Epigraphy

မင်းတုန်းမင်းတရားကြီး၏ မဟာဗောဓိရွှေညောင်တော်ကျောက်စာ သံပိုင်းမော်ကွန်း

ပါဠိ------မြန်မာနှစ်ဘာသာ

 

သုရဂ္ဂဘူပေါ ဇဂတောသဘော၊ ဒယောဒကံ သီတမုဘေတု ဘေတုသေ။
၀နီကဇန္တူ သုသုခံ တပံတပံ၊ ယသံ ဓရော ယော သဟ ဝေ သဒါ သဒါ။

 

ယသံ- တန်ခိုးကျော်စောခြင်းကို။ ဓရော- ဆောင်တော်မူနိုင်သော၊ ဇဂတိ အာသဘဥသဘော- လူအပေါင်းတို့ထက်မြတ််သော၊ ဥသဘမြှောက်ပြီး အာသဘကြီးဖြစ်တော်မူသော။ ယော သုရဂ္ဂဘူပေါ- အကြင်နတ်အပေါင်းတို့ထက် မြတ်သည်၏အဖြစ်ကြောင့်၊ သုရဇ္ဇေဋ္ဌက မလာသနမည်သော ဗြဟ္မာမင်း တည်းဟူသော တရားမင်းမြတ်သည်။ သေဝနိကဇန္တူသု- မိမိကိုမှီကုန်သော တိုင်းနိုင်ငံသူ ရှင်လူ အပေါင်းတို့၌၊ သီတံ-သီတေန- ချမ်းအေးလှစွာသော၊ ဒယာဥဒကံ-ဒယာဥဒကေန- မေတ္တာတည်း ဟူသောရေအေးဖြင့်၊ ဥဘေတု-သိဥ္စတု- သွန်းလောင်းဖျန်းဆွတ်ပါစေသတည်း။ သသော သုရဂ္ဂဘူပေါ- ထိုနတ်အပေါင်းတို့ထက် မြတ်သည်၏အဖြစ်ကြောင့်၊ သုရဇ္ဇေဋ္ဌက မလာသနမည်သော ဗြဟ္မာမင်း တည်းဟူသော တရားမင်းမြတ်သည်၊ တပံ၊ အဇ္စျတ္တိကဗာဟိရသန္တာန်၌ကျရောက်လာသော ပူပန်ခြင်း ဒုက္ခကို။ တပံ-တပန္တော- မိမိကပူပန်စေလျက်၊ ဟဝေ-ဧကန္တေန- စင်စစ်သဖြင့်။ သဒါ သဒါ- အခါခပ်သိမ်း။ သုခံ- ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာ။ သေတု၊ အတ္တဘော၌ ဘေးနှောမရှိဘဲ ပကတိ ဖြစ်ပါစေသတည်း။ 

ဗုဒ္ဓမြတ်စွာပွင့်တော်မူရာ မဟာဗောဓိပင်သို့ ၁၉၈၁ ခုနှစ်မှစ၍ နှစ်စဉ်လောက်နီး ရောက်ရှိ ခဲ့သည်။ (၂၅) ကြိမ်ထက် မနည်းရောက်ရှိခဲ့သည်။ မဟာဗောဓိပင်ကို ဖူးမျော်ပြီးလျင် ရှေးဟောင်း ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်ရုပ်တု၊ ဆင်းတု၊ ပန်းပု၊ အနုပညာတို့ကို လေ့လာခဲ့သည်။ မဖြစ်မနေ ရောက်ရှိခဲ့သော နေရာတစ်ခုမှာ မင်းတုန်းမင်းကြီး၏ ကောင်းမှုတော်ဌာပနာစေတီနှင့် ကောင်းမှုတော် ကျောက်စာစေတီတို့ ဖြစ်သည်။

ထိုစေတီဟောင်းနှစ်ဆူမှာ နေရဥ္ဇရာကို မေးတင်ဆောက်ထားသည်။ ဟိန္ဒူဘုန်းတော်ကြီး မဟန္တာ၏ ကျောင်းအတွင်းမှာရှိသည်။ သစ်ပင်ခြုံနွယ်များပိတ်ဖုံးလျက် ကြိုးပဲ့ပျက်စီးကာ ရေညှိများ တက်ကာ ပင်ပန်းညှိုးငယ်စွာ စံပယ်လျက်ရှိပါသည်။ ခြုံနွယ်ပိတ်ပေါင်းတို့ကိုတိုးဝှေ့၍ ကျောက်စာ စေတီတွင်းသို့ဝင်ကာ ကျောက်စာတို့ကိုကြိုးစား၍ ဖတ်ကြည့်ပါသည်။ ပါဠိ၊ မြန်မာ၊ ဒေဝနာဂရီဖြင့် ရေးသော သက္ကတဘာသာဟု သုံးဘာသာဖြင့် ရေးထိုးထားသော စကျင်ကျောက်ဖြူသား (၅)ပေခန့် အမြင့်ရှိသော ကျောက်စာကိုလွမ်းမောဖွယ် တွေ့ရလေသည်။ 

ကျောက်စာ၌တွေ့ရသော မှတ်တမ်းအကျဉ်းချုပ်မှာ သာသနာနှစ် ၂၄၁၇ခု၊ ကောဇာသက္ကရာဇ် ၁၂၃၆ ခု၊ တန်ဆောင်မုန်းလတွင် မြောင်လှမြို့စားဝန်ထောက် မင်းကြီး သီရိမဟာဇေယျသူ၊ စာရေးကြီး နေမျိုးမင်းထင်စည်သူ၊ အမှာရေး နေမျိုးမင်းထင်ကျော်ခေါင်တို့ကို အခြံအရံနှင့်တကွ စေခန့်တော်မူ၍ လှူဖွယ်ဝတ္ထုတို့ကိုလည်း စကြာယဉ်မွန် မီးသင်္ဘောတော်တွင်တင်၍ မဟာဗောဓိ ရွှေညောင်တော် အရောက် စေလွှတ်ပို့သ တင်လှူတော်မူသည်။

စိန်အလုံးရေ (၅၁၁)၊ မြအလုံးရေ (၃၁၁)၊ ကျောက်နီလုံးရေ (၃၉၆၆)၊ ပုလဲလုံးရေ (၆၂၃)၊ ဆွေတော်မျိုးတော် သားတော်သ္မီးတော်တို့လှူသော ရွှေထီး၊ တံခွန်၊ ကုက္ကား၊ မုလေးပွါး၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်တို့ကား များပြားစွာဘိတောင်း။ မြန်မာဘာသာ ကျောက်စာ၌ “အပရာဇိ၊ ညောင်ဗောဓိသို့၊ အသဒိသ၊ မြတ်ဒါနဟု၊ စိန်, မြ, ပတ္တမြား၊ ကိုးပါးနဝရတ်၊ လျှောက်ပတ်ခြယ်လှယ်၊ လွန်ဆန်းကြယ်ကို၊ ကျယ်မကုန်နိုင်၊ ဆုံးမပိုင်တည့်၊ နိုင်ငံသုံးလူ၊ သာဓုယူလျှက်၊ လှူရေစက်ဖြင့်၊ ပန္နက်ဆုကြီး၊ မဂ်ဖိုလ်ထီးဟု၊ ညီးညီးပွင့်လျှက်၊ မြင့်ထက်မြင့်သား၊ ကြည်မင်းဗိမာန်၊ မြိုက်နိဗ္ဗာန်ကို၊ ဧကန် မျက်မှောက်၊ ပြုရမြောက်စိမ့်၊ လျှင်တောက်တပို၊ မိန့်မြွတ်ဆိုပြီး၊ ထိုသည့်ဒါန၊ ဒါတဗ္ဗကို’’ … စသည်ဖြင့် ရေးထိုးထားခဲ့လေသည်။ 

ထိုစဉ်က မဟာဗောဓိပင်နှင့် မဟာဗောဓိစေတီတော်ကြီးမှာ စနစ်တကျ ဖွဲ့စည်းအုပ်ချူပ်သော ရှေးဟောင်းအဖွဲ့များမရှိသေးမူ၍ အင်္ဂလိပ်အစိုးရကလည်း ကိုင်တွယ်နိုင်ခြင်းမရှိသေးသဖြင့် ဟိန္ဒူ ဘုန်းတော်ကြီး မဟန္တာယောဂီက အုပ်ချုပ်ထားလေသည်။ မင်းတုန်းမင်းကြီးသည် ထိုကျောက်မျက် ရတနာတို့ကို မဟာဗောဓိစေတီတော်ကြီးအား ပြုပြင်ရန်ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်သည်။ ပြုပြင်ခွင့်ကို လည်း တောင်းဆိုခဲ့လေသည်။

မဟာဗောဓိစေတီတော်ကြီး စီမံအုပ်ချုပ်ရေးအာဏာပိုင်များမှာ---ဂယာဒေသ အုပ်ချုပ်ရေး အရာရှိ လက်တွင်မရှိဘဲ မဟန္တာဘုန်းတော်ကြီးများ၏ လက်မှာသာရှိသောကြောင့် မဟန္တာ ဘုန်းတော် ကြီးနှင့် ညှိနိုင်းမှုမပြီးဆုံးဘဲ ရတနာများကို ထိုမဟန္တာဘုန်းကြီးများအား အပ်နှံထားခဲ့ရလေသည်။
ထို့ကြောင့် မြောင်လှမြို့စားမင်းကြီး သီရိမဟာဇေယျသူ ခေါင်းဆောင်သော မြန်မာ့သံတမန် အဖွဲ့က ကျောင်မျက်ရတနာများ သိမ်းဆည်းရန် အုတ်တိုက်စေတီတစ်ဆူနှင့် ကျောက်စာစေတီ တစ်ဆူတို့ကို မဟန္တာယောဂီ(ဇောဂျီ)ကြီး၏ ကျောင်းဝင်းအတွင်းမှာတည်ထား၍ ပြန်ခဲ့ကြရလေသည်။

ထို့ကြောင့် မြောင်လှမြို့စားမင်းကြီး သီရိမဟာဇေယျသူ ခေါင်းဆောင်သော မြန်မာ့သံတမန် အဖွဲ့က ကျောက်မျက်ရတနာများ သိမ်းဆည်းရန် အုတ်တိုက်စေတီတစ်ဆူနှင့် ကျောက်စာစေတီ တစ်ဆူတို့ကို မဟန္တာယောဂီ (ဇောဂျီ)ကြီး၏ ကျောင်းဝင်းအတွင်းမှာ တည်ထား၍ ပြန်ခဲ့ကြရလေသည်။ မဟာဗောဓိ စေတီတော်ကြီးကို ပြုပြင်ခွင့်ကားမရခဲ့ချေ။

(အခြားမှတ်တမ်းများ၌ မဟန္တာယောဂီကြီးက ခရစ်နှစ်၁၈၇၇-ခုနှစ်တွင်မှ ပြင်ခွင့်ပေး၍ မြန်မာ့မစ်ရှင်မန္တလေးမှ ပြန်လာလုပ်ငန်းစသည်ဟု ဆိုပါသည်။ သို့သော်---မင်းတုန်းမင်းကြီးသည် ၁၈၇၈-ခုနှစ် (စက်တင်ဘာ)တွင်နတ်ရွာစံတော်မူခဲ့လေပြီ။ မင်းကြီးနတ်ရွာစံသော် ဗုဒ္ဓဂယာရောက် မြန်မာမစ်ရှင်အဖွဲ့လည်း မန္တလေးသို့ပြန်ခဲ့ရပြီး ဖြစ်လိမ့်မည်။ ကောင်းမှုတော်ကား ခရီးမပေါက် မပြီး မရောက်ဖြစ်ခဲ့လေသည်။)
ယနေ့မြင်ကွင်းမှာမူ ကျောက်မျက်တို့ သိုလှောင်ရာ ဂိုဒေါင်သဖွယ်ဖြစ်ခဲ့သော (ဌာပနာစေတီ) ဌာပနာတိုက်မှာ ဘုရားသီတင်းသုံးရန် ပလ္လင်ငယ်ကလေးနှင့် ဟင်းလင်း ဟောင်းလောင်း-ဟိန္ဒူ ပန်းရန်တို့ အကြိမ်ကြိမ်အဖန်ဖန်ပြင်ဆင်ထားသောကြောင့် မြန်မာ့ဟန် မန္တလေးလက်ရာ ယဉ်ကျေးမှု များ ပျောက်ကွယ်လျက်ရှိနေလေပြီ။ ကျောင်စာတိုက်စေတီမှာလည်း မြန်မာစေတီလော? ဟိန္ဒူ စေတီ လော? ထင််မှားစရာဖြစ်ပါသည်။ ကျောက်စာတိုက်ကိုပြင်၍ ကျောင်စာချပ်ကြီး မပျောက် မပျက်အောင် ထိန်းသိမ်းထားခဲ့ကြသော မဟန္တာဘုန်းတော်ကြီးအဆက်ဆက်ကို အထူးပင်ကျေးဇူးတင်ရပါသည်။ သို့သော်--မင်းတုန်းမင်းကြီး၏ ကောင်းမှုတော် ကျောက်မျက်ရတနာတို့ကိုတော့ မှန်းမျှော်၍ လွမ်းမိ ပါသည်။

မြန်မာ့ယဉ်ကျေးမှု၊ ဘာသာရေး၊ သမိုင်းအမွေအနှစ်များကို ထိန်းသိိမ်း စောင့်ရှောက်ရန် မြန်မာ တစ်မျိုးသားလုံးမှာ တာဝန်ရှိပါသည်။ ဗုဒ္ဓဂယာသို့ရောက်တိုင်း ဟိန္ဒူကျောင်းတွင်းက ညှိုးညှိုးငယ်ငယ် စံပယ်တော်မူနေသော ရတနာစေတီနှင့် ကျောက်စာစေတီနှစ်ဆူတို့ ဖူးမျှော်ရတိုင်း ရယူချင်သော ကုသိုလ်အခွင့်ကို မဟာဗောဓိပင်မှာ အကြိိမ်ကြိမ် ဆုတောင်းမိသည်။ သမိုင်းပေးကုသိုလ်ရယူဖို့ သမ္မတကြီး ဦးသိန်းစိန် အိန္ဒိယသွားတော့ မှာလိုက်မိသည်။ သမ္မတကြီးက ၀န်ကြီးချုပ် နရိန္ဒရာမိုဒီကို ပြောသည်။ တရားဝင် ပြင်ဆင်ခွင့်ရလေပြီ။ 

၁၃၊ ၁၀၊ ၂၀၁၅နေ့က အိန္ဒိယလေကြောင်းဖြင့် ဂယာသို့ရောက်သည်။ တမ္ပဝတီ ဦးဝင်းမောင်၊ တမ္ပဝတီချိုဇော်မင်း၊ သီတဂူဘာဘူတို့ အဖွဲ့ဝင်အဖြစ်ပါလာသည်။ ဘီဟာပြည်နယ် ယဉ်ကျေးမှုဌာန အရာရှိများ ဂယာလေဆိပ်မှာ ပန်းစီးဆက်၍ ကြိုဆိုကြသည်။ နေ့၂းဝဝရီရောက်လေသည်။ ညနေ၄းဝဝ နာရီမှာ မဟာဗောဓိဂေါပကအဖွဲ့ရုံးခန်း၌ ဟိန္ဒူမဟန္တာဘုန်းတော်ကြီး၊ ဆရာတော်ဦးဉာဏိန္ဒ၊ ဦးနန္ဒောဘာသ၊ မြန်မာကောင်စစ်ဝန် ဦးသန်းထွေး၊ အိန္ဒိယပြည်ရှေးဟောင်းသုတေသန ပညာရှင်များ၊ နိုင်ငံခြားရေးဌာနမှ အရာရှိများ၊ မဟာဗောဓိစေတီတော်အတွင်းရေးမှူးတို့ တက်ရောက်ကြသည်။ ၅းဝဝနာရီမှာ အစည်းအဝေးပြီးသည်။ မြန်မာမှု မြန်မာ့ဟန်နှင့် မြန်မာတို့ပြင်ဖို့ သဘောတူ ဆုံးဖြတ်ကြ သည်။ ၁၄. ၁၀. ၁၅ နေ့မှာ ကွင်းဆင်း၍ အသေးစိတ်လေ့လာ တိုင်းတာ တွက်ချက်၊ ပုံထုတ် နေရာ ရှင်းကြသည်။ 

၁၅-ရက်နေ့တစ်နေ့လုံး ဆရာတော်ကိုယ်တိုင််၊ တမ္ပဝတီဦးဝင်းမောင်၊ တမ္ပဝတီချိုဇော်မင်း၊ သီတဂူူ ဘာဘူ၊ ကောင်စစ်ဝန်ကိုသန်းထွေးတို့ငါးဦး Royal Residency Hotel ၌ ညှိနိုင်းတိုင်ပင်၍ ကွန်ပျူတာနှင့် ပုံစံများထုတ်ကြသည်။ ၁၅ရက်နေ့ ညနေခင်းတွင် အုပ်ချုပ်ရေးအဖွဲ့၊ ရှေးဟောင်းသုတေသနအဖွဲ့၊ သီတဂူအဖွဲ့နှင့် မြန်မာ့သံတမန်အဖွဲ့တို့ ဒုတိယအကြိိမ်ထပ်မံ တွေ့ဆုံကြသည်။ လက်ရှိအဆောက်အဦ အဟောင်း၏ မြန််မာ့ပုံဟန်မကျသော အပေါ်ယံမွမ်းမံမှုများကို ခွာချဖျက်သိမ်း၍ မန္တလေးမူ မန္တလေးဟန် မင်းတုန်းခေတ်အသွင်ဖြင့် ပီပီသသဆောက်လုပ်ရန် သဘောတူ အပြီးသတ်ဆုံးဖြတ်ကြသည်။ မန္တလေးဘုရင်ကြီး၏ ကောင်းမှုစေတီနှစ်ဆူကို မန္တလေးသူ၊ မန္တလေးသားတို့ အကုန်လှူကြမည်ဟု ကတိပြုထားကြပြီ။ စေတီနှစ်ဆူစလုံးကို မန္တလေးကျောက်စာစေတီများ၏ပုံအတိုင်း ပြန်လည်တည်ဆောက် သွားမည်ဖြစ်သည်။

 

အပရာဇိ၊ ညောင်ဗောဓိသို့၊ အသဒိသ၊ မြတ်ဒါနဟု၊
စိန်, မြ, ပတ္တမြား၊ ကိုးပါးနဝရတ်၊ လျှောက်ပတ်ခြယ်လှယ်၊
လွန်ဆန်းကြယ်ကို၊ ကျယ်မကုန်နိုင်၊ ဆုံးမပိုင်တည့်။
နိုင်ငံသုံးလူ၊ သာဓုယူလျှက်၊ လှူရေစက်ဖြင့်၊
ပန္နက်ဆုကြီး၊ မဂ်ဖိုလ်ထီးဟု၊ ညီးညီးပွင့်လျှက်၊
မြင့်ထက်မြင့်သား၊ ကြည်မင်းဗိမာန်၊ မြိုက်နိဗ္ဗာန်ကို၊
ဧကန် မျက်မှောက်၊ ပြုရမြောက်စိမ့်--------------

 

(မဟာဗောဓိရွှေညောင်တော်ကျောက်စာ မြန်မာဘာသာကို စာရေးကြီး နေမျိုးမင်းထင် စည်သူ ရေးသားပြီး၊ ပါဠိဘာသာ ဤမော်ကွန်းစာကို မဟာဓမ္မရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဒီပါလင်္ကာရ သိရီကဝိဓဇ မဟာထေရ်က ရေးသားတော်မူသည်။)

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ

 

သီတဂူဆရာတော်
အရှင်ဉာဏိဿရ
တွဲဖက်ရွှေကျင်သာသနာပိုင် (၄)၊ အဂ္ဂမဟာပဏ္ဍိတ၊
Ph.D., D.Litt.
၁၅.၁၀.၂၀၁၅၊ ဗုဒ္ဓဂယာ

 

mintone-01 mintone-02mintone-03mintone-04

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈