Activities

လိုကွက်များကို ဖြည့်စွက်ခြင်း

အရှင်ရဋ္ဌပါလက ကောရဗျမင်းကြီးအား မိန့်ကြားသောစကားတစ်ခွန်း ရှိပါသည်။ ““သဗ္ဗောလောကောဦနော”” ဟူ၍ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ““တစ်လောကလုံးမှာ ယုတ်လျှော့ နေသည်”” သို့မဟုတ် ““တစ်လောကလုံး လိုနေသည်”” သို့မဟုတ် ““တစ်လောကလုံးမှာ လိုကွက် ဟာကွက်တွေခြည်းပဲ””ဟု အဓိပ်္ပါယ်ရပါသည်။ လမ်းပမ်းဆက်သွယ်ရေး ဟာကွက်၊ တယ်လီအော်တိုဆက်သွယ်ရေး ဟာကွက်၊ လေကြောင်း, ရေကြောင်းဆက်သွယ်ရေး ဟာကွက်၊ လျှပ်စစ်ဓာတ်အားလိုကွက်၊ ကျန်းမာရေးလိုအပ်ချက်၊ ပညာရေးလိုအပ်ချက်၊ ဘာသာရေး, သာသနာရေးလိုအပ်ချက်၊ လုံခြုံရေးလိုအပ်ချက်၊ ညီညွတ်ရေး တည်ငြိမ်ရေးလိုအပ်ချက် စသည့်စသည့် ဟာကွက် လိုကွက်တို့မှာ တိုင်းပြည်တိုင်း၊ လူမျိုးတိုင်း၊ နေရာတိုင်းမှာ ရှိနေကြပါသည်။ လောဘလွန်ကဲသူတို့၏လိုအပ်ချက်မှာ ဖြည့်စွက်ရန်မဟုတ်ဘဲ ထိုလွန်ကဲသော လောဘတို့ကို ထိန်းပေးရန်သာ ဖြစ်ပါသည်။ လောဘသံတို့ဖြင့် ဘ၀ဂ်ညံအောင် တောင်းဆိုခြင်း မပြုကြဘဲ ရောင့်ရဲတင်းတိမ် ဆိတ်ငြိ်မ်စွာဖြင့် ကြေနပ်နှစ်သက်စွာ နေကြကုန်သော သူတို့၏ တောင်ပေါ်ဒေသများနှင့်, နိုင်ငံ့ ခေါင်းဆောင်တို့ အရောက်အပေါက်နည်းသည့် အစွန်အဖျားနှင့် တောတောင်လျှိုမြောင်တို့အကြားက တိုင်းရင်းသား လူမျိုးစုများ၏ လိုအပ်ချက်နှင့် ဟာကွက်တို့မှာ လောဘ, ဒေါသတို့၏ ကြွေးကြော်သံတို့မှကင်းသော အမှန်လိုအပ်သည့် လိုအပ်ချက် ဟာကွက်တို့ ဖြစ်ပေသည်။

 

သီတဂူ Vision Volunteer အဖွဲ့သည် ချင်း, ကချင်, ကရင်, မွန်, နာဂ, ရခိုင်, ကိုးကန့်, ၀, ကယား, ရှမ်းလူမျိုးစုံတို့၏ ဒေသအသီးသီးသို့ အကြိမ်ကြိမ် အခေါက်ခေါက် ရောက်ဖူးခဲ့ပြီ။ စိတ်ဓာတ်နှင့်အသိဥဏ် ဖွံ့ဖြိုးရေးအတွက် တရားမျက်လုံးဓမ္မစက္ခုကို အကြိမ်ကြိမ် ပေးခဲ့လေသည်။ စိတ်ဓာတ်ရေးနှင့်ပညာရေး လိုအပ်ချက်အတွက် ဗုဒ္ဓတက္ကသိုလ် ၃-ခုကို တည်ထောင်ကာ ဓမ္မဒူတရဟန်းတော်များကို မွေးထုတ်ဖြန့်ချီလျှက် ရှိသည်။ ကျန်းမာရေး လိုအပ်ချက်အတွက် ဆရာ၀န်လောင်းလျာ လူငယ်ကလေးများကို ပညာသင်စရိတ် ထောက်ပံ့ပြီး ဆရာ၀န်ကလေးများဖြစ်အောင် ပြုစုပျိုးထောင်ပေးခြင်းဖြင့်လည်းကောင်း၊ သီတဂူဆေးရုံများ မြန်မာနိုင်ငံအနှံ့ တည်ဆောက်ပြီး တိုင်းသူပြည်သားတို့ကို ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးခြင်း ဖြင့်လည်းကောင်း၊ ကျန်းမာရေးလိုအပ်ချက်တို့ကို ဖြည့်စွက်ပေးလျှက်ရှိသည်။

 

မှတ်ချက်-

 

၁။ သီတဂူပညာသင်စရိတ်ဖြင့် ဆရာ၀န်ပေါင်း (၁၃) ယောက် ဖြစ်သွားပြီးဖြစ်သည်။

 

၂။ သီတဂူပညာသင်စရိတ်ဖြင့် သူနာပြုနှင့် ကျွမ်းကျင်ပညာရှင်ပေါင်း (၃၈) ယောက် ဖြစ်သွားပြီး ဖြစ်သည်။

 

၃။ သီတဂူကျန်းမာရေးစီမံချက်ဖြင့် အာရောဂျဒါန, စက္ခုဒါနဆေးရုံပေါင်း (၂၆) ရုံ တည်ဆောက် ခဲ့ပြီးဖြစ်သည်။

 

သီတဂူ Vision Volunteer အဖွဲ့သည် နိုင်ငံတော်၏ ကျန်းမာရေးလိုအပ်ချက်တစ်ခုကို ဖြည့်စွက်ရန်ဟူသောရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် သီတဂူဆရာတော် ကိုယ်တိုင် ခေါင်းဆောင်ပြီး ရှမ်းပြည်နယ် ဗဟိုချက် (Central East) ခိုလန်ကုန်းမြေမြင့်သို့ ရောက်ရှိခဲ့သည်။  ထိုအဖွဲ့ကို ဆရာတော်ကိုယ်တိုင်ဦးဆောင်သည်။ ဆရာတော်၏ လက်ထောက် အဖြစ် အရှင်သေဋ္ဌိလ(Ph.D)နှင့် အရှင်ဓမ်္မိက(M.A)တို့က လိုက်ပါခဲ့သည်။ မျက်စိခွဲစိပ် အထူးကုဆရာ၀န်ကြီးများအဖွဲ့တွင် အငြိမ်းစားပါမောက္ခ ဒေါက်တာဦးမြအောင်, အငြိမ်းစား ပါမောက္ခဆရာ၀န်မကြီး ဒေါက်တာ ဒေါ်မြင့်ခိုင်နှင့် ဒေါက်တာ ဒေါ်ခင်အုန်းဟန်တို့  ပါ၀င်ခဲ့သည်။ ထိုမျက်စိအထူးကုအဖွဲ့တွင် တောင်ကြီးမြို့ မျက်စိအထူးကုဆရာ၀န်ကြီး ဒေါက်တာ အောင်မိုးထွန်းနှင့် လွိုင်လင်ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာ၀န်ကြီး ဒေါက်တာ မြအေးတို့ လာရောက် ဆက်သွယ်ပူးပေါင်း ခွဲစိပ်ခဲ့ကြသည်။ ပြင်ပလူနာဌာနနှင့် ခွဲစိတ်ခန်းဆိုင်ရာ ၀န်ထမ်း ၁၀-ယောက်ပါ၀င်သော ကျွမ်းကျင်ပညာရှင်နှင့် သူနာပြုအဖွဲ့ကို သီတဂူဆေးရုံတော် မျက်စိဌာန တာ၀န်ခံ ဒေါက်တာမိမိခင်က ဦးဆောင်ခဲ့သည်။ သီတဂူအဖွဲ့၀င်လူကြီး လေးယောက်တို့လည်း ပါ၀င်ကြသည်။ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၏ စီမံချက်ဖြင့် ကလောမြို့ စစ်ဦးစီးတက်္ကသိုလ်မှ နေဆွမ်းကပ်, နေ့လည်စာကျွေးပြီး လမ်းမှ ဧည့်၀တ်ပြုသည်။ စစ်ကိုင်းတောင်ရိုးမှ နံနက် ၆း၃၀ ထွက်သော သီတဂူမျက်စိအထူးကုအဖွဲ့ ကားတန်းကြီးသည် လွိုင်လင်မြို့သို့ ညနေ ၄း၃၀ တွင် ရောက်ရှိခဲ့ကြသည်။ လွိုင်လင်တပ်နယ်မှုး ဗိုလ်မှုးကြီး အောင်ဌေးနှင့် တပ်မတော်အရာရှိများက ကြိုဆိုပြီး တပ်မတော်အရာရှိရိပ်သာတွင် နေရာချထားပြီးနေရာယူကြသည်။ ခေတ္တမျှအနားယူကြပြီးနောက် မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် အရေးပါအရာရောက်လှစွာသော သမိုင်းမှတ်တိုင်ပင်လုံကျောက်တိုင်သို့ ရောက်ကြသည်။ ပင်လုံကျောက်တိုင်မှာ တိုင်းရင်းသား ညီနောင်တို့ ဥမကွဲ သိုက်မပျက် ကမ်္ဘာဆုံးသည့်တိုင် လက်တွဲနေထိုင်သွားကြမည်ဟု စာချုပ်ချုပ်ဆိုရာ ညီညွတ်ရေးကျောက်တိုင်၌ ထိုစာချုပ်ကို လက်မှတ်ထိုးကြသော ခေါင်ဆောင်ကြီး ၂၃ ယောက်တို့အား သီတဂူက ပြုသမျှကုသိုလ်တို့ကို အမျှေ၀ပြီး ဆုတောင်းမေတ်္တာပို့ခဲ့ကြသည်။

 

ထို မတ်လ ၁၇ ရက် ၂၀၁၄ ညတွင် ညီညွတ်ရေးကျောက်တိုင်နှင့် ညီညွတ်ရေး စေတီတော်ကြီး ရင်ပြင်၌ ညီညွတ်ရေး, ငြိမ်းချမ်းရေးနှင့် အတူလက်တွဲနေထိုင်ရေး ဟုသော တရား (ရုက္ခဓမ္မဇာတ်နှင့် နိဂြောဓဇာတ်) တို့ကို ဟောကြားခဲ့သည်။ လွိုင်လင်တပ်စခန်းမှာ တစ်ညအိပ်ပြီး ၂၀၁၄ခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက်တွင် လွိုင်လင်မှထွက်ခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ခိုလန်ကုန်းမြင့် ဒေသသို့ ရောက်သည်။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၊ ခိုလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာမျိုးထက်နှင့် ခိုလန်ဆေးရုံအုပ်ကြီး ဒေါက်တာယေု၀တို့က စောင့်ကြိုကြသည်။ ဗရမ်းဗတာ မချမ်းမသာဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းကြာပြီဖြစ်သော ခိုလန်ရွာကလေးကို နိုင်ငံတော်အစိုးရက ခိုလန်မြို့အဖြစ် အဆင့်မြှင့်တည်ဆောက်ခဲ့သည်။ မကောင်းမှုတို့၏ စေု၀းရာ ခိုအောင်းရာ ခိုလန်ကုန်းမြင့် ကလေးကို တပ်မတော်ခေါင်းဆောင်တို့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟု သန့်ရှင်း သပ်ရပ်စွာ တည်ဆောက်ခဲ့သည်။  မိမိတို့တည်းခိုရသော နေရာမှာ စစ်ဌာနချုပ်အရာရှိရိပ်သာဟု ဆိုသော်လည်း တရားနှလုံးကျင့်သုံးဖို့ကောင်းသော တရားရိပ်သာနှင့် တူပေသည်။ ကားသံ, လူသံတို့ဖြင့် ဆူညံခြင်းမရှိဘဲ ငှက်သံ, ဂျီသံတို့ဖြင့် တောရရိပ်သာဟန်ပေါက်နေသည်မှာ ကြည်နူးဖွယ်ဖြစ်သည်။ ပစ္စန္တရဌ်သဖွယ်ဖြစ်နေခဲ့ရတာ ကြာပြီဖြစ်သော ခိုလန်ရွာကလေးမှာ ကျိုင်းတောင်းရေတံခွန်မှ ထုတ်ယူရရှိသော မီးရောင်တို့ဖြင့် ထိန်ထိန်ညီးလျှက် တောင်ကြီးနှင့် တာချီလိတ်သွား ကားတို့ဖြတ်သန်းရာ, ဆိုက်ကပ်ရပ်နားရာ မြို့ကလေးတစ်ခု ဖြစ်နေပေသည်။ ကမ္မောဇဦးအောင်ကို၀င်း+ဒေါ်နန်းသန်းထွေးတို့၏ ကောင်းမှုဖြစ်သော ကုတင် (၁၀၀) ဆေးရုံကြီးမှာလည်း အထွေထွေရောဂါကုအတွက် ခန့်ခန့် ညားညား, ထည်ထည်၀ါ၀ါ, ပြည့်ပြည့် စုံစုံ ရှိလေသည်။ စစ်ကိုင်းသီတဂူဆေးရုံမှ သယ်ဆောင်လာခဲ့သော မျက်စိခွဲစိပ်ခြင်းဆိုင်ရာ စက်ကိရိယာနှင့် ဆေးပစ်္စည်းတို့ကို ခိုလန်ဆေးရုံအုပ် ဒေါက်တာယေု၀ စီမံပေးသည့်အတိုင်း အခန်းအသီးသီးမှာ မတ်လ ၁၈ ရက် ၂၀၁၄ နေ့လည်ခင်းတွင် တပ်ဆင်လိုက်သည်။ တိုင်းမှူးဗိုလ်ချုပ်မင်းနောင် စီမံပေးသော လူနာပေါင်း (၂၁၅၁) ယောက်ထဲက ည ၉း၀၀ နာရီခန့်တွင် (၄၀၀)လောက် ကြည့်ရှုစစ်ဆေးပြီးဖြစ်သည်။ ခွဲစိပ်ရန် (၃၀) ကျော် ရွေးချယ်ရရှိသည်။ တစ်နေ့ (၆၀) နှုန်းဖြင့် (၅)ရက်ခွဲမည်။

 

အရှေ့အလယ်ပိုင်းဒေသ တိုင်းရင်းသား ညီအကိုမောင်နှမပေါင်း (၃၀၀) မျက်စိမြင်ရမည်ဟု စီမံချက်ကို ချမှတ်လိုက်သည်။ ရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်းဒေသမှ ရှမ်း, ပအို့, ပဒေါင်, ပလောင်, မြောင်စီး, လီဆူး, ကိုးကန့်, ၀, တရုတ်, ဗမာ လူမျိုးပေါင်းစုံတို့ ကမ္ဗောဇဆေးရုံ သီတဂူအရိပ်ကို ခိုလှုံ စုစည်းမိကြသည်။ တိုင်းရင်းသားပေါင်း (၁၀၀၀) ကျော်ပါ၀င်သည်။ သီတဂူအဖွဲ့က မျက်စိကို အထူးစူးစိုက် ကြည့်ရှုစစ်ဆေးပါသည်။ ကမ္ဗောဇဆေးရုံအဖွဲ့က သွေးတိုး, ဆီးချို, နှလုံး, ကျောက်ကပ် , အသည်း, အိပ်ချ်အိုင်ဗွီ, အေအိုင်ဒီအက်စ် တို့ကို အသေးစိပ် စစ်ဆေးပေးပါသည်။

 

အတွင်းတိမ် , ရေတိမ် စွဲကပ်သည်မှာ နှစ်ပေါင်းကြာညောင်းကာ အချိန်လွန်၍ ခွဲစိတ်ကုသ မရနိုင် တော့သည့် လူနာပေါင်းများစွာ ပြန်လွှတ်လိုက်ရပါသည်။ အားလုံး စိတ်မကောင်းကြပါ။ ရေတိမ်နှင့် သွေးတိုးအလွန်တက်သဖြင့် မျက်ကြည်လွှာပေါက်သည့် လူနာများ ပြန်လွှတ်လိုက်ရ သည်လည်း  ရှိပါသည်။ အဆုပ်ရောဂါ, အသည်းရောဂါ, နှလုံးရောဂါ, သွေးတိုးရောဂါ, လွန်ကဲစွာ ဖြစ်နေခြင်းကြောင့် မျက်စိခွဲမရသည့် လူနာများလည်း ရှိပါသည်။ ““သဗ္ဗောလောကော ဦနော”” တစ်လောကလုံးမှာ လိုနေသည်ဟူသော ဒေသနာတော်သည် ရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်း ဒေသတွင်လည်း တစ်ထပ်တည်းပင် ဖြစ်ပါသည်။ တိ်ုင်းမှူး, မြို့နယ်အုပ်ချုပ်ရေးမှူး, ကမ္ဗောဇဆေးရုံအဖွဲ့, သီတဂူအဖွဲ့ လေးဦးလေးရပ်တို့ စုပေါင်း၍ လေးချောင်းထောက်သဖွယ် ၁၈-ရက်မှ ၂၃-ရက် နေ့အထိ (၆) ရက်တိုင် ဟန်ချက်ညီစွာ ဆောင်ရွက်ခဲ့ကြသည်။ အကျိုးကျေးဇူးမှာ လူနာပေါင်း ၂၁၅၁ ယောက်တို့ကို မှတ်ပုံတင်စာရင်း ပြုစုနိုင်ခဲ့သည်။ အပြင်လူနာအဖြစ် စမ်းသပ်စစ်ဆေး ကုသပေးလိုက်သော လူနာပေါင်းမှာ ၂၀၉၃ ယောက် ရှိသည်။ ခွဲစိပ်ခန်းတွင်းသွင်းပြီး ခွဲစိပ်ကုသခြင်းဖြင့် မျက်စိနှစ်ကွင်း အလင်းရသူပေါင်းမှာ ၂၃၇0x100သယောက် ရှိပါသည်။ ကျယ်ပြန့်လှစွာသော လိုကွက်, ဟာကွက်ကြီးတစ်ခုမှာ ကွက်လပ်လေးတစ်ခုကို သီတဂူက ဖြည့်စွက်လိုက်နိုင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ကုသိုလေ်၀စုကို အားလုံးေ၀ငှယူဖို့ သတင်းစကားပါးအပ် ပါသည်။

 

အများစုသောလူတို့၏ သဘာ၀မှာ အလုပ်တစ်ခုသည် ကောင်းလည်းမကောင်း, အကျိုးလည်းမရှိ, သို့သော် လွယ်ကူ၏။ ထိုအလုပ်မျိုးကို လုပ်တတ်ကြသည်။

 

လူအနည်းစုတို့သည် အကျိုးရှိ၏၊ ကောင်း၏၊ လုပ်ဖို့ရန်ခက်၏၊ ထိုအလုပ်မျိုးကို လုပ်တတ်ကြ၏။

 

ကျွန်ုပ်တို့သည် ထိုလူနည်းစုကို လူအများစုဖြစ်အောင် ကြိုးပမ်းရမည်။ အလွယ် ကြိုက်သော လူအများစုကိုမူကား လူအနည်းစုဖြစ်အောင် ကြိုးပမ်းရမည်။

 

မိမိ၏အချိန်ကို သူတပါးတို့အတွက် ပေးနိုင်ရမည်။ မိမိ၏သက်သာမှုကို စွန့်လွှတ်ပြီး သူတပါးတို့အား ထိုသက်သာမှုကို ပေးနိုင်ရမည်။ မိမိ၏ ကာယသုခကို ၀န်မတိုရ။ ကာယ မစၦရိယကင်းသော ၀ီရဓာတ်နှင့်ပြည့်စုံသော သူသည် သူတပါးတို့၏အကျိုးကို ဆောင်ရွက်နိုင်၏။ ဤခိုလန်ရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်းခရီး၌ နာဂတောင်တန်း ခရီးလောက် အခက်အခဲမရှိပေ။ နာဂတောင်တန်းဒေသ၌ တစ်တောင်ခြားလျှင် ဘာသာစကားတစ်မျိုး ခြားနားသောအဖြစ်နှင့် ကြုံတွေ့ခဲ့ရသည်။ ရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်းမှာမူကား ၀တ်စားဆင်ယင်ပုံ တစ်မျိုးလျှင် ဘာသာစကားတစ်မျိုး ပြောရတော့မည်ဟု  စိတ်ထဲတွင်တွေး၍ ငေးမိပါသည်။ ပအို့ဘာသာပြန်, ပလောင်ဘာသာပြန်, ၀ ဘာသာပြန်, လီဆူးဘာသာပြန်, ရှမ်းဘာသာပြန်, မြောင်စီး ဘာသာပြန်, ပဒေါင်ဘာသာပြန်, ကိုးကန့် ဘာသာပြန်ဟူ၍ ဘာသာပြန် (၇)ယောက်နှင့် အလုပ်လုပ်ရပါသည်။ ဆက်သွယ်ရေး လိုကွက်အမျိုးမျိုးကြောင့် ရင်းနှီးမှုမရကြ။ အနီးကလေးမှာပင် အေ၀းကြီးဖြစ်ကာ ကျောခြင်းကပ် လမ်းလျှောက် နေကြရသည့် အဖြစ်မျိုးကို မြင်ရသည်မှာ ၀မ်နည်းဖွယ်ရာ ကောင်းလှပေသည်။

 

မွေးရာပါမျက်စိနှစ်လုံး မမြင်သည့်  ၁၀-နှစ် ၁၂-နှစ်အရွယ် ကလေးငယ် ၅-ယောက်ခန့် ရောက်လာကြသည်။ အချို့မှာ မျက်စိသူငယ်အိမ်ကို ပါမလာကြသဖြင့် အလင်းရအောင် မကုသနိ်ုင်တော့ပေ။ အချို့မှာ မျက်စိသူငယ်အိမ် ကြုံ့သွားသည်မှာ ဇီးသီးချောက်သဖွယ် ဖြစ်နေသဖြင့် ကုမရနိုင်ခဲ့ပေ။ အချို့မှာ မျက်ကြည်လွှာ ပေါက်သွားခဲ့လေပြီ။ ဤကလေးငယ်တို့၏ ဘ၀အမြင် ဟာကွက် လိုကွက်တို့ကို ကျွန်ုပ်တို့ ဖြည့်စွက်ခြင်းငှာ မတတ်နိုင်ခဲ့။ သို့အတွက် သူတို့လေးများ၏ ဒုက္ခကို တွေးယူခံစားရင်း စိတ်နှလုံး ပင်ပန်းစွာဖြင့် ဤကလေးတို့ နောင်တစ်ဖန် ဤဘ၀မျိုး မကြုံကြရပါစေနှင့်ဟု ကရုဏာပို့ရုံမျှသာ ကုသိုလ်ပြု ခဲ့ရပါသည်။ မွေးရာပါ နှစ်ဖက်မမြင်သော ကလေးနှစ်ယောက်ကို မေ့ဆေးပေးပြီး တစ်ချိန်တည်းမှာပင် မေ့ဆေး စွမ်းရည်မကုန်ခမ်းမီ ကာလအတွင်း တစ်လုံးပြီးတစ်လုံး ခွဲစိပ်ကုသပေးနိုင်ခဲ့သဖြင့် ရှမ်းနှင့် ပလောင် သမီးငယ်နှစ်ယောက်တို့ အတော်အသင့် မြင်သွားကြပြီ။ လွန်ကဲသော ၀မ်းသာပီတိကြောင့် ဆရာ၀န်, ဆရာမ, သူနာပြုများအားလုံး မျက်ရည်၀ဲခဲ့ကြရသည်။ သို့သော် ၀မ်းနည်းမှုတစ်မျိုးကို အံကြိတ်၍ ထိန်းခဲ့ရသည်မှာ သူတို့၏ အသက်နှင့်အမျှ (၁၀-နှစ် ၁၂-နှစ်ခန့်) မမြင်ခဲ့ရဖူးသော ဤလောကကြီးကို ဘာတွေပဲပြောပြပြ ဘာမှန်းမသိသည်မှာ ၀မ်းနည်းဖွယ်ကောင်းလှသော အချက်ဖြစ်ပေသည်။ ဤသည်ကား အဖေ, ဤသည်ကား အမေဟူ၍ အသံသာကြားဖူးခဲ့သော်လည်း ရုပ်အဆင်းကို ယခုမှမြင်ရသည်။ ဟုတ်မှ ဟုတ်ရဲ့လား၊ ဘယ်လိုလူတွေလဲဟု တွေးငေးနေသော ကလေး၏ မျက်နှာမှာ စူးစမ်းလိုစိတ်တို့ဖြင့် ကြည်လင်၀င်းပ နေသော်လည်း ကျွန်ုပ်တို့သီတဂူအဖွဲ့နှင့် ကမ္ဗောဇဆေးရုံ အဖွဲ့တို့၏ မျက်နှာများမှာ ကြည်လင်နိုင်ခြင်း မရှိပေ။ သူတို့လေးတွေမှာ ပျက်နေသည့် မှတ်ဥာဏ်ကို ဘယ်လိုနည်းနှင့် ပြန်လည်ဖြည့်စွက် ပေးနိုင်အံ့နည်းဟု တွေးငေး၍ စိတ်နှလုံး မချမ်းမမြေ့ ဖြစ်ရပါသည်။

 

ဆရာဦးမြအောင် ပြောပါသည်။ “ဆရာတော် Physical Eye အသားမျက်လုံးကတော့ ကောင်းသွားပါပြီ၊ သို့သော် The Eye of Memory ကိုတော့ တစ်နှစ် နှစ်နှစ်ခန့် လေ့ကျင့်ရပါဦးမည်။  အဲဒီလောက် လေ့ကျင့်မှ လူ, ကျွဲ, နွား, ခွေး , ကြောင်, ကြက် စသည့် အမည်နှင့် ပုံသဏ္ဍာန်၊ အစိမ်း, အနီ, အ၀ါ, အပြာ အရောင်နှင့် အရိပ်တို့ကို နားလည် လာပါလိမ်မည်” ဟု လျှောက်ထားပါသည်။ ဆရာကြီး ဦးမြအောင်ပြောတော့မှ သြော်- Eye Operation တစ်ခုတည်းနှင့် ကိစ္စမပြီး Operation များစွာလုပ်မှ အလုံးစုံ ပြီးမည်။ လိုအပ်ချက်မှာ အလွန်ကြီးပေစွတကားဟု သေံ၀ဂပွားလျှက်, မဖြည့် မစွက်နိုင်သော လိုကွက် ဟာကွက်ပေါင်း များစွာအတွက် မဆုံးနိ်ုင်သော အတွေးအမျှင်တန်းကြီးဖြင့်  စဉ်းစား တွေးတောရင်း, “ပရေသံ ဟိတ မိစေၦယျံ”” ဟုသာဆုတောင်းမိပါသည်။

 

ဤရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်းခရီး၌ ဓမ္မ Operation အနေအားဖြင့်

 

၁။ ပင်လုံ၌ ငြိမ်းချမ်းရေး, ညီညွတ်ရေး, အတူလက်တွဲနေထိုင်ရေး တရားတော်
၂။ ခိုလန်မြို့၌ လူတို့၏ စရိုက်လက်္ခဏာကောင်းများသည် လူ့ဘ၀၏ တန်ဘိုးနှင့် တန်ခိုးတရားတော်
၃။ ကျိုင်းတောင်းမြို့တွင်  မေတ္တာတရားတော်
၄။ မိုးနဲမြို့တွင် အပ္ပမာဒတရားတော်
၅။ လဲချားမြို့တွင် အဆင်သင့်ပြင်ထား တရားတော်
၆။ ကွန်ဟိန်းမြို့တွင် လူသားတို့၏ ဘ၀တန်ဘိုး တရားတော် တို့ကို ဟောကြားခြင်းဖြင့် စာရိတ်္တ, စိတ်ဓာတ်, အသိဥဏ် တို့ကို ခွဲခြမ်း စိပ်ဖြာသည့် ဓမ္မဒါန (Dhamma Operation) ကောင်းမှုကို ကောင်းစွာ ပြုလုပ်ခဲ့ပါသည်။

 

မတ်လ ၂၄-ရက်, ၂၀၁၄ နေ့တွင် ခိုလန်ကုန်းမြင့်ရိပ်သာ၌  အနားယူလျှက် ဤစာတန်းကို  ရေးသားပါသည်။ ၂၅-ရက် နံနက် ၇း၀၀ နာရီတွင် ခိုလန်မြို့မှ နမ့်ပန်မြစ်, သံလွင်မြစ်နှင့် နမ့်ဆင်မြစ်တို့ကို ဖြတ်သန်းပြီး ကျိုင်းတုံနှင့် တာချီလိတ်နယ်ခြားဒေသသို့ ဓမ္မခရီးတစ်ခုကို ဆက်လက်၍ခရီးထွက်ခဲ့ပါသည်။သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။သီတဂူဆရာတော် ဒေါက်တာအရှင်ဥဏိဿရ

(ခေတ္တ-အရှေ့အလယ်ပိုင်း ရှမ်းကုန်းမြေမြင့်)
ခိုလန်
(၂၄၊၃၊ ၂၀၁၄)

20140331 01 20140331 02 20140331 03 20140331 04 20140331 05 20140331 06 20140331 07 20140331 08

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈