Gazette

သီတဂူဆရာတော် မြန်မာ့ယဉ်ကျေးမှုကို ဘယ်လိုထိန်းသိန်းသလဲ မိန့်

၁-၈-၂၀၁၉ နေ့ ညနေပိုင်း၊ စစ်ကိုင်းမြို့၊ ရာဇာစူဠာမဏိကောင်းမှုတော်ဘုရားကြီး ထုံးဖြူသင်္ကန်းကပ်လှူခြင်း အောင်မြင်စွာ ပြီးဆုံးသဖြင့် အသက်စွန့်ဆံဖျား ကြိုးစားခဲ့ကြသော ပုဂ္ဂိုလ်များအား အမှတ်တရ လက်ဆောင်များကို သီတဂူဆရာတော်ကြီးကချီးမြှင့်ပါတယ်။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့၊ ဂေါပကအဖွဲ့များရော တာဝန်ယူလုပ်ဆောင်ကြသည့် ကုမ္ပဏီဝန်ထမ်းများ တက်ရောက်ကြပါတယ်။


ထိုပွဲမှာ ဆရာတော်ကြီးက အောက်ပါအတိုင်း တိုင်းပြည်ကို ချစ်တတ်ပုံကို ဟောပြောသွားပါတယ်။
အဟောင်းပြင်ဆင် ထိန်းသိန်းခြင်းကို ဘုရားတိုင်းချီးမွမ်း
ခဏ္ဍဖုလ္လပဋိသင်္ခရနံ သဗ္ဗဗုဒ္ဓေဟိ ဝဏ္ဏိတံ- ကျိုးပဲ့ဟောင်းနွမ်း၊ ပျက်စီး ဆွေးမြေ့သည်တို့ကို ပြင်ဆင်တဲ့ အလုပ်ကို ဘုရားအဆူဆူ ချီးမွမ်းတော်မူတယ်။ ပထမသံဂါယနာတင်ခါနီးအချိန်မှာ အရှင်မဟာကဿပ မိန့်ကြားသွားတဲ့ ဒီစကားရပ်ကို သံဂါယနာ ၆တန်တင်ထားတဲ့ ပိဋကတ်မှာ မှတ်တမ်းထားတယ်။

ဒီနေ့ (၁-၈-၂၀၁၉) စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ ကောင်းမှုတော် စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့တို့က အသတ်စွန့်ပြီးတော့ စေတီတော်မြတ်ကြီး၏ ဟောင်းနွမ်းနေသည်တို့ကို ပြင်ဆင်တဲ့ အလုပ်ကို လုပ်ကြတာ။ ဘုရားချီးမွမ်းတဲ့ အလုပ်ကို ဆက်လက်ပြီးတော့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နှင့် ဂေါပကအဖွဲ့တို့က ဆက်လက်ပြီး လုပ်ကြတာ။

အသတ်စွန့်ပြီး လုပ်ကြတဲ့ တပည့်တွေကို ချီးကျူးဂုဏ်ပြုတဲ့ အခမ်းအနား
************
တစ်သိန်းခွဲဆိုတဲ့ ငွေပမာဏဟာ မများသော်လည်း အစိုးရအဖွဲ့ရဲ့ ဂုဏ်ပြုခြင်းကို ခံရတယ်။ ဂေါပကအဖွဲ့ရဲ့ ချီးမွမ်းခြင်းကို ခံရတယ်။ ပုထုဇဉ်လူသားတွေရဲ့ ချီးမွမ်းခြင်းကို ခံရတယ်။ ဘုန်းကြီးဆိုလိုက်တဲ့ ပါဠိတော်အရ ဘုရားအဆူဆူတို့၏ ချီးမွမ်းခြင်းကို ခံရတယ်။
ဒေါက်တာဖြိုးခေါင်းဆောင်တဲ့ တစ်ဖွဲ့လုံး၊ အောင်ပြည်တန်ကုမ္ပဏီ ဝန်ထမ်းတွေ လုပ်သားတွေ၊ သီတဂူကပ္ပိယ အင်ဂျင်နီယာ ဦးစောထွေးဇော်၊ သီတဂူကပ္ပိယ အောင်ပြည်တန် ကုမ္ပဏီ နည်းပညာရှင် ဦးကျော်သူအောင်တို့ရဲ့ အကြိမ်ကြိမ် လမ်းညွှန်ချက်ကို ယူပြီး ဂေါပကအဖွဲ့ရဲ့ အနီးကပ်စောင့်ရှောက်မှုနဲ့ Safty First လို့ဆိုပြီး အသက်စွန့်ပြီးလုပ်ရတဲ့ လုပ်ငန်းတွေမှာ မထိခိုက်အောင် လုံခြုံရေးကို အထူးဂရုစိုက်တာက ဒေါက်တာဖြိုး။

ခဏ္ဍဖုလ္လပဋိသင်္ခရနံ သဗ္ဗဗုဒ္ဓေဟိ ဝဏ္ဏိတံ။
ခဏ္ဍဖုလ္လပဋိသင်္ခရနံ-ကျိုးပဲ့ဟောင်းနွမ်း၊ ပျက်စီး ဆွေးမြေ့သည်တို့ကို ပြင်ဆင်တဲ့ အလုပ်ကို။ သဗ္ဗဗုဒ္ဓေဟိ- ဂင်္ဂါဝါဠုသဲစူမက ပွင့်တော်မူကြသည့် ဘုရားမြတ်အဆူဆူ။ ဝဏ္ဏိတံ- ဂရုရှေးရှုချီးမွမ်းတော်မူတယ်။ အဟောင်းပြင်တဲ့အလုပ်ကို ဘုရားချီးမွမ်းတယ်ဆိုတာ အားလုံး စွဲစွဲမြဲမြဲမှတ်သွားကြပါ။
ဘုရားနှင့်သံဃာ ကဲ့ရဲ့ရှုပ်ချမည့် အလုပ် မလုပ်မိစေနဲ့
ဘာကံကောင်းသွားလဲ၊ ဘုရားချီးမွမ်းတဲ့ အလုပ်ကို လုပ်ခွင့်ရသွားတာ ကံကောင်းတာပဲ။ အဲဒါကို ဆန့်ကျင်ဘက်အဓိပ္ပါယ်ယူပြီး ပြောရင် ဘုရားကဲ့ရဲ့မဲ့ အလုပ်ကို မလုပ်မိစေဖို့ပဲ။ ဘုရားနှင့် သူတော်ကောင်းတွေ ချီးမွမ်းတဲ့ အလုပ်ကိုသာ များများကြီး လုပ်ဖြစ်အောင်သာ ကြိုးစားကြရမှာ။ ဘုရားနှင့် သံဃာတော်တွေ ကဲ့ရဲ့ ရှုံ့ချမည့်အလုပ်ကို မလုပ်မိစေဖို့ ဘုန်းကြီးတို့ ဒါလေးတော့ ပြောပါရစေ။

သမိုင်းဝင် စစ်ကိုင်း
*********
ပြီးတော့ စစ်ကိုင်းဆိုတဲ့ မြို့ဟာ သမိုင်းဝင်မြိုနော်၊ စစ်ကိုင်းမှာ မင်း ၇ ဆက်၊ ဧရာဝတီမြစ် ဟိုဘက်ကူးလိုက်တော့ ပင်းယရှိတယ်၊ အင်းဝရှိတယ်၊ အမရပူရ၊ မန္တလေး၊ မင်းဘယ်နှဆက်လဲ ဘုန်းကြီး မမှတ်မိဘူး။ အမရပူတည်ထောင်တဲ့ ဘိုးတော်မင်းတရားကလည်း သူ့ အောင်မြေလောကဘုရားကို စစ်ကိုင်းမှာတည်တယ်၊ အင်းဝဘက်ကို နန်းစိုက်တဲ့ ဘုရင်တွေကလည်း ဘုရားကို အင်းဝဘက်မှာ တည်တာက နည်းပြီး စစ်ကိုင်းဘက်မှာပဲ လာတည်ကြတယ်။ စစ်ကိုင်းမင်း ၇ ဆက်ကလည်း စစ်ကိုင်းမှာပဲ ဘုရားတွေ တည်ကြတယ်။ စစ်ကိုင်းသူ စစ်ကိုင်းသားတွေ ဘယ်လောက် ကံကောင်းကြသလဲ၊ ဘာဖြစ်လို့ ကံကောင်းလဲ၊ စေတီပုထိုးတွေနဲ့ တင့်တယ် လှပနေတဲ့ နယ်မြေမှာ နေခွင့်ရကြတယ်။ ဒါ ကံကောင်းခြင်းတစ်မျိုးပဲ။

ဒို့ဘိုးဘွားအမွေ အနှစ်မို့ ဒို့ ကာကွယ်ခွင့်ရလို့ ကံကောင်းကြ
*********
နောက်တစ်မျိုးက ဒကာကြီးတွေ ဆိုနေတဲ့ နိုင်ငံတော်သီချင်းမှာလေ။ ဒါတို့ပြည် ဒါတို့ပြည် ဆိုပြီးတော့ နောက်နားက စာတစ်ပိုဒ် ဘုန်းကြီးက တော်တော်ကြိုက်တယ်။ ဒို့ဘိုးဘွားအမွေ အနှစ်မို့ ဒို့ ကာကွယ်မလေ။ ဒီစေတီပုထိုး ကျောင်းကန်ဘုရားတွေဟာ National Haritage တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာတွေရဲ့ အမွေအနှစ်။ အဲဒီအမွေကို ခံခွင့်ရကြတဲ့အတွက်ကြောင့် အားလုံး ကံကောင်းကြတယ်။
ဘိုးတွေ ဘွားတွေ တည်ထောင်သွားတဲ့ စေတီ ပုထိုး ကျောင်း ကန် ဘုရားတွေဆိုတဲ့ အမွေကို ရပြီး၊ နှစ်တွေကလည်း ရာနဲ့ချီပြီးတော့ ကြာညောင်းတဲ့ ကာလ၊ ဒီ စေတီ ပုထိုးတွေကလည်း ဟောင်းကုန်ပြီ၊ နွမ်းကုန်ပြီ။ အဲဒါကို ပြင်ခွင့်ရကြတာဟာလည်း ဘုရားအဆူဆူ ချီးမွမ်းတဲ့ အလုပ်၊ အဲဒါလုပ်ခွင့်ရလို့ ကံကောင်းကြတာ။ ဘုရားချီးမွမ်းတဲ့ အလုပ်၊ ဘိုးဘွားတို့ရဲ့အမွေအနှစ်ကို ထိန်းသိန်းစောင့်ရှောက်ခွင့်ရတဲ့ အလုပ်၊ ဒီအလုပ်နှစ်မျိုးကို လုပ်ခွင့်ရတာဟာ သိပ်ကံကောင်းတာ။
တိုတိုနဲ့ story လေးတစ်ခုကို ပြောရမယ်ဆိုရင်၊ ဘယ်ရာစုနှစ်လဲ မသိဘူး၊ သီဟိုဠ်ကျွန်းမြောက်ပိုင်းမှာ ဝသဘဆိုတဲ့ မင်း နန်းတက်တယ်။ အသက် ၂၁ နှစ် ဘုရင်ဖြစ်တယ်၊ ငယ်ငယ်နဲ့ ဘုရင်ဖြစ်တယ်၊ ထီးသက် နန်းသက် ဘယ်လောက်နေရမလဲ ဘုရင်ကြီးက ဝန်ကြီးတွေက တာဝန်ပေး၊ ဗေဒင်မေး၊ ဗေဒင်ဆရာတွေက တညီတည်း အဖြေထုတ်ကြတယ်၊ နန်းသက် တစ်နှစ်ပဲ ခံမယ်၊ အဲဒါဆို ယတြာချေကြရအောင်၊ ယတြာဆိုရင် ကုသိုလ်အစစ်က နဲတယ်၊ တံတားဆောက်ပါလို့ ပြောရင် ဝါးခြမ်းပြား ၃ ချောင်းနှင့် အုန်းဆံကြိုးရစ်ပြီး လမ်းသွားချမှာပေါ့။ ထီးလှူပါလို့ဆိုရင် စက္ကူ ထီးလေးတွေ လှူမှာလေ။ ရေလှူပါလို့ဆိုရင် အုံမုတ်ခွက်သေးသေး၊ ရေခွက်သေးသေးလေးနဲ့ သွားလှူမယ်လေ။

ဘုန်းကြီးတို့ စစ်ကိုင်းတောင်မှာ ရေလှူနေတာ တစ်နေ့ ဂါလံ ဆယ်သိန်းလေ၊ ကုသိုလ်ကောင်းမှုပြုတော့ ပြုတာပဲ၊ တကယ့်ကြီးကျယ်တဲ့ နှစ်နှစ်ကာကာ ကုသိုလ်မဟုတ်ဘူး။ ဗေဒင်ဆရာပေးတဲ့ ယတြာကို ဘုရင်က အားမကိုးလောက်ဘူးထင်တယ်။ ငါအသက်ရှည်အောင် ဘာလုပ်ရမလဲဆိုတော့၊ မဟာဝိဟာရကျောင်းတိုက်က သံဃာတော်တွေကို သွားမေးတယ်။

ဒကာကြီး ဝန်ကြီးချုပ် (စစ်ကိုင်းတိုင်းဝန်ကြီးချုပ်)၊ သီဟိုဠ်ကျွန်းမြောက်ပိုင်း သွားဖြစ်အောင် သွားကြည့်ဦး။ သိပ်စိတ်ဝင်စားစရာကောင်းတယ်။

သီဟိုဠ်မှ မဟာစေတီ (ကောင်းမှုတော်စေတီပုံ)
**********
မဟာဝိဟာရကျောင်းဆိုတာက ကျောင်းဝင်းရဲ့ အလယ်တည့်တည့်မှာ စေတီတော်ကြီး လုံးလုံးကြီး တည်ထားတယ်။ အခု ကောင်းမှုတော်ကြီးလောက်ရှိတယ်။ ဒါပေမဲ့ အဲ့ဒီအလုံးကြီးအပေါ်မှာ လေးထောင့်တိုက်လေးတစ်ခု ဆောက်ထားတယ်။ လေးထောင့်တိုက်လေးပေါ်မှာ ထီးတွေ ထီးတွေ အဆင့်ဆင့် တင်သွားတယ်။ သီဟိုဠ်ရဲ့စနစ်။ လေးထောင့်တိုက်ကလေးကို ဗိသုကာပညာရှင်တို့လောကက ဟမ္မိကာ ခေါ်တယ်။ အလုံးကြီးပေါ်မှာလေးထောင့်။

ဒါပေမဲ့ သီဟိုဠ်ကျွန်းက ဒီကနေ့ အဲ့ဒီလေးထောင့်ထဲကို ဓာတုဂဗ္ဘခေါ်တဲ့ ဓာတ်တော်ကို အဲ့ဒီ လေးထောင့်တိုက်ထဲမှာ ထည့်တယ်။ အဲ့ဒီပေါ်မှာမှ ကျောက်တိုင် အလယ်ကစိုက်ပြီးတော့မှ ထီးတွေ အချပ်လိုက် အချပ်လိုက် စွပ်သွားတာ။ ထီးတွေကို တစ်ခုနဲ့တစ်ခု ထိအောင် စွပ်တာ။ အဲ့ဒါတွေ တစ်ချပ်နဲ့တစ်ချပ်ထိလည်းသွားရော ဒကာကြီးတို့မျက်စိ အောက်ကနေ ကြည့်လိုက်ရင် အမြင်မှာ ဖောင်းနေတဲ့ အရစ်ကလေးတွေ ဖြစ်နေတယ်မို့လား။ ဒါက “ဖောင်းရစ်”ဆိုတာ ဗမာခေါ်တာပဲ။ တကယ်တော့ ထီးတွေ အချပ်လိုက်၊ အချပ်လိုက် ထပ်ထားတာ။ ၇ ဆင့်ရှိတယ်။ ၉ ဆင့်ရှိတယ်။ ၁၅ ဆင့်ရှိတယ်။

မဟာစေတီကြီး ဒုဋ္ဌဂါမဏိမင်းကြီးကတည်တယ်။ အဲ့ဒီစေတီတော်ကြီးကို ဝိုင်းပြီးတော့ ကျောင်းတိုက်ကြီးတည်တာ။ သံဃာတွေ သောင်းနဲ့ချီပြီးတော့ နေကြတယ်။ တတိယသင်္ဂါယနာဆင်နွှဲတဲ့ မထေရ်ကြီးတွေရဲ့ဂိုဏ်းဟာ အဲ့ဒီမဟာဝိဟာရဂိုဏ်း။
ဝသဘမင်းကြီး ထေရဝါဒဘုန်းတော်ကြီးကျောင်း ရောက်
အဲ့ဒါအခု ဘုန်းကြီးတို့ story လေး ပြန်ကောက်လိုက်ရင် ဝသဘမင်းက ဒုဋ္ဌဂါမဏိရဲ့ နောက်မှာ အများကြီးနောက်ကျတယ်။ မဟာဝိဟာရကျောင်းတိုက်က ဆရာတော်ကြီးတွေကို သွားမေးတယ်။ “တပည့်တော် ဗေဒင်မေးတယ်။ တစ်နှစ်ပဲ အသက်ရှည်မယ်လို့ ပြောတယ်။ အဲ့ဒါ ယတြာချေ ဆိုတော့ ချေကြည့်တယ်။ သေးငယ်တဲ့ ကုသိုလ်လေးတွေ ပြုရတာ အားမရဘူး။ အသက်ရှည်လောက်အောင် အထောက်အပံ့ပေးပါ့မလားလို့ တပည့်တော် စိတ်ထဲ သံသယဖြစ်တယ်။ အသက်ရှည်ကြောင်း၊ အနာကင်းကြောင်း ကောင်းမှုတကယ်ဖြစ်တဲ့ ကုသိုလ် တပည့်တော် ဘာလုပ်ရမလဲ” ဆိုတော့ အဲ့ဒီမှာ မဟာဝိဟာရကျောင်းတိုက်က ဆရာတော်ကြီးတွေ ပြောတာ။

ပါဠိတွေ ချန်ထားလိုက်တော့ ဝသဘမင်းအား မဟာဝိဟာရကျောင်းတိုက်ဆရာတော်ကြီးတွေ ပြောတာကို မန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာမှာရေးတယ်။ မဃဒေဝလင်္ကာလည်း ဖတ်ဖို့ကောင်းတယ်။ တိုင်းပြည်အုပ်ချုပ်ပုံစနစ်တွေလည်း အများကြီးပါတယ်။ ဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်းကန်တွေ ပြင်ဆင်တဲ့စနစ်တွေ၊ သာသနာစောင့်ရှောက်တဲ့နည်းတွေ မန်လည်ဆရာတော်ကြီးရေးထားတာ။ အဲ့ဒီစာအုပ်ကြီး လက်နှစ်လုံးလောက်ထူတယ်။ မြန်မာနိုင်ငံ စာကြည့်တိုက်တွေမှာ ရှိဖို့လည်းကောင်းတယ်။ တက္ကသိုလ်တွေမှာ မြန်မာစာအထူးပြုအတွက် ဒီကျမ်းစာကြီးတွေက ဖတ်ဖို့သိပ်ကောင်းတယ်။ အဲ့ဒီမှာ မန်လည်ဆရာတော်က ရေးပါတယ်။

သက်ရှည်ကြောင်း ကောင်းမှု ယတြာအစစ်
*********
ရေနဲ့ဆေး၊ ကျောင်း၊ အဟောင်းပြင်ဆင်၊ ဥယျာဉ်တစ်ဝ၊ သီလမည်ကာ ဤခြောက်ဖြာကား ဒီဃာယုက အာရောဂျဟု ..
ဒီအဖျားသပ်လေးတော့ ဘုန်းကြီးက ဆိုကောင်းအောင် ကိုယ့်ဟာကိုယ် အဖျားလေးပြင်ထားတယ်။ “ဒီဃာယုက အာရောဂျဟု ပုညခေါ်ရိုး အကျင့်မျိုးဟု အားကြိုးသမှု ဆောက်တည်ပြုလော့” မန်လည်ဆရာတော်။

မဟာဝိဟာရကျောင်းတိုက်နေ မထေရ်ကြီးတွေက ဒါပြောလိုက်တယ်။ “ဒကာတော် မင်းကြီး၊ ရေလှူ။ အဲ့ဒါ ဝသဘမင်းက ရေအိုးရေခွက်နဲ့ ရေလှူတာမဟုတ်ဘူး။ ဆည်မြောင်း ကန်ချောင်းတွေ တစ်နယ်လုံး တူးပစ်လိုက်တာ ဒီနေ့အထိ အနုရာဓတစ်နယ်လုံးက စိမ်းလန်းစိုပြေလျက်ရှိတယ်။
“ဆေးလှူ..” ဆေးပုလင်းလေးတွေ ဆေးထုပ်လေးတွေ သွားလှူတာမဟုတ်ဘူး။ ဆေးရုံတွေဆောက်ပြီးတော့ သံဃာတော်တွေကို ပြုစု။

ရေနဲ့ဆေး၊ "ကျောင်း"- ကျောင်းသစ်တွေလည်းဆောက်၊ ကျောင်းဟောင်းတွေလည်းပြင်၊ အဟောင်းပြင်ဆင်။ ဥယျာဉ်တဝ - သစ်ပင်ဥယျာဉ်စိုက်။ အနုရာဓတို့ ဒီကနေ့သွားကြည့်ရင် စိမ်းညို့နေတာ။ မြို့ထဲမှာ ရေမြောင်းတွေ၊ ရေမြောင်းတွေ စီးနေတာလည်း ဟော်လန် (Netherlands) နိုင်ငံက အမ်စတာဒမ် (Amsterdam) မြို့နဲ့ ခပ်ဆင်ဆင်ပဲ။ ရေမြောင်းတွေ၊ မြို့ထဲမှာ စိမ်းစိုနေတာပဲ။
အဲ့ဒီကောင်းမှုငါးပါး ပြုပြီးရင် ဘာလုပ်ရဦးမှာလဲဆိုတော့ “ကိုယ်ကိုယ်တိုင်က သီလမြဲဖို့လိုတယ်” လို့ ဒါပါတယ်။ “သီလကို အခြေခံပြီးတော့ ကောင်းမှု ခြောက်ပါးပြု။ မင်းတရား အသက်ရှည်လိမ့်မယ်..”
မင်းကြီး အသက်ရှည်တော်မူတယ်ဗျာ။ မင်းသက် နောက်ထပ် ဘယ်လောက်ရှည်သွားသလဲဆိုရင် သက်တော် ရှစ်ဆယ်မှာ မင်းကြီး နတ်ရွာစံတယ်။

ရှေးဟောင်းအမွေနှစ်တွေကို ကိုယ်တိုင် စောင့်ရှောက်ခွင့်ရခြင်း
အဲ့ဒီလို ရှေးဟောင်းကျမ်းတွေရဲ့ အဆိုအမိန့်ကို ထောက်ထားခြင်းဖြင့် ဘုန်းကြီးတို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့၊ ဂေါပကအဖွဲ့၊ အထူးအားဖြင့်တော့ ကိုယ်ထိလက်ရောက် လုပ်ကိုင်ဆောင်ရွက်ကြရတဲ့ အောင်ပြည်တန် ကုမ္ပဏီရဲ့ တပည့်သားမြေးတွေ အားလုံးက ဒီကနေ့ ဘာလုပ်ခွင့် ရလိုက်ပြီလဲ မေးရင် ကျန်းကျန်းမာမာနဲ့ အသက်ရှည်ကြောင်း ကောင်းမှုကြီးကို လုပ်ခွင့်ရလိုက်လို့လည်း ဘာဖြစ်လဲ? ဝမ်းသာစရာ အလွန်ကောင်းပါတယ်။

ဒီကနေ့ ဘုန်းကြီးတို့ စစ်ကိုင်းတခွင်ရှိကြတဲ့ စေတီပုထိုး၊ ကျောင်းကန်၊ ဘုရားတွေ၊ ရှေးရှေးမင်းတွေ တည်ထောင်သွားကြတဲ့ စေတီပုထိုး၊ ကျောင်းကန်ဘုရားတွေ၊ ဘုန်းကြီးရဲ့ ဘဝအနေနဲ့ စစ်ကိုင်းမှာရောက်လာတဲ့အချိန်က စပြီးတော့ ဒီကနေ့အထိပေါ့လေ ပြင်ခွင့်ရတာ ဆွမ်းဦးပုညရှင်စေတီတော်ကြီး၊ အခု ကိုစိုးဝင်းတို့ ဆွမ်းဦးပုညရှင် ဂေါပက လုပ်နေတယ်။ အဲ့ဒီတုန်းက ကိုစိုးဝင်းက ဓာတ်ပုံရိုက်တာ။ အဲ့ဒီ ဂေါပကအဖွဲ့ လူကြီးတွေ အခု မရှိရှာဘူး။
ဘုန်းကြီးနဲ့တွဲ အလုပ်လုပ်သွားတာ။ ကြုံရာ ပန်းရံဆရာနဲ့ ဗိသုကာဆရာရဲ့ စနစ်တကျလမ်းညွှန်ချက် မရတဲ့ ပန်းရံတို့လုပ်သွားတာ ပုံမကျပန်းမကျဖြစ်တယ်။ အဲ့ဒါ အင်္ဂတေကို အကုန်ပြန်ခွာပြီးတော့ အင်္ဂတေ အသစ်ပြန်ကပ်တယ်။ တမ္ပဝတီဦးဝင်းမောင်ရဲ့ လမ်းညွန်ချက်။ အနီးစပ်ဆုံးကတော့ အနော်ရထာမင်းကြီးရဲ့ စည်းခုံ စေတီတော်ကို မှီငြမ်းပြုတာ။ လုံးဝတော့ မတူဘူး။ အတော်အတန်တူတယ်။

ဘုရားဟောင်းမှ ကွာကျသော အင်္ဂတေသင်္ကန်း
*********
ဒီနေရာမှာ အားလုံးသတိပြုဖို့ ဘုန်းကြီးတို့ ဘာထည့်ပြောမလဲဆိုရင် ခွာထုတ်လိုက်တဲ့ အင်္ဂတေအဟောင်းတွေ၊ အဲ့ဒါတွေကို ဟိုပစ် ဒီပစ်၊ ဘုန်းကြီးတို့ ကျိုကျိုကြားကြား ပစ်မချလိုက်ဘဲနဲ့ ဂေါပကအဖွဲ့ကို သေချာမှာတယ်။ သေချာစနစ်တကျ စုပုံ သိမ်းဆည်းထား။ ဘုရားက ခွာချလိုက်တဲ့ အင်္ဂတေ ဘုန်းကြီးတို့ ပရိသတ်ခေါ်နေကျပဲ။ အင်္ဂတေသင်္ကန်းလို့ခေါ်ရင် မရဘူးလား။ ရွှေသင်္ကန်းတို့၊ ထုံးသင်္ကန်းတို့၊ ကြေးသင်္ကန်းတို့ ခေါ်သလိုပဲ ဘုရားရဲ့သင်္ကန်းတော်တွေ။
အဲ့ဒီ အင်္ဂတေတွေကို စုဆောင်းထားပြီးတော့မှ ရွှေစည်းခုံစေတီတော်နဲ့ ထပ်တူထပ်မျှတူသော အချိုးကိုက်၊ အချိုးကျ စေတီလေး သေးသေးလေးတစ်ခုကို ပုညရှင်စေတီတော်ရဲ့ တောင်ဘက်နားမှာ ဘုန်းကြီးတို့ တည်ထားခဲ့တယ်။ ဒကာကြီး ဝန်ကြီးချု့ပ် ရောက်တဲ့အခါမှာ ဂရုစိုက်ပြီးတော့ ဖူးကြည့်လိုက်။ “ပေါရာဏပုညစေတီတော်” လို့ ဒီလိုခေါ်တယ်။

ရှေးကုသိုလ်ရှင်တွေရဲ့ အင်္ဂတေသင်္ကန်းကို မည်သို့ ထိန်းသိန်းသနည်း
*********
ပေါရာဏ - ဆိုတာက အဟောင်းလို့ အဓိပ္ပာယ်ရပါတယ်။ အဲ့ဒီထုံးကို နှလုံးမူ၍ ဒီကနေ့ ဘုန်းကြီးတို့ ကောင်းမှုတော်စေတီတော်ကြီး ခေတ်ကို ပြန်တွက်ရင် ဘယ်ခေတ်လောက်က စမလဲမသိဘူးနော်၊ ထုံးတွေ အထပ်ထပ် သုတ်ခဲ့တယ်။ ဘုန်းကြီးထင်တယ်။ ခွာချလိုက်တဲ့ အင်္ဂတေ အချပ်ကြီးတွေကို ကြည့်ပြီးတော့ အဲ့ဒီထုံးသုတ်တဲ့ထဲမှာ ထုံးကို သကြားနဲ့ ကျိုရတယ်။ ရှေးခေတ်က သုတ်ကြတာ။ ထုံးနဲ့ သကြားနဲ့တွေ့ရင် ကျောက်ဖြစ်တယ်ဆိုပြီးတော့ အဲ့ဒီ စနစ်နဲ့ သုတ်လာတာ။ ဘယ်နှထပ် သုတ်ခဲ့လဲ မသိဘူး။

ပိုပြီးတော့ ခိုင်မာအောင်ဆိုလို့ရှိရင် ကျွဲကော်များ ထည့်လေသလားလို့ ထင်ရလောက်အောင် ဆရာဖြိုးတို့အဖွဲ့က ဘုန်းကြီးတို့ရဲ့ လမ်းညွှန်ချက်အရ စေတီတော်ကြီးကို ပြင်မယ်ကြံတော့ .. “ဟေ့ ..နှစ်ပေါင်း ဘယ်နှရာလောက် ရှိမလဲမသိဘူး။ ထုံးတွေ ကပ်လာတာ။ ထုံးထဲမှာ သကြားတွေလည်း ပါမယ်။ ကျွဲကော်တွေလည်း ပါနိုင်တယ်။ အဲ့ဒီအပေါ်မှာ ရွှေသင်္ကန်းဆိုပြီးတော့ ရွှေရောင်သုတ်တဲ့အခါကျတော့လည်း အောက်ခံဆေးတွေ အများကြီး သုတ်ကြတယ်။ အောက်ခံဆေးထဲမှာ ဘာတွေပါမလဲမသိဘူး။ အဲ့ဒါကြောင့် “ရှေးဟောင်းဆေး အထပ်ထပ်သုတ်ထားတဲ့ ရှေးဟောင်း ဆေးဟောင်းတွေကို အကုန်လုံး ခွာချ။ ခွာချပြီးတော့မှ တို့ ဆေးအသစ်ပြန်သုတ်မယ်” အဲ့ဒါကို ဘုန်းကြီးတို့ရဲ့ technician ကျော်သူအောင်နဲ့ အင်ဂျင်နီယာကြီး စောထွေးဇော်တို့နဲ့ တွက်ချက်စိတ်ကူးရလာလို့ ဂေါပကအဖွဲ့နဲ့ ဆွေးနွေးတော့ ဂေါပကအဖွဲ့ကလည်းပဲ သဘောတူတယ်။ အဲ့ဒါနဲ့ အဟောင်းတွေ ခွာကြရော။

ခွာလည်း ခွာလိုက်ရော အချပ်လိုက်၊ အချပ်လိုက် အဲ့ဒါကြီးတွေ လာတွေ့တယ်။ ချိုးကြည့်ရင် မနည်းချိုးယူရတယ်။ “ကော်တွေ ပါနေတာ တော်တော်သေချာတယ်”လို့ ခန့်မှန်းရတယ်။ အင်္ဂတေကျိုးတွေက အချပ်လိုက်၊ အချပ်လိုက်။ အဲ့ဒါတွေကို ဘုရား ဂေါပက ဒကာကြီးတွေကို ဘုန်းကြီးကမှာထားတယ်။ “သေသေချာချာ သိမ်းထား။ ရှေးလူဟောင်းတွေ လှူသွားတဲ့ ဘုရားသင်္ကန်းတော်တွေ”။
ပုညရှင်က ခွာလိုက်တဲ့ အင်္ဂတေတွေကို စုပြီးတော့ ပေါရာဏစေတီလေးတည်သလို၊ ကောင်းမှုတော်စေတီကြီးက ခွာထုတ်လိုက်တဲ့ ဆေးအဟောင်း အဟောင်း အဟောင်း အဲ့ဒါနဲ့ တပေါင်းတည်း ပါသွားတဲ့ အင်္ဂတေ အဆွေးအဟောင်းတွေ နည်းနည်းနောနော မဟုတ်ဘူး။ “ဂေါပက ဒကာကြီးတွေ သိမ်းထားတယ် မဟုတ်လား။ ဘယ်လောက်များလဲ။ ဆယ်ဘီးကား ဘယ်နှစီးတိုက်လောက် ရှိလဲ” ၃ စီးတိုက်လောက် ရှိတယ်။ အဲ့ဒါ ရှေးလူဟောင်းတွေရဲ့ ကောင်းမှုအဟောင်းတွေရဲ အဆွေးအမြေ့တွေ မို့လား”။

ရှေးလူတွေကို ဘုန်းကြီးတို့ လေးစားတယ်။ ရှေးလူဟောင်းတွေရဲ့ အမွေကို လေးစားတယ်။ အဲ့ဒါကြောင့် ဒကာကြီးတွေ သိမ်းထား။ ဘုန်းကြီးတို့ တမ္ပဝတီတို့ဘက်မှာလည်း တိုင်ပင်ပြီးတော့ ဒီ စေတီတော်အင်္ဂတေ အဟောင်းအဆွေးတွေကို စေတီလေးတစ်ဆူတည်ဖို့ရာအတွက် ဘုန်းကြီးတို့ ပုံထုတ်မယ်။ အဲ့ဒီ အဟောင်းအဆွေးကို အကုန်ပေါင်းပြီးတော့ အဲ့ဒီထဲ တည်မယ်။ လမ်းကြိုလမ်းကြား ချုံကြိုချုံကြား မပစ်ဘဲနဲ့ စေတီဟောင်းလေးတစ်ခုကို စေတီသစ်လေးသဖွယ် ပြန်ပြီးတော့ တည်ကြရအောင်။ “ပေါရာဏရာဇာမဏိစူဠာစေတီ” ဆိုတာ တစ်ဆူ ဖူးကြတာပေါ့။
ဒို့ ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ
***********
စနစ် ..ဘုန်းကြီးတို့ ပြောပါတယ်။ ရှင်မဟာကဿပမထေရ်ကြီး မိန့်ကြားတဲ့ စနစ်အတိုင်းဘုန်းကြီးတို့ အဟောင်းပြင်ခြင်းကို ဘုရားအဆူဆူ ချီးမွမ်းတယ်။ ဒီတော့ တဆက်ထဲပဲ ခုနက စကားရပ်ကို ပြန်ကောက်မယ်။

ဘာပြန်ကောက်မလဲဆိုတော့ ဒကာကြီးတို့ ဆိုတဲ့ နိုင်ငံတော်သီချင်းမှာ “ဒို့ ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ။” ကိုယ့်အိမ်၊ ကိုယ့်ခြံထဲမှာ ကိုယ်ကိုယ်တိုင်သိမ်းထားတဲ့ စိန်ထုပ်ကြီးတွေ၊ ရွှေထုပ်ကြီးတွေ၊ အဖေ့လက်ထက်က၊ အမေ့လက်ထက်က ရခဲ့တဲ့အမွေတွေ ရှိတယ်လို့ ဆိုရင် ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်ခြံထဲက၊ ကိုယ့်သေတ္တာထဲက စိန်ထုပ်ကြီးတွေကို ဟိုဘက်အိမ်သွားပေးပြီးတော့ “ဟေး.. မင်းတို့ အဲ့ဒါ သိမ်းထားစမ်းကွာ” ဆိုပြီးတော့ အဲ့ဒါမျိုး ဘယ်သူ အပ်သလဲ။ ဘယ်သူမှ မအပ်ဘူး။ ကိုယ့်အမွေအနှစ်၊ အဖေပေးတဲ့ အမွေအနှစ်၊ အမေပေးတဲ့ အမွေအနှစ်၊ ဘိုးဘွားပေးတဲ့ ကိုယ့်အမွေအနှစ် စိန်တုံး၊ ရွှေတုံးကို ကိုယ့်ခြံထဲက၊ ကိုယ့်အိမ်ထဲက၊ ကိုယ့်သေတ္တာထဲမှာ ကိုယ်ကိုယ်တိုင် စနစ်တကျထိန်း။ အဲ့ဒါက National Heritage ရဲ့ အဓိပ္ပာယ်။ ဘုန်းကြီးတို့က အဲ့ဒီစိတ်နဲ့ တရားဟောဖို့ ပြင်နေတာ။

ဘုန်းကြီးတို့ရဲ့ ကောင်းမှု တပြည်လုံး ဝမ်းသာပါစေလို့ပဲ ဘုန်းကြီးတို့ ဆုတောင်းပါတယ်
*********
ပုညရှင် ပြီးသွားပြီ။ ရတနင်္ဂရ ပြီးသွားပြီ။ ထူပါရုံပြီးသွားပြီ။ ကောင်းမှုတော်ကြီး အခု ပြီးစီးအောင်မြင်သွားပြီ။ ဖြူဖြူလုံးလုံးကြီး မြင်ရလို့ တစ်ပြည်လုံး ဝမ်းသာနေကြတယ်။ သူများ ဝမ်းသာတယ်ဆိုတာ ကြားရရင် ဘုန်းကြီးတို့လည်းပဲ ဝမ်းသာတာပေါ့ဗျာ။ “တစ်တိုင်းလုံး တစ်ပြည်လုံး အမြဲတမ်း ဝမ်းသာနေကြပါစေ” ဆိုတာပဲ ဘုန်းကြီးတို့ ဆုတောင်းပါရစေတော့။ တခြား ဘာမှ မမျှော်လင့်ဘူး။
ဝမ်းပန်းတသာ နေရခြင်းဟာ နိဗ္ဗာန်အနားမှာရောက်နေသလိုပဲ “အားလုံး တစ်ပြည်လုံးက တိုင်းသားပြည်သူ၊ လူ၊ ရှင် အားလုံး ဝမ်းသာနေကြပါစေ” လို့ပဲ ဆုတောင်းပါတယ်။ ဝမ်းသာအောင် နှလုံးသွင်းတတ်ခြင်းက ညီညွတ်ခြင်းရဲ့ အခြေခံအုတ်မြစ်။ ဝမ်းမြောက်နိုင်တယ်ဆိုရင် ညီညွတ်ခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ “ဝမ်းမမြောက်နိုင်ကြဘူးဟေ့” ဆိုရင် ညီညွတ်ခြင်းက တဖြေးဖြေး ချိနဲ့လာတယ်။
အဲ့ဒါကြောင့် ကောင်းမှုတော် စေတီတော်ကြီးကို ကြည့်ပြီးတော့ အားလုံး ဝမ်းသာကြည်နူးနိုင်ကြပါစေ။ အထူးသဖြင့် ဘိုးတွေဘွားတွေ ရှေ့မင်းတွေရဲ့ အမွေအနှစ်ကို ဆက်ခံပြီးတော့ ဘုန်းကြီးတို့ ပရိသတ်ရေ ရွှေတိဂုံစေတီတော်ကြီး ဘုရားလက်ထက်က စတယ်နော်။ နှစ်ပေါင်း ၂၆၀၀ ခရီးရောက်ပြီ။ ရွှေတောင်ကြီးပေါက်သလိုပဲ။ ထီး၊ စိန်ဖူး၊ ငှက်မြတ်နား ကြည့်လိုက်တယ်။ စိန်တွေ၊ ရွှေတွေ၊ အတုံးလိုက်အတစ်လိုက်။ ဘုန်းကြီးတို့ သမိုင်းစာအုပ်တွေ ဖတ်ကြည့်တယ်။ နှစ်ပေါင်း ၂၆၀၀ ခရီးမှာ (၃၇) ကြိမ် ပြင်ပြီးပြီတဲ့။ ဘယ်သူတွေ ပြင်တာတုန်း။ မြန်မာနိုင်ငံက ဘုရားသာသနာ ကြည်ညိုတဲ့ မင်းအဆက်ဆက် ပြင်တာ။

မြန်မာ့အမွေနှစ်ထိန်းသိန်းဖို့ မြန်မာနိုင်ငံသားအားလုံးရဲ့ တာဝန်
*************
အဲ့ဒါကြောင့်မို့လို့ “တို့ ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ” ဆိုတဲ့ ဒီစိတ်ဓာတ်က ချစ်နေသမျှ ကာလပတ်လုံး Cultural Heritage - ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ Religious Heritage - ဘာသာရေးအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ National Heritage - တစ်မျိုးသားလုံးရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ တိုင်းသူ ပြည်သား၊ ဒီနိုင်ငံမှာမွေးတဲ့၊ ဒီဘုရားတွေရဲ့ အရိပ်ကို ခိုလှုံနေတဲ့ ဒီလူသားအားလုံး၊ မြန်မာတစ်မျိုးသားလုံး၊ မြန်မာနိုင်ငံသားအားလုံးရဲ့ တာဝန်ပါပဲလို့ အဲ့ဒါကို ဘုန်းကြီးတို့ ဒီနေ့ အလေးအနက် ပြောလိုပါတယ်။

အဲ့ဒီ တာဝန်တစ်ရပ်ကို စစ်ကိုင်းတိုင်း အစိုးရနဲ့ တွဲဖက်လို့၊ ဂေါပက အဖွဲ့နဲ့ တွဲဖက်လို့၊ စစ်ကိုင်းသူ စစ်ကိုင်းသားတွေနဲ့ တွဲဖက်လို့၊ အထူးသဖြင့်တော့ အောင်ပြည်တန်ကုမ္ပဏီရဲ့ technician များနဲ့ တွဲဖက်လို့ လုပ်ကိုင်ဆောင်ရွက်ရလို့ ဘဝမှာ ဘုန်းကြီးတို့ အလွန်ပျော်တဲ့အကြောင်း၊ ဝမ်းမြောက်ကြည်နူးတဲ့အကြောင်း၊ ကြားကြားသမျှလည်း အားလုံးဝမ်းမြောက်အောင် နှလုံးသွင်းနိုင်ကြပါစေလို့ ဆုတောင်းပြီးတော့ ဘုန်းကြီးရဲ့ သြဝါဒကို ဒီမှာပဲ နိဂုံးချုပ်ပါပြီ။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိတော်မူကြပါစေကုန်သတည်း။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 2 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈