Gazette

သီတဂူဆရာတော် Kyrgystan (ကိုင်ဇစ္စတန်) နိုင်ငံခရီးလေ့လာရေး (ဒုတိယနေ့)

ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီးသည် Kyrgystan (ကိုင်ဇစ္စတန်)နိုင်ငံ မြို့တော် ဘီရှကစ် (Bishket)ရှိ ဗုဒ္ဓဘာသာ အမွေအနှစ်ဆိုင်ရာ ရှေးဟောင်းနယ်မြေများကို ဆက်လက်လေ့လာတော်မူရာ ဒုတိယနေ့မှာတော့ Kyrgystan (ကိုင်ဇစ္စတန်)နိုင်ငံရဲ့ အထင်ရှားဆုံးနှင့် အရေးပါဆုံးလို့ ဆိုရမည့် Krasnaya Rechka ရွာကလေးသို့ ကြွရောက်တော်မူခဲ့ပါတယ်။

ဒီရွာကလေးဟာ ခုတော့ မထင်မရှား အပစ်ပယ်ခံဘဝရောက်နေရသော်လည်း တစ်ခေတ်တစ်ခါ (အေဒီ ၆ ရာစုကနေ ၁၃ ရာစု) တုန်းကတော့ အလွန်ကြီးကျယ်ခမ်းနားစည်းကားခဲ့တဲ့ ပိုးလမ်းမပေါ်က ရှေးဟောင်း နာဗေကတ် ( Navekat )မြို့တော်ကြီးတစ်ခုဖြစ်ခဲ့ဘူးပါတယ်။

ဒီမြို့တော်ဟောင်းနေရာမှာ တစ်ချိန်က ဗုဒ္ဓသာသနာထွန်းကားခဲ့တယ်ဆိုတာကို သက်သေပြနိုင်တဲ့ ခိုင်မာတဲ့အထောက်အထားများဖြစ်ကြတဲ့ ထိုင်တော်မူဆင်းတုတော်ကြီး နှင့် လျောင်းတော်မူဆင်းတုတော်ကြီးတွေကို ရှေးဟောင်းသုတေသနအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ (ပုံကြည့် ၁ - ၂)

ထိုင်တော်မူရုပ်ပွါးတော်ကြီးရဲ့ အစိတ်အပိုင်းများကို Kyrgystan (ကိုင်ဇစ္စတန်)နိုင်ငံ သမိုင်းပြတိုက်မှာ ထိန်းသိမ်းထားသည်ဟု ယူဆရပြီး လျောင်းတော်မူရုပ်ပွါးတော်ကြီးရဲ့အစိတ်အပိုင်းများကိုတော့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရဲ့ Hermitage ပြတိုက်သို့ ပို့ဆောင်လိုက်ကြတယ်လို့ သိရပါတယ်။

လျောင်းတော်မူရုပ်ပွါးတော်မြတ်ကြီးကို ၁၉ ၆၃ ခုနှစ်မှာ တူးဖော်ခဲ့ကြတာဖြစ်ပြီး အလျား (၁၀) မီတာခန့်ရှိပါတယ်။ ရွံ့စေးများနှင့် ထုလုပ်ထားတာဖြစ်တဲ့အတွက် ခိုင်ခံမှုအားနည်းခဲ့တယ်လို့ သိရပါတယ်။

ဗုဒ္ဓသာသနာ့သမိုင်းနှင့်ပတ်သက်လာရင် အလွန်စိတ်အားထက်သန်လှတဲ့ သီတဂူဆရာတော်ဘုရားကြီးဟာ စစ်မှန်တဲ့သမိုင်းကြောင်းကို သိနိုင်ရေး သာမန်ဧည့်လမ်းညွန်ကိုမသုံးဘဲ INSTITUTE OF THE HISTORY AND CULTURAL HERITAGE ရဲ့ ရှေးဟောင်းသုတေသီပညာရှင်တစ်ဦးဖြစ်တဲ့ VELARY A. KOCHENKO ကို သီးသန့်ခေါ်ယူ မေးမြန်းတော်မူခဲ့ပါတယ်။

စိတ်အားထက်သန်လွန်းလို့ထင်ပါတယ်။ အမြဲတမ်း AirCon နဲ့နေတတ်တဲ့ဆရာတော်ဘုရားကြီးဟာ အသက်အရွယ်နဲ့မမျှ အပူဒဏ်ကိုအံတုနိုင်ရုံသာမက သာမန်အချိန်မှာ လမ်းလျှောက်သွားဖို့ တွေဝေနေတတ်တဲ့ ဆရာတော်ဘုရားကြီးဟာ ဗုဒ္ဓသမိုင်းနဲ့ပတ်သက်လာတော့ တောင်ကုန်းပေါ်အထိပါ လမ်လျှောက်တက်လာပြီး ကိုယ်တိုင်လေ့လာတော်မူခဲ့ပါတယ်။

တစ်ချိန်က မည်မျှပင်ကြီးကျယ်ခမ်းနားခဲ့စေကာမူ ယခုအခါမှာတော့ ဗုဒ္ဓဘာသာကွယ်ပျောက်လို့ အစ္စလာမ်နိုင်ငံတစ်ခုအဖြစ် ရောက်နေပြီဖြစ်ပါတယ်။ ဗုဒ္ဓသာသနာ့သမိုင်းအမွေအနှစ်တွေလည်း တဖြေးဖြေးကွယ်ပျောက်ခဲ့ရပါပြီ။

ဗုဒ္ဓဘာသာနှင့်သက်ဆိုင်ပြီး သမိုင်းအထောက်အထားတွေရှိနေတဲ့ ရှေးဟောင်းနယ်မြေတစ်ခုဟာလည်း လက်ရှိ အစ္စလာမ်သင်းကျိုင်း (သုဿာန်)လုပ်ထားသည့်အတွက် တူးဖော်ဖို့ခက်သွားပြီလို့ သမိုင်းပညာရှင်က ရှင်းပြပါတယ်။

ဒီရှေးဟောင်းနယ်မြေတွေဟာ သာမန်လူသားများအတွက် အပျင်းပြေကြည့်ရှုစရာနေရာထက် မပိုသော်လည်း သမိုင်းပညာရှင်များအတွက်တော့ အဖိုးဖြတ်မရတဲ့ နောက်ခံသမိုင်းကြောင်းတွေနှင့်ပြည့်နက်နေရာတစ်ခုဖြစ်ပါတယ်။

ကြည့်တတ်တဲ့ မျက်လုံးအပေါ်မှာမူတည်ပြီး အကြည့်ခံရတဲ့အရာတွေရဲ့တန်ဖိုးဟာ ခြားနားနေတတ်ပါတယ်။

ဒါ့ကြောင့် တန်ဖိုးကြီးတဲ့ မျက်လုံးပိုင်ရှင်ဖြစ်တော်မူသော သီတဂူဆရာတော်ဘုရားကြီးရဲ့ အမြင်တွေဟာ သာမန်လူတွေရဲ့ အမြင်နှင့် ကွဲပြားနေတတ်သလို ဆရာတော်ဘုရားကြီးရဲ့ အမြင်စွမ်းအားကို လိုက်မမီကြသူတွေဟာလည်း ဆရာတော်ကြီးရဲ့ အယူအဆတွေကို လက်လှမ်းမမီဘဲ ဆန့်ကျင်ဘက်သဖွယ်ဖြစ်နေကြတာကို တွေ့နေကြရတာဖြစ်ပါတယ်။

ဒါဟာ လောကသဘာဝပါ။ ဘုရားကိုတောင် ဆန့်ကျင်သူတွေ ရှိခဲ့ကြသေးရင် ဆရာတော်ဘုရားကြီးကို ဆန့်ကျင်ခဲ့ကြတာဟာ အပြစ်ရယ်လို့ မဆိုသာတော့ပါဘူး။

မည်သို့ပင်ဖြစ်စေ မြင့်မြတ်တဲ့သူတွေဟာ မြင့်မြတ်တဲ့စိတ်ဓာတ်တွေနဲ့ လောကအတွက် စွမ်းနိုင်သမျှ လောကကောင်းကျိုး သယ်ပိုးနေကြအုံးမှာကတော့ အသေအချာပင်ဖြစ်ပါတယ်။

မြစ်၊ ချောင်း၊ အင်းအိုင်တွေဟာ လောကကောင်းကျိုး သယ်ပိုးဖို့ စီးဆင်းနေကြတာပါ။ ဒါပေမယ့် အဲဒီမှာ ရေနစ်လို့ သေကြသူတွေအတွက်တော့ ဒီမြစ်၊ ဒီချောင်းတွေမှာ ဘာအပြစ်မှ မရှိဘူးလို့သာ ဆိုပါရစေတော့။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ဓာတ်ပုံသတင်း။ ။ ဒေါက်တာ အရှင်အစ္ဆရိယ (ရုရှား)

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈