Foreign

မလေးရှားရောက် သီတဂူဆရာတော် သြဝါဒ

ဒီကနေ့ မလေးရှား ကွာလာလမ်ပူကို ရောက်လာတာဟာ ဟိုအရင်နှစ်တွေက ရောက်လာသလို တရားဟောဖို့ လာတာ မဟုတ်ဘူး၊ အရင်ခေါက်တွေ ရောက်တုန်းကတော့ မလေးရှားရောက် တပည့်တွေ ဒကာ ဒကာမတွေ အထူးသဖြင့်တော့ လူငယ် လူရွယ်တွေဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မနဲ့ ဝေးသွားမှာစိုးလို့၊ “မီးဝေးရင် ချိတ်မာတယ်” ဆိုတဲ့ စကားတစ်ခုရှိတယ်။ ချိတ်ဆိုတဲ့ ကပ်တဲ့ အစေးလေးတစ်မျိုးဟာ မီးနဲ့ခဏခဏ တွေ့မှ အပူပေးမှ ပျော့ပျော့ပြောင်းပြောင်း ဖြစ်တာ၊ မီးနဲ့ အထိတွေ့ မရရှိတဲ့ ချိတ်ဟာ မာကျွတ်ပြီး ဘယ်မှာမှ အထိမ်းကွပ်မရှိပြီး အကွဲအပြဲ ဖြစ်တတ်တယ်။

စာအိပ်တွေမှာ ချိတ်နဲ့ပို့တယ်ဆိုတာ၊ မီးနဲ့အပူပေးပြီး ကပ်တာ၊ အဲဒီတော့ “မီးဝေး ချိတ်မာ” ဒီစကားလိုပဲ ဗုဒ္ဓဓမ္မနဲ့ ဝေးတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မာကျောကျော ဖြစ်ပြီး ကွဲကွဲပြားပြား ဖြစ်ကုန်မှာစိုးလို့ တရား လာလာ ဟောပြပါတယ်။

နိုင်ငံရဲ့သားငယ်သမီးငယ်တွေအတွက် စိတ်မကောင်း

ဒီကနေ့လဲပဲ တကယ်တော့ ဟောဖို့လာတာ မဟုတ်ဘူး၊ ပေးမလို့ လာတာ၊ မလေးရှားနိုင်ငံမှာ လာပြီးတော့ စီးပွားရှာ အလုပ် လုပ်ကြတဲ့ လူငယ် အမျိုးသားတွေ အမျိုးသမီးတွေ အကြောင်းအမျိုးမျိုးပေါ့၊ အကြောင်းအမျိုးမျိုးဆိုတာ ပတ်စပို့မရှိတာ၊ ဗီဇာကုန်သွားတာ စသည်၊ အမှားအယွင်းတစ်ခုကြောင့် အကျဉ်းအကြပ် ဖြစ်နေကြတဲ့ ဒို့နိုင်ငံတော်ရဲ့ သားငယ် သမီးငယ်တွေ အကြောင်းတွေ ကြားပြီးတော့ စိတ်ထဲမှာ တော်တော် ခံစားရတယ်။

ကရုဏာဆိုတာ

ကရုဏာဆိုတဲ့ စကားလုံးကို မှတ်ထား၊ Feeling for others suffering လို့ အဓိပ္ပါယ်ရှိတယ်၊ သူတစ်ပါးတို့ ဒုက္ခရောက်နေသည်ကို အဲဒီ ဒုက္ခရောက်သူတို့ ခံစားရသလိုပဲ၊ မြင်သူ ကြားသူတို့ရဲ့ ရင်ထဲမှာ ခံစားခြင်း။ အဲဒီခံစားချက်နဲ့ ဒီကနေ့ ဒို့လာပြီးတော့ ဒုက္ခရောက်နေကြတဲ့ ညီငယ်တွေ၊ ညီမငယ်တွေ သားငယ် သမီးငယ်တွေ ဒုက္ခမှ လွတ်မြောက်ကြောင်း အနဲငယ်မျှ အထောက်ပံ့ကောင်း ဖြစ်စေတော့ ဆိုပြီးတော့ ရောက်လာတာ။

ဒို့ တရားဟောတဲ့ ဘုန်းကြီးဆိုတော့ တရားလေးဘာလေး ဟောလိုက်ရင် ရတယ်ကိုး၊ လှောင်သလိုလိုနဲ့ သီတဂူက လေဘုန်းကြီပါကွာလို့ ပြောဖူးတယ်၊ ဟုတ်ပါတယ် ဒို့က လေနဲ့ အလုပ်လုပ်တာပါ၊ လေကနေပြီး ရေဖြစ်လာတာ၊ စစ်ကိုင်းတောင် တစ်တောင်လုံး ရေပေးတာ လေနဲ့ပေးတာ၊ နောက်တစ်ခါ လေကနေ ဆေးရုံတွေလဲ ဖြစ်ပါတယ်၊ မြန်မာပြည် တစ်ပြည်လုံး ဆေးရုံပေါင်း ၂၅ ခု ဆောက်ပြီးတော့ လှူပြီးသွားပြီ၊ အဲဒီလေနဲ့ပဲ တက္ကသိုလ်ကြီးတွေ တည်ထောင်တာ၊ တက္ကသိုလ် ၃ ခုလဲ ထောင်ပြီးပြီ၊ အဲဒီလေပေးပြီး ကျောင်းတိုက်တွေ တည်ထောင်တာ၊ အမေရိကန်မှာ ကျောင်းတိုက် ၃ ခု တည်ထောင်ပြီးပြီ၊ ကျောင်းတိုက်တစ်ခု ဆိုရင်၊ အောစတင်က ကျောင်းဆိုရင် ၂၀ ဘီလျံလောက် အကုန်ကျ ရှိတယ်၊ ၅၄ ပေရှိတဲ့ ရွှေစည်းခုံစေတီတော်ကြီး အော်စတင် တက္ကဆက်ပြည်နယ်မှာ တည်ပြီးပြီ။ ဧရာ၀တီ မုန်တိုင်းတုန်းကဆို လေနဲ့ပဲ အလုပ်လုပ်တာပဲ၊ ရေဘေးသင့်တဲ့ သူတွေ တော်တော်များများ ဒို့ ထောက်ပံ့နိုင်ခဲ့တယ်၊ ၈.၅၈ ဘီလျံ ဒို့ သီတဂူရဲ့ အလှူ လှူနိုင်ခဲ့တယ်။

ဒို့ မလေးရှားက ပင်ပန်း ဆင်းရဲနေကြတဲ့ သားငယ် သမီးငယ်တွေ၊ ညီတွေ နှမငယ်တွေ အတွက် လာပြီးတော့ နဲနဲပါးပါး ကူအုန်းမယ်ဆိုပြီးတော့ ရန်ကုန်မှာ ဟောလိုက် ပြောလိုက် အလှူခံလိုက်တော့---
အမေရိကန်ဒေါ်လာ တစ်သိန်း သုံးထောင် သုံးရာ လေးဆယ် (၁၀၃၃၄၀) အဲဒါ လေးငါးရက်အတွင်းမှာ ရလာတယ်။ အဲဒါ ဒီယူလာပြီးတော့ ဒီထဲက စရိတ်ကို မသုံးဘူး၊ ကိုယ့်ပိုက်ဆံနဲ့ လေယာဉ်လက်မှတ် ၀ယ်စီး၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဟိုတယ်ခ ပေးပြီးတော့ အဲဒီ(၁၀၃၃၄၀)ကို ဒုက္ခဖြစ်ရှာကြတဲ့ ကလေးတွေကို လှူမလို့။ ဒီကနေ့ပွဲ့ ဘုန်းကြီးက မင်းတို့ကို ပြန်လှူတဲ့ ပွဲနော်၊ ဘယ်သူက ဘယ်သူ့ကိုမဆို လာလှူကောင်းတယ်၊ လှူတယ်ဆိုတဲ့ စကားကို ရှယ်ယာ Share ပေါ့၊ ဝေစုခွဲပေးတာ၊ ဝေပေးတာ၊ သာသနာတော်မှာ ပျော်ရွှင်စရာ အလုပ်တွေ အများကြီးရှိတဲ့ အထဲက သံဝိဘာဂ ရတော ဆိုတာ မှတ်ပါ၊ ပြော- (ပရိသတ် လိုက်ဆိုသံ)။ ဝေပေးရတဲ့ အလုပ်ကို ပျော်ရမယ်တဲ့။ ဘာလဲဟေ့--(ပရိသတ်လိုက်ဆိုသံ)၊ ဒီကနေ့ငါဝေပေးမယ်၊ ငါ သိပ်ပျော်တယ်၊ ဝေစု ရတဲ့သူတွေကော မပျော်ဘူးလား (ပျော်ပါတယ်ဘုရား ပရိသတ်သံ)။

အေး၊ ဒို့များရဲ့ မေတ္တာပို့မှာ ရှိတယ်၊ “ဒို့လဲ ၀မ်းသာ၊ ငါလည်း ရွှင်ပြုံး၊ နှလုံးစိတ်၀မ်း လန်းလာယခု ချမ်းသာကို ပြုလျက်”။ Your happiness makes me happy. My happiness also makes you happy. မင်းတို့ ပျော်ရွှင်မှုကလဲ ငါ့ကို ပျော်ရွှင်စေရမည်၊ ငါ့ပျော်ရွှင်မှုကလဲ မင်းတို့ကို ပျော်ရွှင်စေရမည်၊ အဲဒီပျော်ရွှင်မှုနှစ်ခု ပေါင်းစပ်တဲ့ ကောင်းမှုပွဲကို တက်ရောက်လာကြတဲ့ သံမတ်ကြီးနှင့်တကွသော အားလုံးသော ညီအကိုမောင်နှမတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်၊ ၀မ်းသာတယ်။

ဒဏ်ငွေဆောင်ခြင်းနှင့် အလှူ၏ ရည်ရွယ်ချက်

အဲဒီတော့ အလှူငွေ အမေရိကန်ဒေါ်လာ တစ်သိန်း သုံးထောင် သုံးရာ လေးဆယ် (၁၀၃၃၄၀)ကို လှူလိုက်ကြတဲ့ အလှူရှင်တွေကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ၊ ရန်ကုန်ဆေးခန်းက တပည့် ဒကာ ဒကာမတွေ၊ တော်၀င်စင်တာက တပည့်ဒကာ ဒကာမတွေ၊ သီတဂူအဖွဲ့ တပည့် ဒကာဒကာမတွေ၊ အားလုံးပေါင်းပြီးတော့ လှူကြတယ်။

အဲဒါတွေကို ဘာကို သုံးရမလဲဆိုတော့၊ ဒီရောက်တော့ သံမတ်ကြီးအမှူးရှိတဲ့ တပည့်ဒကာဒကာမတွေနဲ့ ဒီလုပ်ငန်းကို ဆောင်ရွက်နေတဲ့ မောင်သီဟရယ်၊ နောက်ပြီးတော့ ဘုန်းကြီးက ငါ-နှစ်ပေါင်းများစွာ ခိုင်းလာခဲ့တဲ့သူ ဒီမှာ ရှိတယ်၊ သီဟ မောင်မောင်ဆိုတဲ့ကောင်ရယ်၊ အောင်မိုးဆိုတဲ့ ကောင်ရယ်၊ ရဲထွဋ်ဆိုတဲ့ ကောင်ရယ်၊ ရဲထွဋ်က ကျောက်တံခါး၊ အောင်မိုးက ကျိုက်ထို၊ သီဟမောင်မောင်က ရန်ကုန်သား။ ကြာပြီ-- ၁၀နှစ်လောက်ရှိပြီ၊ ဒီကောင်တွေကို ဘုန်းကြီး ဒီမှာ ခိုင်းလာတာ၊ သူတို့ရွာတွေလဲ သွားသွားပြီး တရားဟောတယ်။ အဲတော့ ဒီရောက်တော့ ငါ ဘယ်နေရာမှာ လှူရရင် ကောင်းမလဲဆိုတော့ ဧရာ၀တီ ဖောင်ဒေးရှင်းကတော့ လေယာဉ်စရိတ်ကို အဓိကထားပြီး လှူကြတယ်၊ အဲဒါဆို ငါ့ကို ကျန်တဲ့ နေရာလေး တစ်နေရာပေးပါဆိုတော့ မလေး လူ၀င်မှုကြည့်ကြပ်ရေး (လ၀က)မှာ အိုဗာစတေး Over Stay ကြောင့် ဖြစ်တဲ့ ဒဏ်ကြေးပေါ့၊ အဲဒါလေးတွေကို ငါက ပေးမယ်။

ဒဏ် ဆိုတဲ့စကား ငါက တော်တော်ကြိုက်တယ်၊ ဒဏ္ဍဆိုတဲ့ ပါဠိပုဒ်မှာ ဂျိန်းဘာသာမှာနော် ရှေးကနေ အထွဋ်အမြတ်ထားပြီး သုံးတဲ့ စကားလုံး၊ မင်းတို့ သြကာသ ကန်တော့တဲ့အခါ ကာယကံ၊ ၀စီကံ၊ မနောကံ ဆိုတာ ပါတယ်မလား၊ မြတ်ဗုဒ္ဓထက် နှစ်သုံးဆယ်လောက် စောတဲ့ ဂျိန်းဘာသာက ကာယကံ၊ ၀စီကံ၊ မနောကံ မပြောဘူး၊ ကာယဒဏ်၊ ၀စီဒဏ်၊ မနောဒဏ်၊ ဒီလိုပဲပြောတယ်၊ အဲဒီတော့ ဒီစကားဟာ အခုမှပေါ်တာမဟုတ်ဘူး၊ မြတ်စွာဘုရားထက် စောကြီးကထဲက ပေါ်ခဲ့တဲ့ စကားဟောင်း၊ အဲဒါကြောင့် ဒဏ်ဆိုတဲ့ စကားဟာ အမှု၊ ဘာလဲဆိုတော့ ကာယဒဏ်-ကိုယ်နှင့်ပြုတဲ့အမှု၊ ၀စီဒဏ်-နှုတ်နဲ့ပြုတဲ့ အမှု၊ မနောဒဏ်- စိတ်ထဲက ကြံတဲ့ အမှု၊ ကိုယ်-နှုတ်-စိတ် သုံးပါးကြောင့် ဖြစ်လာတဲ့ အမှုတွေကို ဘာခေါ်လဲဟေ့၊ ဒဏ်လို့ ခေါ်တယ်။ အဲဒီဒဏ်လေးတွေကို ငါက လှူမယ်။

ဘာ့ကြောင့် ငါ ဒဏ်သေးသေးတွေကို ရွှေးပြီး လှူမိလဲဆိုတော့ ငါလဲ ဒဏ်မသင့်ချင်ဘူးလေ၊ “ဘ၀အဆက်ဆက်က ကာယကံအမှား ၀စီကံအမှား၊ မနောကံအမှား၊ ကိုယ်-နှုတ်-စိတ် အမှားတွေကြောင့် သင့်လာခဲ့တဲ့ ဒဏ်တွေကို ဒီဘ၀ ဒီအလှူကြောင့် ပြေပါစေတော့လို့” ငါ့ရည်ရွယ်ချက်နဲ့ ငါဆုတောင်းလာတာ။

“မြန်မာနိုင်ငံ လူတွေရော၊ မြန်မာနိုင်ငံအပြင်ဘက်က လူတွေရော ကိုယ်အမှား နှုတ်အမှား စိတ်အမှားကြောင့် ဖြစ်လာတဲ့ ဒဏ်တွေ အားလုံး ပြေကြပါစေ၊ ပျောက်ကြပါစေ”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီ ဒဏ်သင့်အတွက် အလှူငွေ (၁၀၃၃၄၀) ဆိုတာကို ဒီကနေ့ လှူပါတယ်ဆိုတာကို အဲဒါ ကြေငြာပါတယ်။

သီတဂူအထောက်ကူပြုအဖွဲ့ (မလေးရှား) ဖွဲ့စည်းလိုက်

အဲဒီငွေတွေကို ဘယ်သူက ဘယ်လိုကိုင်ပြီးတော့ သုံးစွဲမလဲဆိုတော့ ဒို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ သီတဂူသာသနာပြုအဖွဲ့ဆိုတာ ရှိတယ်။ သာသနာပြုအဖွဲ့ကြီးကို ဝိုင်း၀န်းကူညီတဲ့ အဖွဲ့တွေကို အထောက်အကူပြု အဖွဲ့ဆိုတာရှိတယ်၊ အထောက်ကူပြုအဖွဲ့တွေက ရန်ကုန်မှာရှိတယ်၊ မန္တလေးမှာရှိတယ်၊ တခြားမြို့နယ်တွေမှာလဲရှိတယ်၊ စင်္ကာပူမှာလဲရှိတယ်၊ အင်္ဂလန်မှာလဲ ရှိတယ်၊ အမေရိကန်မှာလဲ ရှိတယ်၊ အဲဒီတော့ တစ်သိန်းကျော်သော ပိုက်ဆံတွေကို သုံစွဲဖို့ စနစ်တစ်ခုတော့ လုပ်မှ ဖြစ်မှာပဲ ဆိုတော့၊ ငါက မနေ့က ကိုင်း-ဒီပိုက်ဆံကို ဒို့ရဲ့တာ၀န်ပေးချက်အရ လုပ်ဖို့ရန်အတွက် သီတဂူအထောက်ကူပြုအဖွဲ့ ဆိုတာကို မလေးရှားမှာ ဖွဲ့လိုက်အောင်ဆိုပြီး ဒို့က စီမံလိုက်တယ်။ စီမံလိုက်တော့ ဟောဒီမှာ အာရှတော်၀င် မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမြတ်သူ (မက်တက်ရပ်ခိုင်း)၊ သူလဲ အလှူတွေ အများကြီးပါတယ်၊ သူပါမယ်၊ ရန်ကုန်တိုင်းက ဆေး၊ ဆင်ဘရားသားဆေးကုမ္ပဏီက ဘာဘူပီကေဆင်းဆိုတာ ပါမယ်၊ သီတဂူအဖွဲ့ထဲက လှဆန်းယဉ် ကိုမြင့်အောင်ဆိုတာ ပါမယ်၊ အဲဒီ သုံးယောက်နဲ့ မလေးရှားက ခုနက ကြော်ငြာသွားတဲ့ သီဟမောင်မောင်၊ အောင်မိုး၊ ရဲထွဋ် ရယ်၊ အဲဒီသုံးယောက်ပေါင်းပြီးတော့ စုစုပေါင်း ၆ ယောက်၊ ၆ ယောက်ကို တိုက်ရိုက် ခိုင်းမှာက ဘုန်းကြီးကိုယ်တိုင်၊ ဒါရိုက်တာဆိုလဲ ဘုန်းကြီးပဲ၊ ဥက္ကဋ္ဌဆိုလဲ ဘုန်းကြီးပဲ၊ “မလေးရှား သီတဂူအထောက်ကူပြုအဖွဲ့”။ အဲဒီသီတဂူအထောက်ကူပြုအဖွဲ့ကို ဒီကနေ့ ဒီငွေတွေကို ပေးအပ်တဲ့အခမ်းအနား ဒီကနေ့ ကျင်းပခြင်းဖြစ်ပါတယ်။

(အဖွဲ့မှာ တာ၀န်ထမ်းဆောင်နေတဲ့သူက “အရင်က တစ်ယောက်ကို ၄၀၀ လှူရန် အလှူခံမည်ဖြစ်သော်လည်း အခု သီတဂူဆရာတော်နှင့်အဖွဲ့က တစ်ယောက်ကို အမေရိကန် ဒေါ်လာ ၄၀၀ ဆီ ဒဏ်ကြေးငွေအတွက် လှူပေးပြီးဖြစ်၍ သီးခြား အဲဒီအတွက် အလှူမခံရတော့ကြောင်း” ပြော) “၂၇ရက်နေ့မှာ ဒေါက်တာမြတ်သူ ရန်ကုန်ပြန်မယ်၊ အဲဒီမှာ ၂၇ ရက်နေ့ညမှာ ဘုန်းကြီးတို့ သီတဂူအဖွဲ့ အစည်းဝေးလုပ်မည်၊ ဒီထက် အင်တိုက်အားတိုက် လှူနိုင်လိမ့်မယ်၊ အစည်းဝေးပြီးတာနဲ့ ဒီထဲက လှဆန်းယဉ် ကိုမြင့်အောင်နှင့် ဘာဘူးပီကေဆင်တို့ ဒီမလေးရှားကို ထက်လွတ်မယ်၊ နောက်ထက် ၂၇ ရက်ညမှာ ဘယ်လောက် ဖြစ်မလဲ ဆိုတာ သတင်းကောင်းစောင့်နေကြအုန်း”ဟု ဆရာတော်မိန့်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

water-progect-01water-progect-02water-progect-03

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 9 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈