ့သည်။ ထိုစွယ်တော်ပွါးလေးဆူတို့ကို မြန်မာဘုရင် အနော်ရထာက စေတီလေးဆူတည်ထားခဲ့သည်။

ဤသည်ကား အလွန်မြတ်နိုးဖွယ် ကောင်းသော သီရိလင်္ကာ-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓသာသနာ ညီအစ်ကိုတို့၏စိတ်ကို ခိုင်မြဲစွာ တည်ဆောက်ခဲ့ကြောင်း ရှေးဦးစွာ ပြသလိုက်ခြင်းပင် ဖြစ်ပါသည်။

ထို့နောက် နရသူမင်း (AD, ၁၁၆၀-၁၁၆၅) လက်ထက် ပံသုကူမထေရ်ကြီးသည် သီရိလင်္ကာသို့ကြွ၍ သာသနာပြုသည်။

ပုဂံခေတ် နရပတိစည်သူမင်း (AD,၁၁၆၅-၁၂၁၁)တွင် ပုဂံမြို့ ဥတ္တရာဇီ၀ မထေရ်ကြီးသည် သီရိလင်္ကာသို့ ကြွတော်မူ၍သာသနာရေးလေ့လာသည်။ ဥတ္တရာဇီ၀ မထေရ်ကြီးနှင့်အတူ ဆပ္ပဒသာမဏေ လိုက်ပါသွားသည်။ သီရိလင်္ကာမှာ ရဟန်းပြုသည်။ (၁၀)နှစ်သီတင်းသုံး၍ ပိဋကတ် သင်ယူသည်။ ပထမပရက္ကမဗာဟု (AD, ၁၁၅၃-၁၁၈၆) လက်ထက်ကဖြစ်သည်။ ဆပ္ပဒ(ဆပ္ပဋ)မထေရ် အပြန်တွင် သီရိလင်္ကာသံဃာတော် (၅)ပါး မြန်မာပြည်သို့ လိုက်ပါလာခဲ့သည်။ ဥတ္တရာဇီဝထေရ်၊ ဆပ္ပဒထေရ်နှင့် သီရိလင်္ကာသံဃာတို့က ပုဂံ၌ ဂိုဏ်းသီးခြားတည်ထောင်ကြရာ ထိုဂိုဏ်းကို ပစ္ဆိမသံဃာဂိုဏ်းဟု ခေါ်တွင်လေသည်။

(AD, ၁၄၂၇-၁၄၄၀) အင်းဝခေတ် မိုးညှင်းမင်းကြီးလက်ထက်တွင် (၆)ဆက်မြောက် ပရက္ကမဗာဟုမင်းကြီးက သီဟိုဠ်သံဃာတော်(၂)ပါးကို လက်ဆောင်ပဏ္ဏာဘုရားဓာတ်တော် (၅)ဆူ နှင့်တကွ အင်းဝမင်းထံသို့ သာသနာတမန်တော်အဖြစ် စေလွှတ်တော်မူသည်။ ဆဋ္ဌမ-ပရက္ကမဗာဟု ပို့လွှတ်သဖြင့် သံဃာ(၂)ပါး ယူဆောင်လာသော သာသနာလက်ဆောင်တော် (၅)ဆူကို စစ်ကိုင်းမြို့ ရတနာစေတီ (ဆင်များရှင်) ဘုရားတွင် ဌာပနာတော်မူသည်။ သီရိသဒ္ဓမ္မာလင်္ကာရနှင့် သီရိသီဟဠမဟာသာမိမထေရ် (၂)ပါးတို့ကိုလည်း ကျောင်းတော် ဆောက်၍ လှူဒါန်းခဲ့လေသည်။ အင်းဝဘုရင်နရပတိ (AD, ၁၄၄၃-၁၄၆၈)လက်ထက်တွင် -ဆဋ္ဌမမြောက် ပရက္ကမဗာဟုမင်းကပင် သီရိလင်္ကာသံတမန်များနှင့် ဓာတ်တော်များ မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ရာ ထိုသံတမန် လက်ဆောင်ဓာတ်တော်များကို စစ်ကိုင်းမြို့ ထူပါရာမစေတီတော်ကြီး၌ ဌာပနာကိုးကွယ်ခဲ့လေသည်။

အလွန်ချစ်ခင်နှစ်သက်မြတ်နိုးဖွယ်ကောင်းသော ကျွနု်ပ်တို့ သီဟိုဠ်-မြန်မာနှစ်နိုင်ငံ ညီနောင်သာသနာ ဆက်သွယ်ရေးများကို ချန်လှပ်မထားသင့်ပါသဖြင့် ဆက်လက်ဖော်ပြခွင့် ပြုတော်မူကြပါဘုရား။ (AD, ၁၅၅၀-၁၅၈၁)ထိ ရာမညတိုင်း၌ မင်းပြုသော ဘုရင့်နောင်မင်းကြီး လက်ထက် သီရိလင်္ကာဘုရင် ဓမ္မပါလ (AD, ၁၅၅၁-၁၅၉၇)က စွယ်တော်ပွားများနှင့် သပိတ်တော်များ ပေးပို့လှူဒါန်းခဲ့ရာ အချို့အဝက်ကို ဘုရင့်နောင်မင်းကြီးက ဟံသာဝတီမြို့ မဟာစေတီတော်၌လည်းကောင်း၊ အချို့သော ဓာတ်တော်၊ စွယ်တော်များကို ဇေယပူရတိုင်း စစ်ကိုင်း-အဓိကရာဇာမည်သော သာလွန်မင်းတရားအား ခွဲဝေလက်ဆောင်ပေးခဲ့ရာ စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်၌ ထည့်သွင်းပူဇော်ခဲ့ပါသည်။

အေဒီ (၁၆)ရာစုတွင် ထူးခြားသော စစ်ရေးလက်ဆောင်မှတ်တမ်းတစ်ခုရှိသည်ကို တွေ့ရပေသည်။ ထို(၁၆)ရာစု နှစ်များတွင် သီရိလင်္ကာနိုင်ငံ၌ ဓမ္မပါလအမည်ရှိ ဗုဒ္ဓဘာသာဘုရင်ကို တမီးလ် သူပုန်တွေက ဝိုင်းဝန်းတိုက်ခိုက်ကြသဖြင့် ရာမညဘုရင် ဘုရင့်နောင်မင်းတရားကြီးထံ စစ်ကူတောင်းခဲ့သည့် မှတ်တမ်းရှိခဲ့ဖူးသည်။ ဘုရင့်နောင် မင်းကြီးက သီရိလင်္ကာပြည့်ရှင်ထံသို့ သင်္ဘော(၅)စင်းဖြင့် စစ်သား (၇၀၀၀)စစ်ကူပို့၍ ဓမ္မပါလမင်းဘက်က ကူညီတိုက်ခိုက်ပေးခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး လွှတ်လိုက်သော စစ်တပ်တွင် တပ်မှူးကြီးစန္ဒသူရိယနှင့် ရာဇဗညားတို့ ခေါင်းဆောင်၍ မိစ္ဆာဒိဋ္ဌိမင်းတို့ကို အပြတ်အသတ် ကူညီနှိမ်နင်းပေးခဲ့သည်။ မိစ္ဆာဒိဋ္ဌိမင်းတို့သည် စစ်ရှုံးသောအခါ လက်နက်ချပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခဲ့ကြသည်။ ဤအချက်မှာ သာသနာရေးအတွက် စစ်အရေး အကူပေးခြင်းဖြစ်သည်။

ရာမညတိုင်းဓမ္မစေတီမင်းလက်ထက် (AD, ၁၄၇၂-၁၄၈၀) ဟံသာဝတီမြန်မာ သံဃာတော်များသည် သီရိလင်္ကာ၌ ဆဋ္ဌမမြောက် ဘုဝနေကဗာဟုမင်း (AD, ၁၄၇၂-၁၄၈၀) သီရိလင်္ကာနိုင်ငံသို့ကြွကာ ကလျာဏီမြစ်ရေသိမ်၌ သီဟိုဠ်သံဃာများထံမှောက်တွင် ရဟန်းအသစ်ခံယူကြကာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြလေသည်။ သီရိလင်္ကာမှအပြန် ဟံသာဝတီပဲခူး၌ ကလျာဏီသိမ်ကို သမုတ်ခဲ့ကြသည်။ ထို့ကြောင့် ရာမညတိုင်း၌ လင်္ကာသာသနာနွယ်များ ပြန့်ပွားခဲ့ပါသည်။ ထိုနည်းတူစွာပင် ထိုမင်းနှစ်ပါးတို့လက်ထက်၌ သီဟိုဠ်သံဃာတော်များ မြန်မာနိုင်ငံအောက်ပိုင်း ရာမညတိုင်း ဟံသာဝတီပဲခူး ကလျာဏီသိမ်တော်၌ လာရောက်ရဟန်းသစ်ခံယူကာ သီရိလင်္ကာသို့ ပြန်သွားကြသောအခါ ယနေ့တိုင် သီရိလင်္ကာနိုင်ငံ၌ ရာမညသံဃာဂိုဏ်းဟု ထွန်းကားနေပါသည်။

ထို့ကြောင့် ယနေ့ ဒီအခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော မင်းပရိသတ်များ၊ သံဃာတော်များ၊ ဒကာ/ဒကာမများကို ချစ်ခင်ရင်းနှီးစွာ ပြောချင်တာက မြန်မာနှင့် သီရိလင်္ကာ ညီအစ်ကိုနှစ်နိုင်ငံတို့ဟာ နှစ်ပေါင်းတစ်ထောင်ကျော်မျှ ကာလပတ်လုံး သံဃာနှင့်ရာဇာ သာသနာရေးနှင့် နိုင်ငံရေး အပြန်အလှန်လဲလှယ်မှုတွေ လုပ်ခဲ့ကြကြောင်း ဓမ္မ-ဘုံလမ်းကြောင်းကို ကောင်းစွာတည်ဆောက် လက်တွဲလမ်းလျှောက်ခဲ့ကြောင်း ယနေ့ ပြောခွင့်ရလို့ နှစ်နိုင်ငံ Dhamma Brotherhood Spirit အခိုင်အမာ တည်ဆောက် နိုင်ခဲ့ကြတယ်လို့ တင်ပြခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက် ကျေနပ်ရကြောင်းပါဘုရား။ သီဟိုဠ်-မြန်မာ သာသနာ ညီအစ်ကိုမောင်နှမစိတ်ဓာတ်၏ မြတ်နိုးဖွယ်ကောင်းပုံကို အနည်းငယ်မျှ ဆက်လက်၍ လျှောက်ထားရပါလျှင် -

မြန်မာနိုင်ငံ အမရပူရခေတ် ဗဒုံမင်းတရားလက်ထက် (AD, ၁၆၅၂-၁၆၈၄)သီဟိုဠ် နိုင်ငံ၌ သီရိဝိကရမရာဇသီဟ (AD, ၁၇၉၈-၁၈၁၅)လက်ထက်တို့၌ သီရိလင်္ကာ သံဃာတော်များ အမရပူရမြို့သို့ ကြွရောက်တော်မူကြ၍ မြန်မာသံဃာ့ရာဇာ မောင်းထောင်းသာသနာပိုင် ဆရာတော်ကြီး၏ လမ်းညွှန်မှုအောက်မှ ရဟန်းအသစ်ခံယူ၍ သီရိလင်္ကာသို့ ပြန်သွားကြပြီး “အမရပူရနိကာယ” ဟူ၍ ဂိုဏ်းသစ်တည်ထောင်ခဲ့ကြရာ အမရပူရဂိုဏ်းမှုာ ယနေ့တိုင် ထင်ရှားလျက် ရှိပါသည်။ ထို့နောက်မှတ်သားဖွယ် အလွန်ကောင်းတဲ့ သီရိလင်္ကာ-မြန်မာ Sasana Exchange နဲနဲပါးပါးရှိပါသေးတယ်။

(AD, ၁၈၇၇)တွင် ပထမရွှေကျင်ဆရာတော် ဦးဇာဂရသည် သီရိလင်္ကာသို့ ကြွပါသည်။ များစွာသော မေးခွန်းပုစ္ဆာတို့ကို ဖြေကြားရပါသည်။ မဓုမြစ်ထဲမှာ သိမ်လုပ်၍ သီရိလင်္ကာသံဃာများ ရွှေကျင်ဆရာတော်ကြီးထံ ရဟန်းခံကြပါသည်။ ထို့ကြောင့် ရွှေကျင်ဂိုဏ်းသံဃာ့အဆက်အနွယ်များလည်း သီရိလင်္ကာတွင်ရှိကြောင်း လျှောက်ထား လိုပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် (၅)နှစ်အကြာ (၁၉၅၄)ခုနှစ်၌ ဝန်ကြီးချုပ် ဦးနုခေါင်းဆောင်သော မြန်မာအစိုးရအဖွဲ့က ကျင်းပသော ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီး၌ သီရိလင်္ကာမှ အာနန္ဒမေတ္တယျ၊ ဗုဒ္ဓဒတ္တ၊ သဒ္ဓါတိဿ အစရှိသော သံဃာတော်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ သာသနာသမိုင်းကြီး နှစ်နိုင်ငံ သံဃာညီအစ်ကို စိတ်ရဲ့ အရေးအရာရောက်ပုံနှင့် မေ့ပျောက်လို့မရနိုင်တဲ့ သာသနာ ရေစီးကြောင်းကြီးနှစ်ခုရဲ့ ပေါင်းစီးမှု (နို့နှင့်ရေတို့ ရောနှောသွားခြင်းအမှတ်လက္ခဏာ) များပါဘုရား။

ဒီသမိုင်းမှာ ဆဋ္ဌသင်္ဂါယနာပွဲကြီးအဖွင့်မှာ ဒေါက်တာမာလာဆေကရရဲ့ မိန့်ခွန်း ကောက်နှုတ်ချက်ကလေးမှတ်ထားတာလေးကို တင်ပြပါရစေ။ “သင်္ဂါယနာဆိုတာ အိန်္ဒိယမှာ တင်ခဲ့တဲ့ သင်္ဂါယနာသုံးတန်က ပိဋကတ်တွေကို သီဟိုဠ်ကရော မြန်မာကပါ ထပ်မံ၍ အတည်ပြုတာပဲ Reconfirmed လုပ်တာပဲ။ ထေရဝါဒသာသနာဆိုတာ ရှေးအကျဆုံးနှင့် အအိုဆုံး သာသနာဆိုတာကို ပြတာပဲတဲ့။

ကျွနု်ပ် D.Litt. ဘွဲ့ဆက်ကပ်လို့ ဝမ်းသာတာကို ပြောရတာထက် ကျွနု်ပ်တို့နှစ်နိုင်ငံ သံဃာနှင့်ရာဇာလက်တွဲ၍ ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တန့်ပြန့်ပွားရေးအတွက် ခိုင်မြဲသောတွဲလက်များဖြင့် အတူလျှောက်လှမ်းလာခဲ့တဲ့ ဘုံလမ်းကြောင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြတယ်ဆိုတဲ့ အချက်ရယ်၊ နှစ်နိုင်ငံဓမ္မညီအစ်ကို စိတ်ဓာတ်ကို တည်ဆောက်နိုင်ခဲ့ကြတယ်ဆိုတဲ့အချက်ရယ်၊ ဒီအချက်နှစ်ချက်က ကျွနု်ပ်အတွက် ဝမ်းမြောက်စရာ အကောင်းဆုံးပါပဲ။

ဒီနေ့ သီရိလင်္ကာမှာ မြန်မာနိုင်ငံက ရဟန်းငယ်တွေ အပါး(၇၀၀)ခန့် တက္ကသိုလ် ကောလိပ်အသီးသီးမှာ ပညာသင်ကြားနေကြပါတယ်။ မြန်မာ့အနာဂတ်သာသနာကို လက်ဆင့်ကမ်း သယ်ဆောင်သွားကြမည့် ညီငယ်မြန်မာရဟန်းတော်ငယ်ကလေးများကို Myanmar-Sri Lanka Brotherhood Spirit ဖြင့် ပညာပေး၊ နေရာပေး၊ အစားပေး စောင့်ရှောက်တော်မူနေကြသော သီရိလင်္ကာသံဃာတော်များကို အထူးပင်ကျေးဇူးတင်လျှက် ရှိပါကြောင်း ဖော်ပြပါရစေ။

နိဂုံးချုပ်အနေအားဖြင့် ဘယ်သူ့ကိုမျှ ရန်မပြုတတ်တဲ့ သမင်အုပ်ကို ရက်စက် ကြမ်းကြုတ်တဲ့ ကျားတွေ၊ ခြင်္သေ့တွေ ဝိုင်းသလို ဘေးရန်အန္တရာယ် အနှောင့်အယှက် အမျိုးမျိုးဝိုင်းခံနေရတဲ့ ဗုဒ္ဓဘာသာသာသနာတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ တပည့်တော်တို့ သီဟိုဠ်-မြန်မာ နှစ်နိုင်ငံ သံဃာတော်များသည် ဗုဒ္ဓဘာသာညီအစ်ကို စိတ်ဓာတ်ကို ပိုမိုကျယ်ပြန့်ခိုင်မာအောင် တည်ဆောက်ရန် အထူးလိုအပ်နေပါကြောင်း လျှောက်ထားအပ်ပါသည် ဆရာတော် အရှင်သူမြတ်တို့ဘုရား။

- မြတ်ဗုဒ္ဓသာသနာ ဤကမ္ဘာမှာ ကြာမြင့်စွာ တည်ပါစေ။
- သီရိလင်္ကာ - မြန်မာ နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှု ကြာမြင့်စွာ တည်ပါစေ။

စိရံတိဋ္ဌတု လောကသိံ်္မ၊ သမ္မာသမ္ဗုဒ္ဓ သာသနံ၊
တသ်္မိံသဂါရဝါ နိစ္စံ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

အဘိဓဇမဟာရဋ္ဌဂုရု
သီတဂူဆရာတော်အရှင်ဉာဏိဿရ
တွဲဖက်ရွှေကျင်သာသနာပိုင်၊ (Ph.D., D.Litt.)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ

#Remark
သီတဂူဆရာတော်ပြောကြားခဲ့သည့် မိန့်ခွန်းကို ဓါတ်ပုံများ အစဉ်လိုက်နှိပ်၍ (အင်္ဂလိပ်+မြန်မာ) ဘာသာဖြင့် ဖတ်ရူနိုင်ပါသည်။

အင်္ဂလိပ်ဘာသာဖြင့် ၁၈ မိနစ်ကြာပြောကြားခဲ့သော မိန့်ခွန်း နားဆင်လိုပါက အောက်ပါ #Link ကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။ (မိန့်ခွန်းမှာ ဗီဒီယို၏ ၃:၄၅ မိနစ်မှ ၂၂:၀၀ မိနစ်တွင်ရှိပါသည်)

https://www.facebook.com/sitagulivedhamma/videos/358740048405618?sfns=mo

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 2 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈