Gazette

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်များအသင်း ပဉ္စမအကြိမ်မြောက် အစည်းအဝေး အဖွင့်မိန့်ခွန်း

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ၂၇-၂၉၊ နိုဝင်ဘာလ၊ ၂၀၁၈

ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်တို့ဘုရား-
အထူးသဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်ကို စောင့်ရှောက်ထိန်းသိမ်းတော်မူကြကုန်သော သံဃာတော် အရှင်သူမြတ်တို့ဘုရား-

ဒီကနေ့ သီရိလင်္ကာနိုင်ငံဆိုတဲ့ Dhamma Land- The Land of Dhamma ထေရဝါဒဗုဒ္ဓတက္ကသိုလ်မှ ထေရဝါဒသံဃာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရ၊ စကားပြောခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

တပည့်တော်တို့ ထေရဝါဒတက္ကသိုလ်များအသင်းကို ဗုဒ္ဓတက္ကသိုလ်, ကောလိပ်ပေါင်း (၂၇) ခုတို့ဖြင့် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ၂၀ဝ၇-ခုနှစ်က စတင်တည်ထောင်ထားတာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ စည်းလုံးညီညွတ်ခြင်းဟာ ခိုင်မာသောအင်အား(United Sangha is strong strengh of Buddha Sasana) (မှတ်ချက်- သုခါ သံဃဿ သမဂီ်္ဂ ) ဟူသော ဘုရားစကားတော်ကို အမှီပြုပါသည်။ ဒီကနေ့မျက်မှောက်ခေတ် ထေရဝါဒသာသနာတော်၏ အနေအထားမှာ ဘာသာခြားတို့၏ ထိုးဖောက် စိမ့်ဝင်ခြင်းကို ထေရဝါဒနိုင်ငံတိုင်း တစိမ့်စိမ့်ခံနေ ရပါသည်။ ထေရဝါဒဗုဒ္ဓသာသနာ နယ်မြေတော်တော်များများ လက်လွတ်ဆုံးရှုံး၍ တဖြည်းဖြည်းကျဉ်းကျုံ့လာသည်ကိုလည်း တွေ့ရသည်။ အနောက်တိုင်းသို့ဖြစ်စေ၊ အရှေ့တိုင်းသို့ဖြစ်စေ ထေရဝါဒဗုဒ္ဓသာသနာတော်၏ ထိုးဖောက်ဝင်ရောက်မှု အရှိန်အဟုန်မှာ အလွန်အားပျော့နှေးကွေး နေပါသည်။ ထေရဝါဒနိုင်ငံများရှိ သံဃာတော်များ၏ ပိဋကတ်သုံးပုံကို သင်ကြားပို့ချရာ၌လည်း သဒ္ဓါ၊ ဝီရိယ တဖြည်းဖြည်းခေါင်းပါးလာနေသည်ကိုလည်း တွေ့မြင်နေရပါသည်။

“သာသနဿ ဌိတိယာ ပရိယတ်္တိယေဝ ပမာဏံ ”လို့ အဋ္ဌကထာဆရာများ မိန့်မှာတော်မူချက်အရ သာသနာတော်အရှည်ခန့်၍တည်တံ့ဖို့ရန် ပိဋကတ်သုံးပုံကို အဋ္ဌကထာ, ဋီကာနှင့်တကွ တွဲဖက်၍ လေးလေးနက်နက် စနစ်တကျသင်ကြားပို့ချခြင်းသည်သာလျှင် ပဓာနအလုပ်ဖြစ်ကြောင်း တပည့်တော်တို့ ထေရဝါဒတက္ကသိုလ်များ၏ ခေါင်းဆောင်သံဃာတော်များ သတိပြုတော်မူကြရန် ဖြစ်ပါသည်ဘုရား။ တပည့်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ ဗုဒ္ဓတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများကို တပည့်တော်တို့ရေးဆွဲရာ၌ ပိဋကတ်သုံးပုံကိုသာလျှင် နောက်ခံကျောရိုးအဖြစ် အခိုင်အမာပြု၍ ရေးဆွဲသင်ကြားပို့ချနေပါသည်ဘုရား။ အင်္ဂုတ္တရနိကာယ်၌ သာသနာကွယ်ကြောင်း တရားအပေါင်းကို သုတ္တ္တန်သုံးခုတို့ဖြင့် မြတ်စွာဘုရား ဟောထားတော်မူပါသည်။
ပထမသဒ္ဓမ္မသမ္မောသ သုတ်၌ သာသနာကွယ်ကြောင်း တရားတို့ကို-

၁။ သံဃာတော်တို့သည် ပိဋကတ်သုံးပုံကို ကောင်းမွန်ရိုသေစွာ သင်ကြားပို့ချခြင်းတို့ မပြုကြဘူး။

၂။ သံဃာတော်တို့သည် ပိဋကတ်သုံးပုံကို ရိုသေကောင်းမွန်စွာ သင်ယူနာကြား ကြခြင်းလည်း မရှိကြဘူး။

၃။ သံဃာတော်တို့သည် ပိဋကတ်သုံးပုံကို ကောင်းမွန်ရိုသေစွာ နုတ်တိုက်အာဂုံ ဆောင်ထား ခြင်းလည်းမရှိကြဘူး။

၄။ သံဃာတော်တို့သည် ဆောင်ထားသော ပိဋကတ်တို့၏ အနက်အဓိပ္ပါယ်ကိုလည်း ကောင်းစွာ, လေးနက်စွာ ဆင်ခြင်သုံးသပ်ခြင်းမရှိကြဘူး။

၅။ သံဃာတော်တို့သည် သင်ယူပြီးသား ပိဋကတ်တော်များကိုလည်း ကောင်းစွာ လိုက်နာ ကျင့်သုံခြင်း မရှိကြဘူး။

ဤအချက်(၅)ချက်တို့သည် သာသနာတော်ကွယ်ကြောင်း၊ မှေးမှိန်ခြင်း၏အကြောင်းတို့ ဖြစ်ကုန်၏ဟု ဟောတော်မူထားပါသည်။ သို့ဖြစ်ခြင်းကြောင့် သံဃာတော်အရှင်သူမြတ်တို့ဘုရား ပိဋကတ်သုံးပုံတည်းဟူသော ဓမ္မဝိနယတို့ကို လေးနက်စွာပို့ချဖို့၊ လေးနက်စွာသင်ယူဖို့၊ နှုတ်တိုက် အာဂုံဆောင်ထားကြဖို့၊ အနက်အဓိပ္ပါယ်ကို လေးနက်စွာနားလည်အောင်ဆင်ခြင်ဖို့၊ ဓမ္မဝိနယ အားလျော်စွာ ကျင့်သုံးနေထိုင်ကြဖို့ ရှေးဦးစွာလျှောက်ထား လိုပါသည်ဘုရား။
ချစ်ခင်လေးစားရပါသော သံဃာတော်အရှင်သူမြတ်တို့ဘုရား--
ဒုတိယသဒ္ဓမ္မသမ္မောသ သုတ်မှာ မြတ်စွာဘုရားက-

၁။ ပိဋကတ်သုံးပုံကို ပြည့်စုံနှံ့စပ်စွာ သင်ကြားဖို့ ရှေးဦးစွာတိုက်တွန်းထားပါသည်။

၂။ ပိဋကတ်သုံးပုံကို နှံ့စပ်ပြည့်စုံစွာ အကျယ်တဝင့် ဟောကြားဖို့လည်း တိုက်တွန်း ထားပါသည်။

၃။ ပိဋကတ်သုံးပုံကို အဋ္ဌကထာ, ဋီကာနှင့်ညှိ၍ အကျယ်ပို့ချဖို့လည်း တိုက်တွန်းထား ပါသည်။

၄။ ပိဋကတ်သုံးပုံကို နှုတ်တိုက်အာဂုံဆောင်ထား၍ အဆက်မပြတ် ရွတ်ဖတ်သရဇ္ဈယ် ဖို့ကိုလည်း တိုက်တွန်းထားပါသည်။

၅။ သုတ်, ဝိနည်း, အဘိဓမ္မာကို အဋ္ဌကထာ, ဋီကာနှင့်ညှိ၍ အကျယ်တဝင့် စဉ်းစား ဆင်ခြင်ဖို့လည်း မိန့်တော်မူပါသည်။

ဤမိန့်မှာချက်(၅)ခုအတိုင်း လိုက်နာကျင့်သုံးနိုင်ကြလျှင် ထေရဝါဒဗုဒ်္ဓသာသနာ အရှည်ခန့်၍ တည်တံ့ကြောင်း ဖြစ်ပါလိမ့်မည်။ ဤညွှန်ကြားချက်များကို လိုက်နာကျင့်သုံးခြင်း မရှိလျှင် သာသနာကွယ်ခြင်း၏ အကြောင်းများဖြစ်သည်ကို သတိပြုဆင်ခြင်တော်မူကြရန် ဒုတိယလျှောက်ထား လိုပါသည်ဘုရား။

ချစ်ခင်လေးစားရပါသော ထေရဝါဒညီနောင် သံဃာတော်အရှင်သူမြတ်တို့ဘုရား--
တတိယသဒ္ဓမ္မသမ္မောသ သုတ်မှာ ဟောကြားတော်မူထားသော သာသနာကွယ်ကြောင်း၊ တည်ကြောင်း တရားအပေါင်းတို့ကိုလည်း တင်ပြလျှောက်ထားအပ်ပါသည်ဘုရား။ ပါဠိတော်၌-
ဣဓ ဘိက္ခဝေ ဘိက္ခူ ဒုဂ္ဂဟိတံ သုတ္တန္တံ ပရိယာပုဏန်္တိ ဒုန်္နိက်္ခိတ္တေဟိ ပဒဗျဉ္ဇနေဟိ။ ဒုန်္နိက်္ခိတ္တေ္တဿ ဘိက္ခဝေ ပဒဗျဉ္ဇနဿ အတ္တောပိ ဒုန္နယော ဟောတိ။ အယံ ဘိက္ခဝေ ပဌမော ဓမ္မော သဒ္ဓမ္မဿ သမ္မောသာယ အန္တရဓာနာယ သံဝတ္တတိ။ စသည်ဖြင့် ဟောတော်မူပါသည်။

ဤပထမအချက်၌ တပည့်တော်ငယ်စဉ်အခါ ပါဠိသဒ္ဒါကျမ်းများကို စတင်သင်ကြား စဉ်အခါက ကစ္စည်းသဒ္ဒါကို စတင်သင်ကြားခဲ့ရပါသည်။ ထိုကစ္စည်းသဒ္ဒါကျမ်း၌ အစဆုံးသုတ် ဖြစ်သော “အထ္ထော အက္ခရ သညာတော” ဟူသော သုတ်ကို ဖွင့်ဆိုရာ၌ ဝုတ်္တိကိုရေးသော သံဃနန်္ဒီမထေရ်က “အက္ခရ ဝိပ္ပတ်္တိယံဟိ အတ္ထဿ ဒုန္နယတာ” ဟု ဖွင့်ဆိုပါသည်။ အဓိပ္ပါယ်မှာ အက္ခရာ, ပဒ ပျက်စီးလျှင် အနက်အဓိပ္ပါယ်ပါပျက်စီးသည်ဟု ဆိုပါသည်။ တပည့်တော် စာများများကြည့်နိုင်သည့်အချိန် အရွယ်ရောက်တော့ ကစ္စည်းကျမ်းအဖွင့်ဖြစ်သော ရူပသဒ်္ဓိကျမ်းများ၊ သုတ္တနိဒ္ဒေသ ကျမ်းများ နျာသကျမ်းများကို အချိန်ယူ၍ ဖတ်ကြည့် မိပါသည်။ သုတ္တနိဒ္ဒေသ ကျမ်းမှာ အက္ခရာ, ပုဒ်, ပါဒ် ပျက်စီးခြင်းကြောင့် အနက်အဓိပ္ပါယ် ပျက်စီး သွားသော တစ်နည်းပြောရလျှင် ပရိယတ်္တိသာသနာပျက်စီးခြင်းကြောင့် ပဋိပတ်္တိသာသနာပါ ပျက်စီး သွားသော ပုံပြင်ဝတ္တုတစ်ခုကို ဖတ်ရပါသည်။ ထိုဝတ္ထုမှာ အောက်ပါအတိုင်းဖြစ်သည်။

စာပေမတတ်သော ယောဂီတစ်ယောက်သည် ကမ္မဋ္ဌာန်းဆရာတစ်ပါးထံ၌ ကမ္မဋ္ဌာန်းတောင်း ၏။ ကမ္မဋ္ဌာန်းဆရာက “ဥဒယ, ဝယ”ကို ရှုပါဟု ကမ္မဋ္ဌာန်းပေးလိုက်ပါသည်။ ထိုယောဂီသည် ဆရာ့ထံ၌ ကမ္မဋ္ဌာန်းကို သင်ကြားစဉ်က ဥဒယ, ဝယ ဖြစ်ခြင်းနှင့်ပျက်ခြင်းဟု မှတ်သားခဲ့ ပါသော်လည်း မေ့လျှောခြင်းအားကြီးသော ထိုယောဂီသည် သူ၏နေရာသို့ ရောက်သောအခါ “ဥဒယ, ဝယ”ကို “ဥဒက, ဗက”ဟု ရေးမှတ်မှားလေသည်။ သူတရား အားထုတ်သောနေရာသည် ရေကန်ကြီးတစ်ခု၏ကမ်းပါးသစ်ပင်ရိပ်၌ ရေကိုကြည့်၍ အားထုတ်နေခြင်းဖြစ်သည်။ ရေကန် ထဲ၌ ဗျိုင်းတို့လည်း ငါးရှာ၍နေကြလေ၏။ ထိုအချင်းအရာကိုမြင်သော ထိုပညာမဲ့သော ယောဂီသည် “ဥဒယ, ဝယ” ဟု ရေးရမည့်အစား “ဥဒက, ဗက” ဟု ရေးမှတ်မှား၍ ထိုပုဒ်ကို ဘာသပြန်ပြီးရှုမှတ်လေရာ သူ၏ကမ္မဋ္ဌာန်းသည် ရေနှင့်ဗျိုင်း ကမ်္မဋ္ဌာန်း ဖြစ်ရလေတော့၏။ ပရိယတ်္တိသာသနာ ပျက်စီးခြင်းကြောင့် ပဋိပတ်္တိ သာသနာလည်း ပျက်စီးရလေ၏။ ပဋိပတ်္တိ သာသနာ ပျက်စီးခြင်းကြောင့် ပဋိဝေဒလည်း ဆုံးရှုံးကွယ်ပျောက် ခဲ့ရပါသည်ဘုရား။
ထို့ကြောင့် သံဃာတော်အရှင်သူမြတ်တို့ဘုရား-

၁။ ပါဠိ ပိဋကတ်တို့ကို ပါဠိ သဒ္ဒါ နည်းကျကျ သင်ကြားပို့ချဖို့ အထူးလိုအပ်ကြောင်း ရှေးဦးစွာ လျှောက်ထားလိုပါသည်။

၂။ တပည့်စာသင်သားများသည် ဆရာသမားတို့၏ ပြောဆိုဆုံးမခြင်းကို လွယ်ကူစွာ နာခံနိုင်ကြရမည်ဖြစ်ပါသည်။

၃။ ဓမ္မ ဝိနယကို နှုတ်ဆင့်ကမ်း၍ ပို့ချသင်ယူတော်မူကြရန် ဖြစ်ပါသည်။

၄။ စိတ်ငြိမ်ရာအရပ်၌ ပျော်ပိုက်စွာ နေနိုင်ကြဖို့နှင့် ပြင်းထန်သောဝီရိယဖြင့် သင်ယူ ကျင့်သုံးကြဖို့ လိုအပ်ပါသည်။

၅။ သံဃာတော်များအားလုံး တစ်ပါးနှင့်တစ်ပါး, တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း တစ်နိုင်ငံနှင့် အခြားတစ်နိုင်ငံ အချင်းချင်းတို့ ဝမ်းမြောက်ဖွယ်ရာများကိုသာ နှလုံးသွင်းတော်မူ ကြ၍ ကဲ့ရဲ့ဖွယ်တို့ကို ရှောင်ရှား၍ စည်းလုံးညီညွတ်စွာ ကျင့်သုံးတော်မူကြရန် ဖြစ်ပါသည်ဘုရား။

ဤသာသနာကွယ်ကြောင်း, သာသနာတည်ကြောင်းတရားအပေါင်း ငါးခုသုံးလီတို့ကို အင်္ဂုတ္တရ နိကာယ်၌ မြတ်စွာဘုရားဟောကြားတော်မူထားကြောင်းကို တပည့်တော်ရိုသေစွာ လျှောက်တင်အပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား။

နိဂုံးချုပ်တပည့်တော်ထပ်မံ၍ လျှောက်ထားလိုသည်မှာ ရှင်မဟာကဿပမထေရ်သူမြတ်က မြတ်စွာဘုရားကို လျှောက်ထားပါသည်။ မြတ်စွာဘုရား- ရှေးယခင် မြတ်စွာဘုရား ငယ်ရွယ်တော်မူစဉ် ပထမဗောဓိအတွင်းမှာ (မှတ်ချက်- ပထမဗောဓိဆိုတာ မြတ်စွာဘုရား၏ ဝါတော် (၂၀)အတွင်းကို ဆိုလိုပါသည်။) ရဟန္တာဖြစ်သော ပုဂ်္ဂိုလ်တွေဟာ အလွန်များပါသည်။ သို့သော် ယခုဒုတိယဗောဓိကာလ၌ (မှတ်ချက်- ဒုတိယဗောဓိဆိုသည်မှာ (၂၁)ဝါ၏နောက်ပိုင်း ပရိနိဗ္ဗာန် စံသည်အထိ (၂၅)ဝါကို ဆိုလိုသည်။) ရဟန္တာဖြစ်သော ပုဂ်္ဂိုလ်များ တဖြည်းဖြည်း နည်းပါး လာသည်ကို တွေ့ရပါသည်။ အဘယ့်ကြောင့်ပါနည်းဟူ အရှင်မဟာကဿပမထေရ်မြတ်က မေးလျှောက်ပါသည်။ ဤနေရာ၌ မြတ်စွာဘုရား၏အဖြေကို အကျဉ်းချုပ် ဖေါ် ပြလိုပါသည်။ “အို ချစ်သားကဿပ ရွှေအတုတွေမပေါ်ပေါက်သေးသမျှ၊ မပေါများသေးသမျှ ကာလပတ်လုံး ရွှေအစစ်တွေ တန်ဖိုးကြီးမားနေလိမ့်ဦးမည်။ မပျောက်ကွယ်ဘဲ ရှိနေလိမ့်ဦးမည်။ ရွှေအတုတွေ ပေါများလာသောအခါ လူ့လောကကြီးသည်လည်း ဆင်းရဲလာသည်ဖြစ်ခြင်းကြောင့် ရွှေအစစ်များကို မသုံးစွဲနိုင်ကြတော့ဘဲ ရွှေအတုများကိုသာ သုံးစွဲနှစ်ခြိုက်၍ နေကြလိမ့်မည်” ဟု မိန့်တော်မူပါသည်။ “သဒ္ဓမ္မ ပဋိရူပက ပရိယတ်္တိ” တည်းဟူသော ပိဋကတ်သုံးပုံနှင့် ပဋိပတ်္တိ နည်းဟူသော ဝိပဿနာနည်း အတုအယောင်များသည် မပေါ်ပေါက်သေးသမျှ ငါဘုရား၏ သာသနာတော် မကွယ်ပျောက်နိုင်သေးဟု မိန့်တော်မူပါသည်။ ပရိယတ်, ပဋိပတ် အတု အယောင်တွေ ပေါများလာလျှင် ပရိယတ်, ပဋိပတ် အစစ်တွေ ကွယ်ပျောက်နိုင်သည်ဟု မြတ်စွာဘုရား ပြောကြားတော်မူပါသည်။ သဒ္ဓမသုံးဖြာ သာသနာတော်ကို မြေနှင့်ဖို့၍လည်း မပျက်စီးနိုင်၊ ရေမှာနှစ်၍လည်း မပျက်စီးနိုင်၊ လေနှင့်တိုက် ၍လည်း မပျက်စီးနိုင်၊ မီးရှို့၍လည်း မပျက်စီးနိုင်ပါ။ တကယ် စင်စစ်တော့ သာသနာတွင်းသား ရဟန်းတော်များ၏ သင်ကြားပို့ချမှု, သင်ယူမှု, ကျင့်သုံးမှု အားနည်းလာခြင်းကြောင့်သာ ပျက်စီးနိုင်သည်ဟု မိန့်တော်မူပါသည်။

ဤနေရာ၌ အဋ္ဌကထာ ဆရာကြီး ဗုဒ္ဓဃောသက မှန်းဆ၍ သာသနာတော်ယုတ်လျော့လာခြင်း အခြေအနေကို တင်ပြထားပါသည်။ မြတ်စွာဘုရား၏ ပထမဝါတော်(၂၀) အတွင်း၌ ပဋိသမ်္ဘိဒါပတ္တရဟန္တာ ကြီးများ ဖြစ်ထွန်းသည်ကို များစွာတွေ့ရသော်လည်း ဒုတိယဗောဓိသို့ ရောက်သောအခါ ပဋိသမ်္ဘိဒါပတ္တရဟန္တာအဖြစ်နည်းသွားပြီး ဆဠဘိညရဟန္တာများသာ ဖြစ်လာတော့သည်ကို တွေ့ရသည်ဟု ရေးသားထားပါသည်။ သူကိုယ်တိုင် အဋ္ဌကထာရေးသောခေတ် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးနောက် နှစ်(၉၀ဝ)ခန့်တွင် တေဝိဇ္ဇပတ္တရဟန္တာ ပုဂ်္ဂိုလ်များကိုတောင် မတွေ့ရတော့ပါဟု ဆိုပါသည်။ သူ၏ခန့်မှန်းရေးသားချက်များ ဖြစ်ပါသည်။

ထို့ကြောင့် သံဃာတော်အရှင်သူမြတ်များဘုရား-
သင်ကြားခြင်းနှင့် ကျင့်သုံးခြင်းသည် တဖြည်းဖြည်းအားနည်းလာရခြင်းမှာ သဒ္ဓါ, ဝီရိယများ ဆုတ်ယုတ်လာခြင်းက အဓိကအကြောင်းအရင်း ဖြစ်ပါသည်။ တရားစစ်တရားမှန်တို့ကို တရားတု၊ တရားယောင်များက လွှမ်းမိုးလာခြင်းသည်လည်း ဒုတိယအကြောင်းအရင်း တစ်ခုဖြစ်ပါသည်။ သို့ဖြစ်ခြင်းကြောင့် ချစ်ခင်လေးစားရပါသော သာသနာ့ဝန်ထမ်း ညီတော်၊ နောင်တော် အပေါင်းတို့ဘုရား- တပည့်တော်တို့တစ်တွေသည် ပရိယတ်နှင့် ပဋိပတ်ကို လေးနက်စွာ သင်ကြားတော်မူကြ၍ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ ဗိုလ်ငါးပါး (Five energy) ဖြင့် ဗုဒ္ဓသာသနာတော်ကို-

၁။ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊

၂။ ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင်ဆောင်ရွက်ခြင်း၊

၃။ ဗုဒ္ဓသာသနာတော်ကို ကာကွယ်စောင့်ရှောက်ခြင်း အလုပ်တို့ကို ထေရဝါဒညီနောင်သံဃာအားလုံး စည်းစည်းလုံးလုံး ညီညွတ်စွာ ဆောင်ရွက်သွားကြပါဟု လျှောက်ထားရင်း နိဂုံးချုပ်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-556 gazette-557 gazette-558 gazette-559

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 2 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈