Gazette

၁၆-၁၂-၂၀၁၆ နေ့ သီပေါမင်း နတ်ရွာစံ နှစ် (၁၀၀)ပြည့် အထိမ်းမှတ်၊ အိန္ဒိယနိုင်ငံ ရတနာဂီရိမှာ ကျင်းပတဲ့ အခမ်းအနားတွင် သီတဂူဆရာတော် မိန့်ကြားသော မမေ့နိုင်သောနေ့တစ်နေ့

လွန်လေပြီးသောနှစ်ပေါင်း တစ်ရာကြာသောနေ့ (၁၉၁၆-ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက် နေ့တုံးက မြန်မာတို့ရဲ့ဘုရင် သီပေါဟာ ဒီနေရာ (ရတနာဂီရိ)မှာ နတ်ရွာစံခဲ့ပါတယ်။ မန္တလေးရွှေနန်းတော်မှာဘွားတဲ့၊ မန္တလေးမြို့ကို တည်ထောင်ခဲ့တဲ့ မင်းတုန်းမင်းကြီး၏ သားတော်တစ်ပါးဖြစ်တဲ့ သီပေါမင်းဟာ ၁၉၁၆-ခုနှစ်၊ ဒီဇင်ဘာလ- ၁၆ ရက်နေ့မှာ သက်တော် (၅၈) နှစ်အရွယ်မှာ ကံတော်ကုန်ခဲ့ရပါတယ်။ မြန်မာတို့ရဲ့ ဘုရင်တစ်ပါးဟာ သူ့ရဲ့မွေးရာမြန်မာ့မြေ(မန္တလေး)မှာ မသေရဘဲ တခြားမြေမှာသေရတယ်။ မင်းတစ်ပါးရဲ့ စျာပနဟာ အကျဉ်းသားတစ်ယောက်ရဲ့ စျာပနကဲ့သို့ဖြစ်ရတာဟာ မြန်မာအမျိုးသား တစ်ရပ်လုံးရဲ့ ယနေ့တိုင် မမေ့နိုင်တဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ကြီးတစ်ခုဖြစ်ပါတယ်။ ဒါဟာ နယ်ချဲ့ကျူးကျော်သူတို့ရဲ့ ရိုင်းပြသော လုပ်ရပ်ကြီးတစ်ခု ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်မှာ ''ပပဉ္စ'' တရားသုံးပါး=နယ်ချဲ့တရား သုံးပါးလို့ ဟောထားတာ ရှိပါတယ်။ ၁၊ တဏှာ, ၂၊ မာန, ၃၊ ဒိဋ္ဌိ တို့ဖြစ်ပါတယ်။ ဒီကိလေသာသုံးပါး လွန်ကဲတဲ့ပုဂ္ဂိုလ်ဟာ ဘဝ သံသရာကို အလွန်ချဲ့တတ် ပါတယ်။ တဏှာ, မာန, ဒိဋ္ဌိ လွန်ကဲတဲ့သူတွေဟာ သံသရာရှည်မဲ့ ပုဂ္ဂိုလ်တွေ ပါဘဲ။
တဏှာ, မာန, ဒိဋ္ဌိ လွန်ကဲတဲ့ ဗြိတိသျှတွေဟာ ၁၅၉၉-ခုနှစ်မှာ အရှေ့အိန္ဒိယ ကုမ္ပဏီကို (British East India Company) တည်ထောင်ကာ လောဘရဲ့နယ်ကို ချဲ့ခဲ့တယ်။ ကြီးကျယ်တဲ့ ကုန်သည် အဖွဲ့ကြီးကို ဖွဲ့စည်းခဲ့တယ်။ အဲဒီကုန်သည်အဖွဲ့ကြီးဟာ လက်နက်ကိုင် ကုန်သည်အဖွဲ့ကြီး ဖြစ်တယ်။ အိန္ဒိယနိုင်ငံကြီးရဲ့ ကမ်းရိုးတမ်းတစ်လျှောက် ဟင်းခတ် အမွှေးအကြိုင်, သစ်, သစ်သီး, ကျောက်မျက် စတဲ့ ကုန်ပစ္စည်းတွေ အဓမ္မယူကြတယ်။ ဒေသခံ တိုင်းရင်းသားတွေကို ဖမ်းဆီးချုပ်နှောင်ပြီး သူတို့ရဲ့ အစေအပါး ကြေးစားစစ်သားတွေ အဖြစ် မွေးမြူခိုင်းစေကြတယ်။ အရှေ့တိုင်းသားတွေဟာ မယဉ်ကျေး ဘူး (Uncivilized) လို့ဆိုပြီး Civilize ဖြစ်အောင် အနောက်တိုင်းယဉ်ကျေးမှုအတိုင်း သိမ်းသွင်းကြပါ တယ်။ နယ်ချဲ့ပြင်သစ်တွေ ဝင်ရောက် လာပြန်တယ်၊ အင်္ဂလိပ်က တိုက်ထုတ်တယ်၊ အင်ဒိုချိုင်းနား ရောက်သွားကြတယ်။ ဒတ်ချ်တွေ ဝင်လာတယ်၊ မောင်းထုတ်တယ်၊ အင်ဒိုနီရှား ရောက်သွားကြတယ်။ ပါကစ္စတန်, အိန္ဒိယနှင့် မြန်မာမြေတို့ကို အပိုင် သိမ်းယူပြီး ရသမျှယူကြတယ်။

အိန္ဒိယပြည်ကြီးကို ဘုံဘေကစတင်သိမ်းပိုက်တယ်။ ထို့နောက် တောင်ပိုင်းက ပြင်သစ်တွေကို မောင်းထုတ်တယ်၊ မဒရပ်ကစပြီး အရှေ့တစ်ပိုင်းလုံးကိုသိမ်းတယ်။ ဘင်္ဂလားနယ်ထဲဝင်သွားတယ်။ ကာလကတ္တား မှာ အခြေစိုက်တယ်။ အင်္ဂလိပ်ကုန်သည်တွေဟာ ငြုပ်သီး၊ ငြုပ်ကောင်း စုဆောင်းရင်း ကိုလိုနီအစိုးရ ဖွဲ့နိုင်ကြပြီ။ ၁၈၅၇-ခုနှစ်၊ စက်တင်ဘာလမှာတော့ ဒေလီကို ချီတက်တိုက်ခိုက် သိမ်းပိုက် လိုက်ပါပြီ။ အိန္ဒိယပြည်ရဲ့ နောက်ဆုံးမူးဂါးဘုရင် Shah, Bahadur Zafar ကို နန်းချ ဖမ်းဆီးခဲ့ပါတယ်။ အိန္ဒိယရဲ့နောက်ဆုံးဘုရင်ကိုတော့ ဗမာပြည် ရန်ကုန်မြို့သို့ ပို့ခဲ့ပါတယ်။ ရွှေတိဂုံဘုရားတောင်ဘက်နားက သံလှောင်အိမ်နဲ့ ထားခဲ့တာ သေတဲ့အထိပါ။ ဗြိတိသျှပင်လယ်ဓားပြတွေဟာ အိန္ဒိယပြည်ကြီးတစ်ခုလုံးကို သိမ်းပိုက်ပြီးသောအခါ မြန်မာပြည် ဘက်ကို စစ်ဦးလှည့်ခဲ့ပါတယ်။ ၁၈၂၄-ခုနှစ်မှာဖြစ်တဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှာကတည်းက မြန်မာကမ်းမြောင် ဒေသတစ်ခုလုံး (ရခိုင်, မော်လမြိုင်မြို့, တနင်္သာရီ)ကို အင်္ဂလိပ်က သိမ်းယူပြီး ဖြစ်နေပါပြီ။ ၁၈၅၂-ခုနှစ် ဒုတိယအကြိမ် ဖြစ်သော အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ရန်ကုန်, ပဲးခူး, ပျဉ်းမနား, သရက်မြို့များအထိ မြန်မာပြည် အောက်ပိုင်းတစ်ဝက်လုံးကို မြန်မာဘုရင်တို့က အင်္ဂလိပ်တို့ကို ပေးလိုက်ရပါပြီ။ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ၁၈၈၅-ခုနှစ်၊ နိုဝင်ဘာလမှာ စစ်သား ၁ဝဝဝဝ ပါသော အင်္ဂလိပ်ရေတပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်၊ မန္တလေးမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ ရွှေနန်းတော်ဝင်ရောက်ပြီး မြန်မာဘုရင်သီပေါကို မိဖုရားများနှင့် တကွ ဖမ်းယူပြီး နွားလှည်းဖြင့်တင်မောင်းကာ သင်္ဘောပေါ် တင်ခဲ့ပါတယ်။ မန္တလေးမှ ရန်ကုန်-မဒရပ်မြို့သို့ခေါ်ဆောင် ခဲ့ပါတယ်။ မဒရပ်မှာ နှစ်အနည်းငယ်နေပြီးမှ ဤရတနာဂီရိသို့ ရောက်ခဲ့တာဖြစ်ပါတယ်။ အားလုံး သိကြတဲ့အတိုင်း သက်တော် ၅၈-နှစ်အရွယ် ၁၉၁၆-ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ ကွယ်လွန် ခဲ့တာ ဖြစ်ကြောင်း တင်ပြပါတယ်။ ဒါကြောင့် ဒီကနေ့ဟာ သီပေါဘုရင် ကွယ်လွန်ခြင်း နှစ်(၁ဝဝ) ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဗမာဘုရင်နဲ့ အိန္ဒိယဘုရင်တို့ဟာ ကံတူအကျိုးပေးတွေ ဖြစ်ကြပါတယ်။ ဗမာဘုရင်ကို အိန္ဒိယအပို့ခံရပြီးတော့ အိန္ဒိယဘုရင်ကို ဗမာပြည်အပို့ခံရတယ်။ ကိုယ့်တိုင်းပြည်မှာကိုယ် မသေကြရဘူး။ ထို့ပြင် အိန္ဒိယပြည်ရော ဗမာပြည်ပါ အင်္ဂလိပ်လက်အောက်ရောက်ပြီး အင်္ဂလိပ်ကိုလိုနီ ဖြစ်ကြရာမှာလည်း အတူတူပါဘဲ။ ကျွန်ုပ်တို့နှစ်နိုင်ငံနဲ့ ဘုရင်နှစ်ပါးဟာ ကံတူအကျိုးပေးတွေ ဖြစ်ကြ တယ်။

နိဂုံးချုပ်ပြောချင်တာက တဏှာ,မာန, ဒိဋ္ဌိ လွန်ကဲတဲ့ နယ်ချဲ့သမားတွေမှာ သတိ, ဝိရိယ, သတ္တိ, ပညာ အရည်အချင်းတွေ တွဲလျှက်ရှိနေတယ်ဆိုတာ ကျွန်ုပ်တို့ မငြင်းနိုင်ပါဘူး။ ဒါကြောင့် နေမဝင် အင်ပါယာကြီးကို တည်ဆောက်သွားနိုင်တာပေါ့။ ကျွန်ုပ်တို့ အရှေ့တိုင်းသားတွေဟာ ဗုဒ္ဓတို့ ဂျိနတို့, Jesus တို့, ကွန်ဖြူးရှပ်တို့, မိုဟာမက်တို့ ဆိုတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ရင်ခွင်မှာကြီးပြင်းလာကြပြီး နယ်ချဲ့တရားသုံးပါး တဏှာ, မာန, ဒိဋ္ဌိ တို့ကို ခေါင်းပါးအောင် ကျင့်ကြံအားထုတ် နိုင်ကြသော်လည်း သတိ, သတ္တိ, ဝိရိယ, ပညာ စတဲ့ အရည်အချင်းများနှင့် စွန့်စားခြင်း, စွန့်လွှတ်ခြင်း, စူးစမ်းခြင်း, တည်ထွင်ခြင်း Human Power, Mind Power တို့ကို ထူးချွန်ပြောင်မြောက်အောင် ကျင့်ကြံအားထုတ်မှု နည်းကြတဲ့ အတွက် နယ်ချဲ့လက်အောက် ကျရောက်ခဲ့ရ ခြင်းဖြစ်ပါတယ်။ ဘာသာရေးတည်ထောင်သူတွေဟာ အရှေ့ ကချည်း မွေးဖွားလာကြတာ ဖြစ်လို့ Religion နှင့် Culture က အရှေ့မှာ အလျှင်ထွန်းကားတာ ဖြစ်ပါတယ်။ သို့သော် နောက်မှပေါ်တဲ့ Western Culture ဖြစ်တဲ့ Science and Technology က နယ်ချဲ့စိတ်ဓာတ် (တဏှာ, မာန, ဒိဋ္ဌိ) ရှိသူတို့ လက်ထဲရောက် လာတဲ့အခါ ဘာသာရေးနဲ့ ယဉ်ကျေးစွာ နေကြသော အရှေ့တိုင်းသားတွေဟာ အနောက်ရဲ့ကျေးကျွန်တွေ ဖြစ်ကုန်ကြတာဘဲလို့ သုံးသပ်မိပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ အရှေ့တိုင်းသားအားလုံး သူ့တပါးကျွန်အဖြစ် ဘယ်တော့မှမကျရောက်အောင် ဝိရိယ္ထ, သတိ, ပညာ, သတ္တိ ဟူသော ပင်ကိုယ်လူ့စွမ်းရည်များနှင့် ပြည့်ဝအောင် ကြိုးစားကြပါ။ အဲဒီ ပင်ကိုယ်စွမ်းရည်တွေကို စူးစမ်းခြင်း, စွန့်စားခြင်း, တည်ထွင်ခြင်း, စွန့်လွှတ်ခြင်း, သစ္စာရှိခြင်း, စည်းရုံး ညီညွတ်ခြင်းတို့နှင့်ပေါင်းစပ်၍ ကိုယ့်တိုင်း,ကိုယ့်ပြည်, ကိုယ်ထီး, ကိုယ်ကြငန်းနှင့် လွတ်လပ်စွာနေနိုင် အောင် ကြိုးပမ်းအားထုတ်သွားကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်ပါသည်။

မမေ့နိုင်သောနေရာမှာ,
မမေ့နိုင်သောနေ့တစ်နေ့မှာ,
ဆုံတွေကြသော ကျွန်ုပ်တို့တစ်တွေ
ဒီလိုအဖြစ်မျိုး(သီပေါနှင့်ဇပါးရှားတို့ရဲ့အဖြစ်မျိုး)တွေကို ဘယ်တော့မှ မမေ့ကြပါစို့နဲ့
သီတဂူဆရာတော် အရှင်ဉာဏိဿရ (D.Litt., Ph.D. )
သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ
အဂ္ဂမဟာပဏ္ဍိတ
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-07

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 23 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈