Activities

သီတဂူဆရာတော်၏ လျှောက်ထားချက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး

၁၃၇၆-ခု၊ (သာသနာတော်နှစ်-၂၅၅၈နှစ်) ကဆုန်လဆန်း (၁၅)ရက်


ယနေ့ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးသို့ ကြွရောက်တော်မူလာကြကုန်သော သြဝါဒါစရိယ ဆရာတော်ကြီးများ၊ သံဃာ့မဟာနာယက ဆရာတော်ကြီးများ၊ ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်ကြီးများနှင့် သမ္မုတိရ၊ အထူးပင့်သံဃာတော် အရှင်မြတ်တို့ဘုရား---။ ဘုရားတပည့်တော် ဉာဏိသရ ဂါရဝမေတ္တာဖြင့် ရှေးဦးစွာ ဦးညွတ်အရိုအသေ ပြုအပ်ပါသည် ဘုရား။


ဘုရားတပည့်တော် မနေ့က ဗီယက်နမ်နိုင်ငံ ဗုဒ္ဓဘာသာအစည်းအဝေးကြီးမှ ပြန်လာခဲ့ ပါတယ်ဘုရား၊ နိုင်ငံပေါင်း '၉၅'က ကိုယ်စားလှယ်ပေါင်းများစွာနှင့်  ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံ က ခေါင်းဆောင်ပေါင်း '၁၅ဝဝ' ကျော် တက်ရောက်ကြပါတယ်ဘုရား။ အဲဒီ အစည်း အဝေးကြီးမှာ ဘုရားတပည့်တော် '၆' မိနစ် စကားပြောခွင့် ရခဲ့ပါတယ်ဘုရား။ ထိုင်းနိုင်ငံ ဗုဒ္ဓနေ့ အစည်းအဝေးမှာတော့ '၈' မိနစ် စကားပြောခွင့် ရခဲ့ပါတယ်ဘုရား။ အဲဒီတော့ ဒီကနေ့ မြန်မာသံဃာ့ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီးမှာ တပည့်တော်အား '၁၅' မိနစ် စကား ပြောခွင့်၊ လျှောက်ထားခွင့် ပြုတော်မူပါဘုရား။


အနုပ္ပန္န ပုဗ္ဗာဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ ဓမ္မာ နိရုဇ္စျန္တိ- မဖြစ်ပေါ်ဘူးတာတွေ ဖြစ်ပေါ်လာကြကုန်ပြီ၊ ဖြစ်ပေါ်ပြီးတာတွေလဲ ကွယ်ပျောက် ချုပ်ငြိမ်းကုန်ပြီ။


နိစ္စနဝါသင်္ခါရာ ဥပ္ပဇ္ဇန္တိ ဝယန္တိစ- သင်္ခါရတရားတွေဟာ ဖြစ်ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက်၊ အဟောင်းအဟောင်းတွေ ကွယ်ပျောက်၍ အသစ်အသစ်တွေ ပေါ်ပေါက် ပေါ်ပေါက်လာတတ်ကြပါတယ်ဘုရား။ အဲဒါ သင်္ခါရတရားတို့ရဲ့ ဓမ္မတာပါပဲ ဘုရား။ ဘုရင်ခေတ်က ဘုရင်ခန့်တဲ့ သံဃာ့ရာဇာ သာသနာပိုင်ခေတ်တွေ ကုန်ဆုံးသွားတဲ့အခါ လွတ်လပ်ရေးခေတ်ကြိုကာလမှာ လွတ်လပ်ရေးဦးတည်ချက်နဲ့ သံဃာ့အဖွဲ့အစည်းများစွာ ပေါ်ပေါက်ခဲ့ပါတယ်ဘုရား။ လွတ်လပ်ရေးရပြီးနောက်မှာလည်း သာသနာရေး နိုင်ငံရေး၊ လူမှုရေး၊ အရေးမျိုးစုံရောယှက်တဲ့ သံဃာ့အဖွဲ့အစည်းများစွာ ပေါ်ပေါက်ခဲ့ပါသည်ဘုရား။


ဖဆပလအစိုးရလက်ထက်မှာ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကို တည်ထောင်ပြီး အက်ဥပဒေ များပြုစု၊ ပါလီမန်မှာ ပြဋ္ဌာန်းအတည်ပြု၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးများ ဆင်နွှဲပြီး သာသနာတော်ကို အားပေးထောက်ပံ့ခဲ့တာတွေ ရှိခဲ့ဖူးပါသည်ဘုရား။ ထို့ပြင် ဗုဒ္ဓသာသနာကို တရားဝင်အခိုင်အမာထောက်ပံ့စောင့်ရှောက်ဖို့ ရည်ရွယ်ချက်များနဲ့ တိပိဋကရွေးချယ်ရေးအဖွဲ့ အက်ဥပဒေ၊ ဓမ္မာစရိယအက်ဥပဒေ၊ ပါဠိပထမပြန်အက်ဥပဒေ၊ ပါဠိတက္ကသိုလ်အက်ဥပဒေ များ ပြဋ္ဌာန်း၍ ခိုင်မာအောင်ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ဖူးပါတယ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား။


၁၉၆၂-ခုနှစ်မှာတော့ ခေတ်ပြောင်း တော်လှန်ရေးတစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်ဘုရား။ တပ်မတော်က နိုင်ငံရေးအာဏာကို သိမ်းပိုက်လိုက်ပြီး ပါတီစုံပါလီမန် ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းလိုက်ပါသည်။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်ပြီး တစ်ပါတီ အာဏာရှင် စနစ်ကို ကျင့်သုံးချီတက်ခဲ့ပါတယ်ဘုရား။ အဲဒီတစ်ပါတီအာဏာရှင် စနစ်ရဲ့လက်အောက်မှာ တပည့်တော်တို့ရဲ့ သာသနာရေး အားပေးထောက်ပံ့မှုဆိုင်ရာ အက်ဥပဒေအားလုံး ဖျက်သိမ်းခြင်း ခံလိုက်ရပါသည်ဘုရား။ ထို့ပြင် ဆိုရှယ်လစ်တစ်ပါတီ အာဏာရှင်စနစ်ရဲ့ အာဏာအရှိန်အဟုန် အမြင့်တက်ဆုံးလို့ဆိုရမည့် ၁၉၈ဝ-ခုနှစ် ဝန်းကျင် သံဃာ့အဖွဲ့အစည်း အားလုံးကို ဖိနှိပ်ဖျက်သိမ်း၊ သာသနာသန့်ရှင်းရေးအလုပ်၊ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့တွေ ဖွဲ့စည်းခဲ့ပါသည်။ တစ်ပါတီအာဏာရှင်စနစ်ရဲ့ လမ်းညွှန်မှုအောက်မှာ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကြီးထဲမှာ တစ်ပါတီစနစ်ရဲ့ အငွေ့အသက်တွေ၊ တစ်ပါတီ အာဏာရှင် စနစ်ရဲ့ အသွေးအရောင်တွေ လွှမ်းမိုးလျက်၊ ငုတ်ဝင်လျက်ရှိနေပါသေးသည် ဘုရား။ အဲဒါတွေ ပြင်ရမှာပါဘုရား။


ဥပမာ- မြန်မာနိုင်ငံတော်တွင် 'နိုင်ငံတော် သံဃာ့မဟာနာယက'အဖွဲ့များမှ တစ်ပါး၊ အခြားမည်သည့်သံဃာ့အဖွဲ့အစည်းမျှ မရှိစေရ' ဆိုတဲ့ အချက်မျိုးဟာ တစ်ပါတီအာဏာရှင် စနစ်ရဲ့ အငွေ့အသက်တွေ ကျန်နေသေးတယ်ဆိုတဲ့ အချက်ပါပဲဘုရား။ ယနေ့ မျက်မှောက် ခေတ် အခြေအနေအရ- သံဃာ့အဖွဲ့အစည်းတွေ များစွာ လိုအပ်နေပါတယ် ဘုရား။


၁။    မိဘမဲ့ ကလေးများ စောင့်ရှောက်ရေးအတွက် သံဃာ့အဖွဲ့အစည်းများ၊
၂။    အားကိုးရာမဲ့ မိန်းကလေးများ ကယ်တင် စောင့်ရှောက်ရေး သံဃာ့အဖွဲ့အစည်းများ၊
၃။    သဘာဝဘေးဒဏ်သင့်ရောက်ရာ ဒေသများက ဒုက္ခသည်များအတွက် ကူညီစောင့်ရှောက်ရေး သံဃာ့အဖွဲ့အစည်းများ၊
၄။    ဘုန်းတော်ကြီးသင် မူလ၊ အလယ်၊ အထက်တန်းကျောင်းများဆိုင်ရာ ပညာရေး
စောင့်ရှောက်မှု သံဃာ့အဖွဲ့အစည်းများ၊
၅။    ပြည်ပသာသနာပြုလုပ်ငန်းဆိုင်ရာ သံဃာ့အဖွဲ့အစည်းများ၊


စသည်ဖြင့် လူမျိုးရေး၊ လူမှုရေး၊ သာသနာရေး စောင့်ရှောက်မှုဆိိုင်ရာ အဖွဲ့အစည်း များကို နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကြီးက ဦးဆောင်၍ စည်းကမ်းဥပဒေ အနည်းဆုံး ဖြင့်၊ သည်းခံခြင်းပေါင်းများစွားဖြင့်၊ ခွင့်လွတ်ခြင်းပေါင်းများစွာဖြင့် လက်တွဲခေါ်ဆောင် ဖွဲ့စည်းသွားဖို့ တိုက်တွန်းလျှောက်ထားပါသည်ဘုရား။


ထို့ပြင် (၂၅) ရာခိုင်နှုန်းဆိုတဲ့ ဥပဒေပုဒ်မကြီးနဲ့ အင်အားချိနဲ့တဲ့ ကူးတို့ဂိုဏ်း၊ ငှက်တွင်းဂိုဏ်း၊ ဝေဠုဝန်ဂိုဏ်းစတဲ့ ဂိုဏ်းကလေးတွေကို နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထဲမှာ ပါဝင်ခွင့်မရအောင် တားမြစ်ထားခြင်းဟာလည်း ယနေ့ခေတ်မှာ အလွန်အဆင် မပြေတဲ့ အချက်ဖြစ်ပါတယ်ဘုရား။ ယနေ့ခေတ်မှာ ပါတီစုံပါလီမန် ဒီမိုကရေစီနဲ့ နိုင်ငံတော်ကို တည်ဆောက်နေတဲ့ အချိန်ဖြစ်တဲ့ အားလျှော်စွာ အင်အားငယ်တဲ့ သူတွေကို အင်အားကြီးတဲ့ သူတွေက အားပေးရမှာပါ၊ တွဲခေါ်သွားရမှာပါ။ လူဦးရေ သိန်းဂဏန်းမျှသာရှိတဲ့ 'ဝ'လူမျိုး စုများ၊ ကိုးကန့်လူမျိုးစုများ၊ နာဂလူမျိုးစုများဟာ သီးခြားအစိုးရဖွဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ရနေကြပါပြီဘုရား။ အဲဒါကြောင့် အဲဒီ (၂၅) ရာခိုင်နှုန်း ကန့်သတ်ချက်နဲ့ ဘေးဖယ်ထား ခံရတာကြာပြီဖြစ်တဲ့ ဂိုဏ်းငယ်ကလေးများကို မဟာနာယကအဖွဲ့ထဲ အလိုအလျောက်ပါဝင်ခွင့် ပေးလိုက်ဖို့ လျှောက်ထားလိုပါတယ် ဘုရား။


ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ဘုရား......


တပည့်တော်တို့ရဲ့ သံဃာ့မဟာနာယကအဖွဲ့ကြီးဟာ နိုင်ငံတော်မှာ ရှိသမျှ သာသနာရေး၊ လူမှုရေး၊ သံဃာ့အဖွဲ့အားလုံးနှင့် တစ်သားတည်း၊ တစ်စုတစ်ပေါင်းတည်း ပေါင်းစည်းမိဖို့ သိပ်လိုအပ်ပါတယ်ဘုရား။ သံဃာ့မဟာနာယကအဖွဲ့ကြီးရဲ့ ရည်ရွယ်ချက် သုံးခု ချမှတ်ထားတာ ရှိပါတယ်ဘုရား။ အဲဒီအထဲမှာ.....


၁။    သာသနာတော် သန့်ရှင်းရေး၊
၂။    သာသနာတော် တည်တံ့ရေး၊
၃။    သာသနာတော် ပြန့်ပွာရေး လို့ သုံးချက် တွေ့ရပါတယ်ဘုရား။


ဘုရားတပည့်တော် စိတ်စိုက်နေမိတာက သာသနာတော် တည်တံ့ရေးဆိုတဲ့ အချက် ဖြစ်ပါတယ်။ တည်တံ့ရေးအတွက် ဆရာတော်များက ပရိယတ္တိသည်သာလျှင် ပဓာနဟူ၍ ဖွင့်ဆိုတော်မူကြပါတယ်။ ဘုရားတပည့်တော်ကတော့ ပရိယတ္တိနှင့် ပဋိပတ္တိအားထုတ်တော် မူကြသည့် သံဃာတော်များနှင့် ကျောင်းတိုက်များကို ကာကွယ်စောင့်ရှောက်ဖို့၊ ထိန်းသိမ်း ပေးဖို့လဲ အထူးအရေးကြီးတယ်လို့ ဆိုချင်ပါတယ်ဘုရား။ တပည့်တော် လွန်ခဲ့သော ခုနှစ်ရက်က ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဟတ်ယိုင်မြို့မှာ တရားဟောပါတယ်။ ကျောင်းတိုက်တွေ (၅ဝ) ရာခိုင်နှုန်းမှာ သံဃာတော်တွေမရှိတော့ပါဘူး။ ဆွမ်းခံထွက်ရင် ရဲအစောင့်နဲ့ သွားရ ပါတယ်။ ချောင်းမြောင်း ပစ်ခတ် သတ်ဖြတ်မှုတွေ ရှိနေပါတယ်။ Religious Terrorisms တွေကြောင့် သာသနာတော် တည်တံ့ရေးအတွက်......


၁။    Preservation of Buddha Sasana
(ဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့)
၂။    Protection of Buddha Sasana
(ဗုဒ္ဓသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့)ဆိုတဲ့ ထိန်းသိမ်းခြင်းနဲ့ ကာကွယ် စောင့်ရှောက်ခြင်း နှစ်ခုဟာ အထူးပဲ အရေးကြီးပါတယ်ဘုရား။


ဒါ့ကြောင့် သံဃာ့မဟာနာယကအဖွဲ့ကြီးကို ပိုမို၍ အင်အားကောင်းလာအောင် အားဖြည့်ဖို့လိုပါတယ်ဘုရား။ သံဃာ့မဟာနာယကအဖွဲ့ကြီးဟာ ကမ္ဘာအေး ရုံးခန်းထဲမှာ အစဉ်အလာလုပ်ငန်းတွေနဲ့ပဲ အချိန်ကုန်နေကြမှာဖြစ်တော့ အထက်ပါ လူမှုရေးနှင့် သာသနာ အန္တရာယ် ကာကွယ်ရေးတို့မှာ ခေတ်အမြင် တတ်သိနားလည်းခြင်းရှိ၊ ကျွမ်းကျင်မှုလည်း ရှိသော သံဃာ့မဟာနာယကအဖွဲ့က ချက်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ဖွဲ့စည်းထားသော သံဃာ့နာယကအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်မှသာ ထိရောက်အောင်မြင်နိုင်လိမ့် မည်ဟု- လျှောက်ထားအပ်ပါသည် ဘုရား။
ယနေ့မျက်မှောက်ခေတ်မှာတော့ ပေါ်ပေါက်လာကြတဲ့ အသင်းအဖွဲ့တွေကို ကြည့်တဲ့ အခါ ခေတ်သစ်တစ်ခုရဲ့ ခေတ်ဆန်းချိန်တစ်ခုသို့ ရောက်ပြီဟု ပြောဆိုရလောက်အောင်ပင် အသစ်အသစ် ပေါ်ပေါက်လာကြတဲ့ အသင်းအဖွဲ့တွေဟာ နိုင်ငံရေးအသင်းအဖွဲ့တွေ ရော့ပါး သွားပြီးတော့ မျိုးချစ်စိတ်နဲ့ ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးတဲ့စိတ်ဓာတ်အခြေခံသော သာသနာတော် စောင့်ရှောက်ရေးအသင်းများ၊ ဝိပဿနာပြန့်ပွားရေးအသင်းများ၊ လူမျိုးစောင့် အသင်းများ၊ ကလေးသူငယ် စောင့်ရှောက်ရေးအသင်းများ၊ ကရုဏာအသင်းများ အစရှိသည် ဖြင့် မျိုးချစ်စိတ်ဓာတ်နှင့် သာသနာချစ်စိတ်ဓာတ်များကို အခြေခံသော အသင်းအဖွဲ့များ ပေါ်ပေါက်လာနေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြပါသည်ဘုရား။ ထိုအသင်းအဖွဲ့များ အားလုံးကို နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကြီးက သင့်လျော်သော စည်းကမ်းချက် များဖြင့် ကောင်းစွာ အသိမှတ်ပြု၍ သံဃာ့မဟာနာယကအဖွဲ့ကြီး၏ အင်အားတစ်ရပ်အနေဖြင့် အသုံးပြုသွားနိုင်ရန် အထူးလိုအပ်ပါသည် အရှင်သူမြတ်တို့ဘုရား။ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား.....
မေခနှင့် မလိခ မြစ်နှစ်စင်းတို့ မပေါင်းနိုင်လျှင် ဧရာဝတီမြစ် ဖြစ်လာမှာ မဟုတ်ပါ ဘုရား၊ မေခနှင့် မလိခတို့ ပေါင်းစည်းမိတဲ့အတွက် ဧရာဝတီဖြစ်လာတာပါဘုရား။ 'ဧရာဝတီ' ဆိုတဲ့အမည်နဲ့ မြစ်ကြီးဖြစ်လာတော့ မေခ၊ မလိခ နာမည်တွေ မကျန်တော့ပါဘုရား။ ဗန်မော်မြို့နားရောက်တော့ ဧရာဝတီက ရွှေလီကို တွဲခေါ်သွားပါတယ်ဘုရား။ စစ်ကိုင်း အင်းဝနားရောက်ပြန်တော့ ဒုဋ္ဌဝတီမြစ်ကို တွဲခေါ်သွားပါတယ်၊ ပခုက္ကူအောက်နား ရောက်တော့ ချင်းတွင်းမြစ်ကို ပေါင်းစည်း သိမ်းသွင်း ခေါ်ဆောင်ခဲ့ပါတယ်ဘုရား။ ဘယ်မြစ်ငယ်ကလေးများကမှ ငြင်းပယ်ခြင်း မရှိခဲ့ကြပါဘုရား။ မြစ်ငယ်လေး တစ်စင်းနှင့် တစ်ခါ ပေါင်းစည်းမိတိုင်း ဧရာဝတီရဲ့ ရေစီးအားဟာ တစ်ဆင့်ပြီး တစ်ဆင့် အရှိန်အဟုန် မြင့်တက်ခဲ့ပါတယ်ဘုရား။ သို့မှသာ သာသနာ့အန္တာရာယ်ကာကွယ်ရေးအတွက် အဆင်သင့် ဖြစ်မှာပါဘုရား။


ဆရာတော်၊ သံဃာတော် အရှင်မြတ်တို့ဘုရား.....


ဂိုဏ်းပေါင်းလည်းစုံ၊ အဖွဲ့ပေါင်းလည်းစုံ၊ အကုန်ပေါင်းပြီး သံဃာ့အင်အားထုကြီး၏ အရှိန်၊ သံဃာ့အဟုန်ကို မြင့်တင်ဖို့ တောင်းပန်လျှောက်ထားအပ်ပါသည်ဘုရား။
လာအိုနိုင်ငံမှ သံဃာ့အဖွဲ့အစည်းတစ်ခုတည်းသာ ရှိပါတယ်။ ကွန်မြူနစ်ပါတီက ချုပ်ကိုင်ထားပါတယ်။ ဗီယက်နမ်နိုင်ငံမှာလည်း ထိုနည်းတူစွာပါဘုရား။ ကမ္ဗောဒီးယားမှာ သံဃာဂိုဏ်း (၂)ဂိုဏ်းရှိပါတယ်။ သီးခြားစီ ရပ်တည်ကြပါတယ်။ ပေါင်းစည်းနိုင်ခြင်းမရှိပါ ဘုရား။ ထိုင်းနိုင်ငံမှာ နိကာယ (၂) ခုရှိပါတယ်။ ထေရသမာဂမ သံဃာ့မဟာနာယက- အဖွဲ့ ကို တစ်ဖွဲ့တည်း ဖွဲ့စည်းနိုင်ပါသည်။ ဘုရင်ရဲ့ ချီးမြှောက် ထောက်ပံ့မှုနဲ့ စီမံအုပ်ချုပ်ပါတယ်။ သီရိလင်္ကာမှာ နိကာယ (၄)ခု ရှိပါတယ်။ ပေါင်းစည်းနိုင်ခြင်း မရှိပါ၊ သီးခြားစီ ရပ်တည်နေကြပါတယ်။ လွတ်လပ်ခြင်း အပြည့်အလျှံ ရှိပါတယ်။ သီဟိုဠ် သံဃာများ နိုင်ငံရေး လုပ်ပိုင်ခွင့်ရှိပါတယ်။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ ပြိုင်လည်းပြိုင်ကြတယ်။ တချို့ သံဃာတွေ ဝန်ကြီးအဖွဲ့မှာ ပါဝင်ကြပါသည်။ ချုပ်ချယ်လွန်းလျှင်လည်း မကောင်းပါ။ လာအို သံဃာ့ရာဇာ ပါတီနဲ့ တိုင်ပင်ပြီးမှ အလုပ်လုပ်ရပါသည်။ ခေတ်မှီလွန်းတော့လည်း မကောင်းပါ။ သီဟိုဠ်မှာဘုန်းကြီးအမတ်တွေ ပါလီမန်ထဲမှာ ရောက်နေပါသည်။ မူရင်းအနှစ်သာရကို မပျက် မပျောက်စေဘဲ တိုးတက်ခြင်း ( Sustainable Development ) ကောင်းပါသည်။


နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကို ပြင်ဆင် မွမ်းမံတိုးချဲ့ရာ၌.....
၁။    ပညာရေးဌာန၊
၂။    လူမှုရေးဌာန၊
၃။    နိုင်ငံခြားရေးဌာန များကို ခေတ်မှီပညာတတ်၊ အပြည်ပြည်ဆိုင်ရာ အမြင်ကျယ်သော မျက်လုံးရှိသော ဆရာတော်များဖြင့် ဖွဲ့စည်းသင့်ပါသည်ဘုရား။


ဖွဲ့စည်းပုံများနှင့် ပတ်သက်လို့ ဘုရားလက်ထက်က သာဓကတစ်ရပ်ကို လျှောက်ထား လိုပါတယ်ဘုရား။ အဲဒါက အရိုအသေပြုရန်နေရာမှ သက်ကြီး၊ ဝါကြီး၊ ထေရ်စဉ်၊ ဝါစဉ် ( eniority ) ဟာ အထူးပင် လိုအပ်ပါတယ်။ သို့သော် အလုပ်သဘော၊ အလုပ်ခွင်မှာတော့ စွမ်းဆောင်နိုင်သူတို့သာ ပဓာနပါဘုရား။ မြတ်စွာဘုရား ဘုရားဖြစ်ပြီးနောက် (၉)လကြာ သောအခါ တပို့တွဲလပြည့်နေ့မှာ ယခုလို သံဃာ့မဟာသန္နိပါတ (သံဃာ့အစည်းအဝေးကြီး)ကို ရာဇဂြိုဟ် ဝေဠုဝန်မှာ ကျင်းပခဲ့ပါတယ်။ ထိုအစည်းအဝေးကြီးမှာ သံဃာတော်ပေါင်း (၁၂၅ဝ) တက်ရောက်တော်မူခဲ့ကြပါတယ်ဘုရား။ ထိုအစည်းအဝေးကြီးမှာ မြတ်စွာဘုရားက အရှင် သာရိပုတ္တရာကို ပထမအဂ္ဂသာဝက ခန့်အပ်တော်မူပြီး၊ အရှင်မောဂ္ဂလာန်ကို ဒုတိယ အဂ္ဂသာဝက ခန့်အပ်တော်မူခဲ့ပါတယ်ဘုရား။ မြတ်စွာဘုရားရဲ့ သံဃာ့အစည်းအရုံးကြီးကို ဖွဲ့စည်းအုပ်ချုပ်ဖို့ ရာထူးတာဝန် ခွဲဝေပေးခြင်းဖြစ်ပါတယ်ဘုရား။ ပထမနှင့် ဒုတိယ အဂ္ဂသာဝကကြီး နှစ်ပါးစလုံး တပို့တွဲလဆန်း (၁)ရက်နေ့ကမှ ရဟန်းပြုကြတာဖြစ်လို့ ရဟန်းသိက္ခာ ၁၅ ရက်မျှသာ ရှိတော်မူကြပါသေးတယ်ဘုရား။ ရသေ့ (၁ဝဝဝ)က ဖြစ်လာ သော ရဟန်း (၁ဝဝဝ)တို့သည် ပြာသိုလ်လပြည့်မှာ ရဟန်းပြုကြတာ ဖြစ်လို့ အဂ္ဂသာဝကကြီး နှစ်ပါးထက် (၁၅) ရက် သိက္ခာ ကြီးကြပါတယ်။ သို့သော် ရာထူးမရကြပါဘုရား။ ပဉ္စဝဂ္ဂီ (၅)ပါး၊ ယသနှင့်တကွ (၅၅)ပါးတို့မှာလည်း အဂ္ဂသာဝကကြီးနှစ်ပါးထက် (၆)လခွဲမျှ သိက္ခာကြီးကြ သော်လည်း မည်သည့်ရာထူးမျှ တာဝန်ပေးအပ်ခန့်ထားခြင်း မရှိခဲ့ပါဘုရား။ အထင်ရှားဆုံး သာဓက ကတော့ ရဟန်းအသက်အရှည်ဆုံး အရှင်ကောဏ္ဍညမထေရ်ကြီးဟာ မြတ်စွာဘုရား ရဲ့ နောက်နား(နောက်ကျော)မှာ နေရာယူရခြင်းဖြစ်ပါတယ်ဘုရား။ (၁၅)ရက်မျှသာ ရှိတော်မူ ကြသည့် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့မှာ မြတ်စွာဘုရားရဲ့ လက်ယာ၊ လက်ဝဲမှာ နေရာ အသီးအသီး ရယူတော်မူခဲ့ကြပါတယ်ဘုရား။ ပိဋကတ်တော်လာ ဤသာဓက မှာ သာသနာရေးရာ လုပ်ငန်းများ၌ စွမ်းနိုင်သူတို့သည်သာ ပဓာနဖြစ်ကြောင်း သိသာထင်ရှား ပါတယ်ဘုရား။ ထိုသံဃာ့အစည်းအဝေးကြီးမှာ ကန့်ကွက်သူ တစ်ပါးမျှမရှိ၊ တည်ငြိမ် အေးချမ်းစွာဖြင့် ရာထူးခန့်အပ်ပွဲ ပြီးစီးခဲ့ပါတယ်။ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်း၊ ထို့ပြင် စွန့်လွှတ်ခြင်းတို့ဟာ တည်ငြိမ်အေးချမ်းရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ကြောင်းကို 'ခန္တီ ပရမံ တပေါ တိတိက္ခာ'-စသော သြဝါဒ-က ညွှန်ပြနေပါတယ်ဘုရား။ 'အတ္ထေ ဇာတေ စ ပဏ္ဍိတံ'-ပါဠိတော်အရ အရေးကိစ္စပေါ်လာလည်း စွမ်းရည်ရှိသော ကျွမ်းကျင်သော ပညာရှိများ အထူးလိုအပ်ကြောင်း လျှောက်ထားပါတယ် အရှင်သူမြတ်တို့ဘုရား။


ဆရာတော် ဦးသေဋ္ဌိလတို့၊ ဆရာတော် ဦးသီလာနန္ဒတို့ မရှိတဲ့ နောက်ပိုင်း အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံများရဲ့ စင်မြင့်ပေါ်မှာ မြန်မာသံဃာတော်တို့ နေရာရရှိရေးအတွက် တပည့်တော်များ ယနေ့ အကြိတ်အနယ် ကြိုးစားနေရပါတယ်ဘုရား။ ထိုင်းနိုင်ငံ သံဃာ့နာယကအဖွဲ့ အတွင်းရေးမှူးဟာ ကမ္ဘာ့ဘာသာရေးစင်မြင့်တိုင်းလိုလိုမှာ တက်ရောက် စကားပြောနေတဲ့ Ph.D ဘွဲ့ရ ဆရာတော်တစ်ပါးပါဘုရား။ သီဟိုဠ်သံဃာတော် တွေက အပြည်ပြည်ဆိုင်ရာ စင်မြင့်တိုင်းမှာ သူတို့ ကုလားထိုင်တွေချည်းပါဘုရား။ ရောမ ပုပ်ရဟန်းကြီးရဲ့ အဖွဲ့များ ဖွဲ့စည်းပုံမှာ ဝန်ကြီးအဖွဲ့ ( Cabinet )နဲ့ တော်တော်တူနေပါတယ် ဘုရား။ သာသနာပြုလုပ်ငန်းတွေမှာ လူမှုရေးလုပ်ငန်းတွေနဲ့ ဟန်ချက်ညီညီ တွဲလုပ်မှသာ ထိရောက် အောင်မြင်ကြောင်း ရိုသေစွာ လျှောက်ထားရပါကြောင်း ဆရာတော် သံဃာတော် အရှင်မြတ်တို့ဘုရား....


ဆရာတော်၊ သံဃာတော် အရှင်မြတ်တို့ဘုရား.....


နိဂုံးချုပ်အားဖြင့် ဘုရားတပည့်တော် လျှောက်ထားလိုသည်မှာ-


သာသနာတော် တည်တံ့ခိုင်မြဲရေးအတွက် ဖ.ဆ.ပ.လ အစိုးရလက်ထက်က လုပ်ထား ခဲ့သလို သာသနာရေးဆိုင်ရာထောက်ပံ့မှု၊ ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာတို့ကို အက်ဥပဒေ များ ပြုစု၍ လွှတ်တော်တွင် ပြဋ္ဌာန်းအတည်ပြုထားရစ်တော်မူခဲ့ကြပါရန် ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါတယ်ဘုရား။ ဘယ်ဗုဒ္ဓဘာသာနိုင်ငံမှာမှ မရှိတဲ့ သာသနာရေးဝန်ကြီးဌာန ကိုလည်း ခိုင်မာအောင် သာသနာရေးဝန်ကြီးဌာန အက်ဥပဒေတစ်ရပ် ပြဋ္ဌာန်း၍ လည်းကောင်း၊ ရတောင့်ရခဲ စုစည်းရရှိခဲ့သည့် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာနာယက အဖွဲ့ကြီး ကိုလည်း အက်ဥပဒေတစ်ရပ် ပြဋ္ဌာန်း၍လည်းကောင်း၊ ထို့ပြင် တိပိဋကရွေးချယ်ရေး အက်ဥပဒေ၊ နိုင်ငံတော် ဗုဒ္ဓသာသနာတော်အဖွဲ့ အက်ဥပဒေ၊ တက္ကသိုလ်များ အက်ဥပဒေ၊ ဓမ္မာစရိယအက်ဥပဒေနဲ့ ပါဠိပထမပြန်အက်ဥပဒေများကို ပြန်လည်ဖော်ထုတ် အသက်သွင်း ပြင်ဆင်၍ အနာဂတ်အစိုးရအဆက်ဆက်နှင့် သံဃာ့အဖွဲ့အစည်း အဆက်ဆက် လက်ထက် တိုင် ကြာမြင့်စွာ တည်တံ့အောင် အားထုတ် ဆောင်ရွက်တော်မူခဲ့ကြပါရန်အကြောင်း ခြေတော်ဦးခိုက် လျှောက်ထားအပ်ပါသည် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးလာ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား။ ။
မှတ်ချက်။    ။ အနည်းငယ် ပြန်လည် ပြင်ဆင် ဖြည့်စွတ်ထားပါသည်။


မေတ္တာဂါရဝဖြင့်

 

သီတဂူဆရာတော် အရှင်ဉာဏိသရ
၁၃၇၆-ကဆုန်လပြည့် ''ဗုဒ္ဓ''နေ့
၂ဝ၁၄၊ မေလ၊ ၁၃ ရက်


မဟာပါသာဏလှိုဏ်ဂူတော်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်


ဤလျှောက်ထားလွှာ၏ မိတ္တူများကို-


၁။    နိုင်ငံတော်သမ္မတရုံး
၂။    မန္တလေးတိုင်း သံဃာ့နာယကအဖွဲ့
၃။    ရန်ကုန်တိုင်းသံဃာ့နာယကအဖွဲ့
၄။    သာသနာရေးဝန်ကြီး
၅။    အင်တာနက်
၆။    ရုံးလက်ခံ (ဌာနများသို့ ပေးပို့ပါသည်။)

 

new-activitie-01   new-activitie-02

 

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈