Announcement

သီတဂူငြိမ်းချမ်းရေး ကြေညာစာတမ်း

၂၀၁၆ခုနှစ်၊ ဇန္နဝါရီလ (၂၄)ရက်

ဒီကနေ့ (၂၄-၁-၂၀၁၆) ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေး ညီလာခံ (The World Buddhist Peace Conference)၏ တတိယမြောက်နေ့ (နောက်ဆုံးနေ့) ညနေပိုင်းကို နေ့လည် (၁:ဝဝ)နာရီက စသည်၊ Panel Discussion ဖြစ်သဖြင့် Moderator အဖြစ် ဒေါက်တာ အရှင်စန္ဒာသိရီ၊ ဒေါက်တာ သုဂန္ဓော၊ ဒေါက်တာဓမ္မသာမိတို့က ဆောင်ရွက်သည်။ ပြည်ပမှ ပညာရှင်များက စာတမ်းတင်သွင်း ဆွေးနွေးကြသည်။

အားလုံးဆွေးနွေးကြအပြီး အစည်းအဝေးကြီး၏ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းကြေညာစာတမ်းကို ပညာရှင်အားလုံးက လက်မှတ်ထိုးပြီး ကြေညာသည်။

ထိုကြေညာစာတမ်း မြန်မာ အင်္ဂလိပ်နှစ်ဘာသာဖြင့် ကြေညာသည်၊ သီတဂူဆရာတော်ကြီးက မြန်မာဘာသာဖြင့် ကြေညာသည်၊ ဒေါက်တာသုဂန္ဓောက အင်္ဂလိပ်ဘာသာဖြင့် ကြေညာသည်။

 


သီတဂူငြိမ်းချမ်းရေး ကြေညာစာတမ်း
ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၊ မြန်မာ

ဇန်နဝါရီ ၂၂-၂၄-၂၀၁၆-ခုနှစ်

ကမ္ဘာ့တိုက်ကြီး ငါးတိုက်က ဘာသာပေါင်းစုံ ပါဝင်ပြီး နိုင်ငံပေါင်း (၅၁) နိုင်ငံက ကိုယ်စားလှယ်တော်များဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၂၊ ၂၃၊ ၂၄ ရက်နေ့ အထိ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှာ ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ကြပါတယ်။

နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီး၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏အဓိပတိ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ သီတဂူဆရာတော်တို့က ညီလာခံအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များကို ဖွင့်ပွဲ အမှာစကား ပြောကြားခဲ့ ပါတယ်။

သမ္မတရဲ့ ဖွင့်ပွဲအမှာစကားမှာ ကမ္ဘာပေါ်ရှိ လူမျိုးနွယ်စု၊ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှု မတူညီကြသည့် လူသားများသည် သမိုင်းတခေတ်တွင် အခြားသော ကာလများထက် ပိုမို၍ ရင်းနှီးနွေးထွေးစွာ ယှဉ်တွဲနေထိုင်လာခဲ့ ကြသည်။

လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံသော လူ့အဖွဲ့အစည်းတို့သည် ကမ္ဘာကြီး၏ အမှန်တရားတစ်ခုအဖြစ် တည်ရှိနေသည်။ တိုးတက် ဖွံ့ဖြိုးမှုနှင့်အတူ အသားအရောင်၊ ကိုးကွယ်ရာ ဘာသာ၊ ယဉ်ကျေးမှု မတူညီမှုအပေါ် အခြေပြု၍ မနှစ်မြို့ဖွယ်ကောင်းသော ခွဲခြားဆက်ဆံ ဘက်လိုက်မှုများ ဖြစ်ပေါ်လာသည်။

အကျိုးဆက်များမှာ အမုန်းစကားများ၊ ရန်လိုမှုများ၊ လူမျိုးရေး ဘာသာရေးပဋိပက္ခများအပြင် အဆိုးဆုံးမှာ အစွန်းရောက်မှုနှင့် အကြမ်းဖက်မှု များပါ ပေါ်ပေါက်လျှက်ရှိသည်ဟု ထည့်သွင်းပြောကြားသွားသည်။ ထို့ပြင် တရုတ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံ ဝန်ကြီးချုပ်များ စတင်ချမှတ်ခဲ့သော မြတ်ဗုဒ္ဓ၏ ဗြဟ္မဝိဟာရတရား လေးပါးအခြေခံသော ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူငါးချက်ကိုလည်း ထည့်သွင်းကိုးကား ပြောကြားခဲ့သည်။

ထိုမူများသည် လူသားများကို ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက် စေနိုင်သည်မှာ အထူးပြောရန်မလိုဘဲ လူသားအားလုံးက တကယ့် ငြိမ်းချမ်း ပျော်ရွှင်စွာ နေထိုင်နိုင်ပြီး သာယာဝပြောသည့် နိုင်ငံတော် ကို တည်ဆောက်ပေး နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ဤညီလာခံသည် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၏ အောင်ပွဲဖြစ်သလို နိုင်ငံတကာ၏ အရေးပါသည့် ညီလာခံ လည်းဖြစ်ပါတယ်။ ညီလာခံ သုံးရက်တာ ကာလအတွင်း နိုင်ငံတကာ သံတမန်များ၊ ဂုဏ်သရေရှိ နိုင်ငံတော်အကြီးအကဲများ နှင့် ဘာသာရေး ခေါင်းဆောင်များထံမှ ဆွေးနွေးချက်၊ အနှစ်ချုပ်မိန့်ခွန်းများနှင့် သဝဏ်လွှာများ အပါအဝင် “ငြိမ်းချမ်းသာယာ ဉာဏ်ပညာ” အဓိက ခေါင်းစဉ်ဖြင့် တင်သွင်းဖတ်ကြားသည့် နိုင်ငံတကာ ပညာရှင်တို့၏ စာတမ်းပေါင်း (၅၄) စောင်ကို လေ့လာခဲ့ကြပါတယ်။

 


တွေ့ရှိချက်များ

ဗုဒ္ဓတရားတော်အရပြောမယ်ဆိုယင် ဆင်းရဲဒုက္ခများနှင့် ပဋိပက္ခများ၏ အကြောင်းအရင်းသည် လိုချင် တပ်မက်ခြင်း ကြောက်ရွံခြင်း၊ မုန်းတီးခြင်းများနှင့် မသိမိုက်မဲမှု အဝိဇ္ဇာတို့ကြောင့် ဖြစ်ပါတယ်။

ဤအရာများကို နိုင်ငံတကာပဋိပက္ခများ၊ ပြည်တွင်းပဋိပက္ခများ၊ လူမှုရေး ပဋိပက္ခများ၊ ကိုယ်ရေးပဋိပက္ခများ စသည့် ပဋိပက္ခတိုင်းမှာ တွေ့မြင်နေရပါတယ်။

ဤတရားများ သူတစ်ပါးတွင် ဖြစ်ပေါ်နေပါက အလွယ်တကူ တွေ့မြင်နိုင် သော်လည်း မိမိရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံများတွင် ဖြစ်ပေါ်နေပါက သတိပြုမိရန် ခဲယဉ်းပါတယ်။

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ မိမိနှင့်သူတစ်ပါး အကြောင်းအကျိုး အဆက်အစပ်မရှိသော ကံ ဟူ၍ မရှိပါ။ အကြမ်းဖက်ပဋိပက္ခ၏ မည်သည့် အကျိုးဆက်မဆို နောက်ဆုံးတွင် ပြုလုပ်သူနှင့် ခံရသူများကို ပျက်စီးစေပါတယ်။
ဗုဒ္ဓတရားတော်အရ ကိုယ်တွင်းငြိမ်းချမ်းမှုသည် ပြင်ပငြိမ်းချမ်းမှု အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ စိတ်ကိုလေ့ကျင့်ခြင်း၊ မိမိကိုယ်ကို ပြန်လည်ဆန်း စစ်ဝေဖန်ခြင်း နှင့် မေတ္တာ၊ ကရုဏာ ပွားများခြင်းတို့သည် လူမှုရေးဆိုင်ရာ တရား မျှတမှုနှင့် ငြိမ်းချမ်းမှုတို့ကို ရရှိရန်အတွက် အလွန်အရေးကြီးတယ်။

 


သွင်ပြင်လက္ခဏာ

ညီလာခံတက်ရောက်လာသူများအားလုံး သဘောတူကြသည်မှာ -

မျက်မှောက် ကမ္ဘာတွင် အကြမ်းဖက်မှုများ၊ စစ်ပွဲများ နှင့် ဆင်းရဲဒုက္ခများကို ဖြစ်စေသော မူလအကြောင်းတရားများသည် -

  • အခြားဘာသာများအပေါ် သဘောထားကြီးမှု မရှိခြင်းနှင့် အမျိုးသားရေးဝါဒ အပေါ် အခြေပြုသော အကြမ်းဖက်မှု
  • လူမျိုးစုအဖွဲ့အစည်းများအတွင်း ဖြစ်ပွားသော အကြမ်းဖက်မှုများ၊ ဒေသတွင်း မငြိမ်သက်မှုများနှင့် ပြည်တွင်းမငြိမ်သက်မှုများကြောင့်နေရပ် ပြောင်းရွှေ့ခံ ရသူများ ၏ ဝရုန်းသုန်းကားနှင့် အထိန်းအကွပ်မဲ့ နေရပ်စွန့်ခွာရခြင်း၊
  • နိုင်ငံတွင်း၊ ဒေသတွင်း ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားလာခြင်း၊
  • သဘာဝပတ်ဝန်းကျင် ပျက်စီးလာခြင်းနှင့် သဘာဝသယံဇာတ အဆမတန် ထုတ်ယူခြင်း
  • အမျိုးသမီးများနှင့် ကလေးသူငယ်များကို ဖိနှိပ်ခြင်း
  • လက်နက်နှင့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းနှင့် လူကုန်ကူးခြင်း စသော အုပ်စုဖွဲ့ရာဇဝတ်မှုများဖြစ်ပါတယ်

 


ငြိမ်းချမ်းရေး အဖြေများ

ဆွေးနွေးတိုင်ပင်နှီးနှောမှု ပြီးဆုံးသည့်နောက် ကျွန်ုပ်တို့သည် အောက်ပါ အတိုင်း ညီညီ ညွတ်ညွတ် ဆုံးဖြတ်ချက်ချပါသည် -

(၁) မြန်မာနိုင်ငံသည် တစ်နိုင်ငံလုံးငြိမ်းချမ်းရေး အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်။ ကျွန်ုပ်တို့သည် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များကို ထောက်ခံ အားပေးသည်။ မတူကွဲပြားခြင်းနှင့် ညီညွတ်ခြင်းကို ပေါင်းစည်းနိုင်ရန် ကြိုးပမ်း အားထုတ်နေကြသည့် အခြားနိုင်ငံများအတွက် မြန်မာနိုင်ငံသည် စံနမူနာကောင်း တစ်ခု ဖြစ်နိုင်သည်ဟု အသိအမှတ်ပြုသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် အတူတကွ လက်တွဲနေထိုင်ရေးကို တည်ဆောက်ရန်နှင့် မိမိကိုယ်ကျိုးထက် အများအကျိုးကို ဦးစားပေးကြည့်ရှုရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို အထူး တိုက်တွန်းသည်။

(၂) ငြိမ်းချမ်းရေးရရှိသည်ဟု ဆိုရုံမျှဖြင့် မပြီးပါ၊ ပြန်လည်ပြိုကွဲ မသွားဘဲ အမြဲတည်ရှိ ခိုင်မြဲနေစေရမည်။ အသက်အိုးအိမ်နှင့် လူ့သိက္ခာကို ကာကွယ် စောင့်ရှောက်ခြင်းသည် အစဉ်ထာဝရ လုပ်ဆောင်ရမည့် အလုပ် ဖြစ်ပါတယ်။ ထို့ကြောင့် မျှတငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းကို ဖော်ဆောင်ရန်အတွက် အပြုသဘော ဆောင်သည့် လုပ်ငန်းတို့ကို မည်သည့်အခါမှ ရပ်တန့်ပစ်ရန် မသင့်ပါ။

(၃) မြတ်ဗုဒ္ဓဒေသနာတော်နှင့်အညီ ပဋိပက္ခကို ဖြေရှင်းရာတွင် မည်သည့် အကြမ်းဖက်မှုကိုမဆို ရှုတ်ချသည်။ ပြည်တွင်း နှင့် ဒေသတွင်း၌ ဖြစ်ပေါ် လျှက်ရှိသော ရန်လိုမှုများ၊ ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ နှင့် စစ်ပွဲများ အဆုံးသတ်ရန် ကြိုးပမ်းသွားမည်။ အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့် မကျော်လွှားနိုင်ပါ။ မျှတမှုနှင့် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် သာလျှင် ရရှိနိုင်ပါတယ်။

(၄) ကျွန်ုပ်တို့သည် မည်သည့် အစွန်းရောက်ဝါဒကိုမဆို ပြင်းပြင်း ထန်ထန် ရှုတ်ချသည်။ ငြိမ်းချမ်းရေးအတွက် အစွန်းနှစ်ဘက်ရှောင် အလယ်အလတ် လမ်းစဉ်ကို ထောက်ခံပါသည်။ ကျွန်ုပ်တို့သည် မြတ်ဗုဒ္ဓ၏ လမ်းပြမှုနှင့်အညီ အကြမ်းဖက်မှုကို မလှုံ့ဆော်သောစကားကို ပြောဆိုပါမည်၊ အကြမ်းဖက်မှု မရှိသော အမှုကို ပြုလုပ်ပါမည်။ ဘာသာတရားတိုင်း၌ တည်ရှိသော ငြိမ်းချမ်းမှု တန်ဖိုးများကို အလေးအမြတ်ထားသည်။

(၅) မျက်မှောက်ခေတ်၌ အကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများနှင့် ရက်စက် ကြမ်းကြုတ်မှု အမျိုးမျိုးကို ကာကွယ်ပြောဆိုရာတွင် ဘာသာရေးကို မကြာခဏ ခုတုံးလုပ် အသုံးပြုနေကြသည်မှာ အထူးစိုးရိမ်စရာကောင်းသည်။ ဘာသာရေးကို ခုတုံးလုပ် အလွဲသုံးစားပြုခြင်းကို ဆန့်ကျင်ကန့်ကွက်ရန်မှာ ကျွန်ုပ်တို့ အားလုံး၌ အမြဲတမ်း တာဝန်ရှိသည်။

(၆) သတိတရား၊ ကရုဏာတရားများနှင့် ပြည့်ဝသည့် နှီးနှောဖလှယ်ခြင်း၏ အရေးပါမှုနှင့် အရာရောက်မှုကို အသိအမှတ်ပြုသကဲ့သို့ ဗုဒ္ဓဘာသာတရားနှင့် အခြားသာသာတရားတို့၌ သင်ကြားပြသသည့် လူသားအကျိုးပြုလုပ်ငန်းများ အရေးပါအရာရောက်မှုကိုလည်း အသိအမှတ်ပြု ပါသည်။

(၇) ယဉ်ကျေးမှုတစ်ခု၊ ဘာသာတရားတစ်ခု၊ လူမျိုးတစ်စု သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုကို အခွင့်အရေး ပိုပေးခြင်းသည် မုန်းတီးမှု၊ ကြောက်ရွံ့မှုနှင့် အယုံကြည်ကင်းမဲ့မှုများကိုသာ လှုံ့ဆော်ရာ ရောက်ပါသည်။ ထို့ကြောင့် ကျွန်ုပ် တို့သည် မြတ်ဗုဒ္ဓ၏ အဆုံးအမဖြစ်သည့် သည်းခံခြင်း၊ ငြိမ်းချမ်းခြင်း “ခန္တီ နှင့် သုခ” ကို ပြန့်နှံ့အောင် ဖြန့်ကြဖို့ သန္နိဋ္ဌာန်ချကာ အချင်းချင်း လေးလေး နက်နက် အားပေးခြင်း၊ ဘာသာတရားအချင်းချင်းအပြန်အလှန် ပို၍ နားလည်မှုရှိခြင်း၊ မေတ္တာ ကရုဏာတရားများပွားများခြင်းတို့ကို ငြိမ်းချမ်းရေးသို့ ဦးတည်သည့် လမ်းကြောင်းအဖြစ် သတ်မှတ်သည်။

(၈) လူသားတိုင်း မိမိတို့ သက်ဆိုင်ရာ ယုံကြည်မှုနှင့် ဘာသာတရားကို လွတ်လပ်စွာ ယုံကြည် ကျင့်သုံးခွင့်ရှိသည်၊ အခြားယုံကြည်မှုနှင့် ဘာသာတရားတို့၏ ဘာသာရေးအရ အထွတ်အမြတ်ထားသည့် ဗုဒ္ဓဆင်းတုတော်၊ ယေရှုခရစ် ရုပ်ပုံတော် ကဲ့သို့သော အရာဝတ္ထုများကို စော်ကားမှု၊ အသရေဖျက်မှု၊ မလေးမစားပြုမှုများ မရှိသင့်ဟု သတ်မှတ်သည်။

(၉) မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ဘာသာရေး အဖွဲ့ အစည်းနှင့်လူမျိုးစုများအကြားငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး၊ သဘောထားကြီးရေး တို့ကို ဘာသာရေး ခေါင်းဆောင်များနှင့် ဘုန်းတော်ကြီးများက သင်ပြလမ်းညွှန် ပေးရန် တာဝန်ရှိသည် ဟု အသိအမှတ်ပြုသည်။

(၁၀) ဗုဒ္ဓဘာသာသည် အချိန်ကာလမရွေးသည့် အကာလိကဒေသနာတော် ဖြစ်သည်ကို သဘောပေါက်သည့်နှင့်အညီ ပဋိပက္ခဖြေရှင်းရာတွင် ဗုဒ္ဓဘာသာဝင် များ၏ ချဉ်းကပ်မှုသည် သွက်လက် လျင်မြန်ရန်၊ မျက်မှောက်ခေတ်၏ စိန်ခေါ်မှုများ နှင့် လိုက်လျော ညီထွေမှုရှိရန် အရေးကြီးသည်။

(၁၁) အကြမ်းဖက်မှုများသည် အမျိုးသမီးများနှင့် ကလေးသူငယ်များကို ကြီးကြီးမားမား နစ်နာစေသောကြောင့် ကျွန်ုပ်တို့သည် အမျိုးသမီးများနှင့် လူငယ်များကို ထာဝရငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့ကို တည်ဆောက်ရာတွင် ပါဝင်နိုင်အောင် အထူး ဦးစားပေး ပြုစုပျိုးထောင်ပေးမည်။

(၁၂) ငြိမ်းချမ်းရေးကို ပျိုးထောင်ပေးသည့် လူ့တန်းဖိုးနှင့် အပြုအမူတို့သည် အစိုးရပညာရေး၊ ပြင်ပပညာရေးနှင့် ဘာသာရေး ကျောင်းပညာရေးများ၏ ထင်ရှားသည့် သွင်ပြင်လက္ခဏာများ ဖြစ်သည်ဟု ကျွန်ုပ်တို့ အကြွင်းမဲ့ ယုံကြည် သည်။

(၁၃) လူထုဆက်သွယ်ရေး နှင့် လူမှုဆက်သွယ်ရေး မီဒီယာများသည် လူထုအတွင်း စိတ်ဝမ်းကွဲပြားမှုများနှင့် အကြမ်းဖက်မှုများကို ဖြစ်စေတတ်သည့် အမုန်းစကားများနှင့် ကောလာဟလများကို ဖြန့်ဝေနိုင်သောကြောင့် ကျွန်ုပ်တို့သည် အဖျက်သဘော ဆောင်သည့် မုန်းတီးရေး သတင်းကြေညာချက်များကို မျက်စိ ကျယ်ကျယ်ဖွင့်၍ ဆန်းစစ်ဝေဖန်ခွဲခြားရန် သင်ကြားရေးဆရာများ၊ ဘုန်းတော် ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် လူမှုရေး ခေါင်းဆောင်များကို အထူး တိုက်တွန်းပါသည်။

(၁၄) ရာသီဥတု ဖောက်ပြန်မှု သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့၏ စိန်ခေါ် မှုများကို အပြုသဘော မတုံ့ပြန်နိုင်လျှင် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆိုသည်မှာ မဖြစ်နိုင်ပါ။ သဘာဝ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု လျော့ချရန်နှင့် မျိုးဆက်သစ်တို့အတွက် ကမ္ဘာမြေကိုကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကျွန်ုပ်တို့ ဆုံးဖြတ်သည်။

ဇန်နဝါရီ ၂၄ ၂၀၁၆-ခုနှစ်၊ ဗုဒ္ဓနှစ် ၂၅၅၉ တွင် ပြီးစီးအောင်မြင်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-170gazette-171gazette-173gazette-172gazette-174gazette-175gazette-176gazette-177gazette-178

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈