သီတဂူဆရာတော်သြဝါဒ

မဘသ စုံညီ သီတဂူဆရာတော်ကြီး သြဝါဒ အပိုင်း (၁)

 ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၄)ရက်

 

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သံဃာ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးဖော်ဆောင်သည့် အစည်းအဝေးကြီးကို ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းကြီးမှာ (၄-၁၀-၂၀၁၅)နေ့ နေ့လည်(၂းဝဝ)က ကျင်းပသည်။ သီတဂူဆရာတော်ကြီးက အောက်ပါအတိုင်း သြဝါဒကထာ ပြောကြားသည်။ များပြားသဖြင့် အပိုင်းခွဲ၍ တင်ပေးပါသည်။

ဦးစွာ ဘုရားရှိခိုး

----------------

အတိုင်းမသိ အနှိုင်းမရှိ အောင်မြင်တော်မူသော အရာရာကို ဝေဘန်ဆန်းစစ်သည့် ဉာဏ်ရှိတော်မူသော သဗ္ဗညူမြတ်စွာဘုရားအား ရှိခိုးပါ၏။
နမော ၀ိဘဇ္ဇဝါဒိနော အနန္တဇိနဿ (၃ခေါက်)ဆို ဘုရားရှိခိုင်းဖွင့်။ (ဆရာတော်ရှေ့ကတိုင်ပေး ပရိသတ်အားလုံးပြန်တူ ၃ခေါက်ဆို)

စုဝေးရောက်လာ ပရိသတ်အင်အား

ဒီကနေ့အားလုံး၊ သုဝဏ္ဏအားကစားကွင်း ခန်းမဆောင်ကြီးမှာ လာရောက်စုဝေးကြတယ်၊ ဘုန်းကြီးစိတ်ထဲမယ် ခန့်မှန်းကြည့်တယ်၊ သံဃာတော်ပေါင်း ၂၀၀၀ ကျော်ခန့်ရှိလိမ့်မယ်၊၂၅၀၀ ဆိုတဲ့ဂဏန်းကတော့ သိပ်လှတယ်။ ဆဋ္ဌသံဂါယနာတင် ကမ္ဘာအေးက လှိုင်ဂူကြီးထဲမှာ သံဃာတော်များစုဝေးနေကြသလိုပဲ၊ ဒီကနေ့ စည်းဝေးတော်မူကြတယ်။
လူထုပရိသတ် တစ်သိန်းခန့် အတွင်းရောအပြင်မှာ စုဝေးနေကြတယ်လို့ ဘုန်းကြီးတို့ ဒီလိုပဲ ယုံကြည်ပါတယ်။ အဲဒါ ဘာလုပ်ကြတာလဲဆိုတော့ အောင်ပွဲ၊ (ပရိတ်သတ်ရေ-ဘာလဲ၊ အောင်ပွဲပါဘုရား)

မျိးစောင့်ဥပဒေ ပေါ်ပေါက်လာပုံ

နှစ်ပေါင်းများစွာ ရွာမဆရာတော်ကြီးနှင့်အဖွဲ့တွေ၊ အပေါင်းသင်းတွေဟာ တိုင်းပြည်နှင့်လူမျိုးအတွက် ဒါ National Fair ပေါ့၊ အမျိုးသားရေးကိစ္စ၊ လူမျိုးရယ်၊ ဘာသာရယ်၊ သာသနာရယ် စောင့်ရှောက် ထိန်းသိန်းဖို့ဆိုပြီးတော့ ဥပဒေများပြထာန်းဖို့ ကြိုးစားလာခဲ့ကြတာ။ လွတ်တော်နှစ်ရပ်က အတည်ပြုပြီးတော့ နိုင်ငံတော်သမ္မတကြီးက လက်မှတ်ထိုး ကြေညာထုတ်ပြန်ပေးလိုက်တဲ့အတွက် ဒီကနေ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေဟာ နိုင်ငံတော်တစ်ဝှမ်းပြထာန်းပြီးဖြစ်သွားတယ်။ အဲဒါပြထာန်းပြီး ဖြစ်သွားတဲ့အတွက် အားလုံးပျော်လွန်းလို့ ၀မ်းမြောက်ဝမ်းသာ ဒီကနေ့ အောင်ပွဲဆိုပြီးတော့၊ လာဆင်နွဲကြတယ်။ အောင်ပွဲမှာ ဘုန်းကြီးတို့ ပါ၀င်စကားပြောခွင့်ရလို့ ၀မ်းသာတယ်။

အောင်ပွဲတက်လာရခြင်း

တောင်သမုဒ္ဒရာထဲက ပင်လည်ထဲ ကျောက်ဆောင်ပေါ်မှာ ပြသာဒ်နဲ့ နေနေတဲ့အရှင်ဥပဂုတ္တမထေရ်ကို တတိယသင်္ဂါယနာတင် ဆင်နွဲတော်မူတဲ့အခါ မောဂ္ဂလိပုတ္တမထေရ်ကြီးက အမိန့်နဲ့ “သံဂါယနာတင်ပွဲနှင့် ကိုးတိုင်းကိုးဌာန သာသနာပြုပွဲကြီး မာနတ်ရဲ့ အနှောက်ယှက်ရှိတယ်။ အဲဒါကြောင့် ဟိုးးးတောင်သမုဒ္ဒရာမှာ တစ်ယောက်ထဲ အေးအေးဆေးဆေးနေတာ။ လာ၊ ဒီပွဲမှာ မင်း၊တာဝန်ယူ။ တစ်ယောက်ထဲချမ်းချမ်းသာသာ နေနေတဲ့ ဥပဂုတ္တမထေရ်ကို သံဃာတော် တစ်ထောင်ကျော်တို့၏အကြီးအကဲ မောဂ္ဂလိပုတ္တမထေရ်အမိန့်အရ သံဂါယနာပွဲမှာ လာပြီးတော့ အစောင့်အရှောက်တာဝန်ကို ယူရတယ်။ 

ဆရာတော်သံဃာတော် အရှင်မြတ်တို့ဘုရား--

တပည့်တော် ဒီကနေ့ ဒီပွဲကို တက်လာခြင်းဟာ စစ်ကိုင်းတောင် ချောင်ကောင်းကောင်းလေးမှာ Private Library ပေါ့၊ တစ်ယောက်ထဲကြည့်တဲ့ စာကြည့်တိုက်ကလေး ထောင်ပြီးတော့ တနေကုန်မနား စာကြည့်၊ မနက် စာဝါတစ်ဝါချပြီး ချမ်းချမ်းသာသာ နေနေတာကို ရွာမဆရာတော်အမှူးရှိတဲ့ မဘသဆရာတော် ၂၅၀၀ကျော်တို့က သီတဂူဆရာတော် ကြွတော်မူပါဆိုတော့ အရှင်ဥပဂုတ္တမထေရ် ကြွသလို၊ တပည့်တော်လည်း မနေသာလို့ လာခဲ့ရပါတယ်။

အဲဒါ တပည့်တော် ဒီအခန်းအနားမှာပြောဖို့ရန် အခမ်းအနားအစီအစဉ်ထဲမှာ ထည့်ထားတာက သြဝါဒကထာလို့ ဒီလိုထည့်ထားတယ်။ အဲဒါကြောင့် ဥပဒေအကြောင်းအချက် အလတ်ပက်သက်လို့ တပည့်တော် ပြောစရာ မလိုတော့ဘူး။ ဒီပွဲကြီး၏ ဥက္ကဋ္ဌဆရာတော်ကြီးက အသေးစိပ် ရှင်းလင်းတင်ပြသွားပါပြီ။ တပည့်တော် ဒီအခမ်းအနားမှူး ကြေညာတဲ့အတိုင်း သြဝါဒကထာဆိုသည့်အားလျှော်စွာ သြဝါဒကထာစကားမျှပဲ ပြောပါရစေ။

အောင်ပြီဆိုပြီးတော့ အိပ်မနေကြနဲ့

ဒီကနေ့ အောင်ပြီ ပျော်လွန်းလို့----------မြတ်စွာဘုရား ဗောဓိပင်ခြေရင်း ပလ္လင်ဗွေမှာ အောင်တုန်းက သကြား ဗြဟ္မာ နတ်တွေ ပျော်လိုက်ကြတာ၊ နဂါးဂဠုန် ဂုမ္ဘာန် ယက္ခတွေလည်း ပျော်လိုက်ကြတာ၊ အဲဒါ စာထဲမှာ အဋ္ဌကထာမှာ တွေ့တယ်၊ ထူးထူးဆန်းဆန်း၊ အဲဒီနေ့မှာ တကမ္ဘာလုံးမှာ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးမှာ မတည့်တဲ့ အကောင်နှစ်ကောင်၊ နဂါးနှင့် ဂဠုန်၊ (ဘာနဲ့ ဘာလဲ- နဂါးနဲ့ ဂဠုန်ပါဘုရား)။ တကမ္ဘာလုံးမတည့်တဲ့ အကောင်နှစ်ကောင် နဂါးရယ် ဂဠုန်ရယ် အဲဒီနေ့မှာ သူတို့နှစ်ကောင်လည်း လက်တွဲသွားကြတယ်။ ဒီလို အဋ္ဌကထာမှာတွေ့ပါတယ်။

ဒီကနေ့ တပည့်တော် လျှောက်ချင်တာက မတည့်တဲ့အကောင်တွေ အားလုံးပျော်ပျော်ပါးပါး လက်တွဲညီညာ ကခုံမြူးတူးနိုင်ကြသလို ပျော်မြူးနိုင်ကြပါစေလို့ ရှေးဦးစွာဆုတောင်းပါတယ်။

နောက် မာနတ်ရဲ့ တိုက်ပွဲဟာ ဗောဓိပင်အောက်မှာ ပြီးသွားပြီလို့ မမှတ်နဲ့၊ မြတ်စွာဘုရားကိုယ်တော်မြတ်ကို တိုက်ခိုက်ခဲ့တဲ့ မာနတ်ရဲ့တိုက်ပွဲဟာ ဗောဓိပင်အောက်မှာ မပြီးဘူး။ မာနတ်ကိုယ်တိုင်က နောက် (၇)နှစ်ကြာတော့ မြတ်စွာဘုရားကို လျှောက်တဲ့ စကားတစ်ခွန်းရှိတယ်။

“သတ္တဝဿာနိ ဘဂဝန္တံ၊ အနုဗန္ဓိံ ပဒါပဒံ။ သြတာရံ နာဓိဂစ္ဆိဿံ၊ သမ္မာသမ္ဗုဒ္ဓဿ သတီမတော” (ပဓာနသုတ်၊ သုတ္တနိပါတ)။ ဒါ မာနတ်ကိုယ်တိုင်ပြောတဲ့စကား။ မာနတ်ကြီး ဗောဓိပင်အောက်မှာ ရှူံးနိမ့်ပြီး၊ နဂါး ဂဠုန် ဂုမ္ဘာန် ယက္ခ သကြားဗြဟ္မာ နတ်ဒေဝါတွေ အောင်ပွဲဆင်ပြီး ပျော်ပွဲဆင်ပြီးတဲ့နောက်မှာ မာနတ်ဟာ လက်လျှော့သွားတာ မဟုတ်ဘူး၊ အဲဒါကို သတိပြုရလိမ့်မည်။ အောင်ပြီဆိုပြီးတော့ စိတ်ချလက်ချနေလို့ မဖြစ်ဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ မာနတ်ဟာ မြတ်စွာဘုရားရဲ့ ၄၅နှစ်ဘဝမှာ သူကိုယ်တိုင်ပြောတာနော်၊ ဗုဒ္ဓကို အနှောက်ယှက်ပေးတုန်း၊ ဗုဒ္ဓရှင်တော်ရဲ့နောက်ကနေ ခြေရာနှင်းပြီးတော့ လိုက်ခဲ့တာ (၇)နှစ်တောင် ကြာတယ်။ (မာနတ်ကြီး ရှုံးပြီးတော့ ဗုဒ္ဓကိုနှောက်ယှက်ဖို့ ခြေရာနှင်းလိုက်တာ ဘယ်နှစ်နှစ်လဲ-- (၇)နှစ်ပါဘုရား။

အဲဒါကြောင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့တွေ အောင်ပြီဆိုပြီးတော့ မျက်စိမှိတ် အိပ်နေလို့ မဖြစ်ဘူး၊ မာနတ် အမြဲတမ်း နောက်ကနေ ရှိနေတယ်။ ဘုရားကိုယ်တော်မြတ်ရဲ့ ခြေတော်ရာနောက် (၇)နှစ်လိုက်တယ်၊ ပုထုဇဉ်တို့ခြေရာကို နှောက်ယှက်ဖို့ အမြဲတမ်းကြံစည်ရှိတယ်။ အဲဒါကို အားလုံး သတိပြုဖို့ လိုပေလိမ့်မယ်။

နောက် လောကနီတိမှာ “ဇိဏ္ဏမန္နံ ပသံသေယျ၊ ဒါရဥ္စ ဂတယောဗ္ဗနံ။ ရဏာပုနာဂတံ သူရ၊ သဿဥ္စ ဂေဟမာဂတံ။ (စာဏကျနီတိ)” ထမင်းစားကောင်းတယ်ဟေ့ ထမင်းတွေက ကောင်းတယ်၊ ဟင်းတွေက ကောင်းတယ်၊ စားလို့ ကောင်းလိုက်တာ၊ ချီးမွမ်းမစောနဲ့၊ အစာကြေတော့မှ ချီးမွမ်းခန်းဖွင့်ပါ။ ငါ့မိန်းမ ငါ့ယောက်ျား အကျင့်စာရိတ္တကောင်းလိုက်တာလို့ ညားခါစလေးမှာ ချီးမွမ်းခန်းမဖွင့်လိုက်ပါနဲ့အုံး၊ အိုပြီးတော့ အရိုးတွေ အရေတွေ ရှုံ့တွပြီးတော့ အိုမင်းရင့်ရော်တဲ့အချိန်ရောက်မှ ချီးမွမ်းခန်းဖွင့်ပါ။ စစ်သူရဲကြီး ဟာ သူရပုဂ္ဂိုလ်ကြီး သူရဲကောင်းကြီး စစ်ပွဲတစ်ပွဲမှ မရှိဘဲ ချီးမွမ်းခန်းမဖွင့်နဲ့၊ တိုက်ပွဲဆင်ပြီးတော့ အောင်ပွဲကပြန်လာတော့မှ ရဲရင့်သော စစ်သူကြီးလို့ ချီးမွမ်းပါ။

အဲဒါကြောင့် အောင်ပွဲဆင်ပေမဲ့ မြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ နောက်ကနေ မာနတ် ဘယ်နှစ်နှစ်လိုက်လဲ၊ (၇)နှစ်လိုက်တယ်၊ အပေါက်နှိုပ်စရာမရှိလို့ မာနတ် လက်လျှော့သွားတယ်။ အဲဒါကြောင့် အနှောက်အယှက် အဖျက်အစီး အပေါက် ရှာမရအောင် တပည့်တော်တို့ သံဃာတော် အားလုံး ညီညွတ်ဖို့လိုပါတယ်။

ချီးမွမ်းသံ ကဲ့ရဲ့သံတွေ ကြားတဲ့အခါ

အဲဒီတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ လုပ်ငန်းကြီး အောင်မြင်ပြီဆိုပြီးတော့ ချီးမွမ်းသံတွေလည်း ကြားကြရလိမ့်မယ်၊ ချီးမွမ်းသံကြားလို့ ၀မ်းမြောက်ကြည်နူးပြီးတော့ မြူးတူးခြင်းတွေလည်း ဖြစ်တော်မူ မနေကြပါနဲ့၊ ကဲ့ရဲ့သံတွေလည်း မိုးမွန်အောင် ကြားနေကြရလိမ့်မည်၊ ကဲ့ရဲ့သံတွေ ရှုံ့ချသံတွေ၊ အပြစ်တင်တဲ့အသံတွေ ကြားနေလို့လဲ စိတ်ပျက်ငြီးငွေ့ပြီး နှလုံးမသာမရာ ဖြစ်တော် မမူကြပါနဲ့။

မြတ်စွာဘုရား မိန့်တော်မူတဲ့အတိုင်း ကုပိတာ ၀ါ အနတ္တမနာ ၀ါ တုမှံယေဝဿ တေန အန္တရာယော၊ ကဲ့ရဲ့သံ စွပ်စွဲသံကြားလို့ စိတ်နှလုံး မသက်သာရင် စိတ်နှလုံးမသက်မသာ ဖြစ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဘာရှိလဲ၊ အန္တရာယ်ရှိတယ်။

အဲဒါကြောင့် ချီးမွမ်းခြင်းကြောင့်လည်းပဲ ၀မ်းမမြောက်ဖို့၊ ကဲ့ရဲ့ရှံု့ချသံ ကြားရလို့လည်း စိတ်မပျက်ဖို့၊ ဒေါသ အာဃာတ မဖြစ်ကြဖို့၊ ဆရာတော်သံဃာတော်များကို ဘုရားတပည့်တော် လေးနက်စွာ တောင်းပန်လျှောက်ထားပါတယ်။

ဗုဒ္ဓသာသနာဆိုင်ရာ အက်ဥပဒေ ပေါ်ပေါက်ရေး

တပည့်တော်တို့ စာတစ်ခုရှိတယ်၊ အနုပ္ပန္နာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာပိ နိရုဇ္စျန္တိ။ မဖြစ်ပေါ်သေးတာတွေ ဖြစ်ပေါ်လာကြတယ်၊ ဒီနိုင်ငံမှာ ဒီလို အမျိုးဘာသာ သာသနာ စောင့်ရှောက်တဲ့ ဥပဒေသည် ရှေးတုန်းက ရှိဖူးသလား၊ မရှိဖူးပါဘူး။ ရွာမဆရာတော်ကြီးတို့ရဲ့ခေတ်မှာ ဒါဖြစ်ပေါ်လာပြီ၊ ဒါ အနုပ္ပန္နာ ဥပ္ပဇ္ဇန္တိ။ ဥပ္ပန္နာပိ နိရုဇ္စျန္တိ-ဖြစ်ပြီးတာတွေ ပေါ်ခဲ့ပြီးတာတွေလည်းပဲ ပျောက်ပြက်ကုန်ပြီ။ ဘာတွေပျောက်ကုန်လဲ၊ ၁၉၅၃-၅၄ ဆဋ္ဌသံဂါယနာတင်ပွဲကြီးမှာတင်ထားတဲ့ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့၊ အက်ဥပဒေတဲ့၊ ပါလိမန်မှာပြထာန်းထားတယ်၊ ဒီကနေ့ ရှိသေးလား၊ မရှိတော့ဘူး၊ ပါဠိတက္ကသိုလ် အက်ဥပဒေ၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲနဲ့ တပြိုင်တည်း ပြထာန်းခဲ့တာတွေ ဒီကနေ့ ရှိသေးလား၊ မရှိတော့ဘူး။ ပါဠိပထမပြန် အက်ဥပဒေ မရှိတော့ဘူး၊ အဲဒါကြောင့် ရှိပြီးသားတွေ ဖြစ်ပြီးသားတွေ အကုန်လုံး ပျောက်ကွယ်ကုန်ပြီ။ အခု မဖြစ်သေးတာတွေ ဖြစ်ပေါ်လာပြီ။

ဒီကနေ့ ဒီနေရာမှာ ဘုရားတပည့်တော် လျှောက်ချင်တာက ကြွရောက်တောမူလာကြတဲ့ သံဃာ အပါး (၂၅၀၀)၊ အင်းစိန် ရွာမဆရာတော် အမှူးရှိတဲ့ သံဃာတော်များ၊ ပျောက်ကွယ်ကုန်ပြီးသော ပြန်လည်ပေါ်ပေါက်လာအောင် ကြိုးစားတော်မူကြပါအုံးဆိုတာ တပည့်တော် ဒီကနေ့ အလေးအနက် တောင်းပန်ပါတယ်။ တောင်းဆိုပါတယ်။

ဗုဒ္ဓသာသနာအဖွဲ့ အက်ဥပဒေ၊ ပါဠိတက္ကသိုလ် အက်ဥပဒေ၊ ပါဠိပထမပြန် အက်ဥပဒေ၊ တိပိဋကဓရရွေးချယ်ရေးအဖွဲ့ အက်ဥပဒေ အကုန်လုံး မရှိတော့ဘူး။ အမျိုးရော ဘာသာရော သာသနာကိုရော စောင့်ရှောက်ဖို့ဆိုရင် ဒါတွေအားလုံး ပြန်လည်ပြထာန်းပေးရမည်။

တပည့်တော်တို့ ဗုဒ္ဓဘာသာ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ အခုပဲ ရွာမဆရာတော်ဘုရားကြီး ခေါင်းဆောင်ပြီးတော့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေလုပ်ထားတယ်၊ ဘယ်လောက်အထိလုပ်ထားလဲ၊ ပရိသတ်ဖတ်ကြည့်ရင် သိပါတယ်။ ဆရာတော်လည်း ခုနက ရှင်းသွားတယ်။ ဘယ်အဖွဲ့အစည်းကိုမှ အံတု အံပြိုင် ရန်လုပ်တာမပါဘူး။ ဘယ်အဖွဲ့အစည်းကိုမှ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ကိုမှ ထိခိုက်ခြင်း အချက်အလတ်တွေ မပါဘူး။

အာရပ်နိုင်ငံတချို့ရဲ့ ဥပဒေဖွဲ့စည်းပုံ အချို့

တပည့်တော် တစ်ခုလျှောက်မယ်။ တပည့်တော် အီရန်နိုင်ငံကို ရောက်ဖူးတယ်၊ အီရန်နိုင်ငံရဲ့ ဖွဲ့စည်းပုံတွေ အုပ်ချုပ်ပုံတွေ အခြေခံဥပဒေတွေ အသေးစိတ် အကုန်လုံး မလေ့လာနိုင်ပေမဲ့၊ အကြမ်းပျင်းလေး တပည့်တော် လေ့လာထားတယ်။

အီရန်နိုင်ငံမှာ အများစု လူဦးရေက ပါးရှန်ဆိုတဲ့ လူဦးရေက ၆၀ကျော်ရာခိုင်နှုန်းလောက် ရှိတယ်၊ အဲဒီမှာ အနည်းစု Ethnic Community ဆိုပြီးတော့ ကာဒ်လူမျိုးတွေရှိတယ်။ ဗလူချီဆိုတဲ့ လူမျိုးတွေ ရှိတယ်၊ လာ့က်ဆိုတဲ့လူမျိုးတွေ (စာလုံးပေါင်းများမှားနိုင်) ရှိတယ်၊ လူမျိုးပေါင်းစုံ ၅မျိုး ၆မျိုးလောက်ပေါင်းပြီးတော့ ဖွဲ့စည်းတယ်။ Union of Iran ပဲ။ ဒါပေမဲ့ အချက်အလက်တွေအများကြီးထဲက တစ်ခု တပည့်တော်တို့ ဘာတွေ့သလဲဆိုတော့ Islamic Religion is official. အဲဒါတွေ့တယ်၊ Official Religion က ဘာကိုပြောတာလဲဆိုတော့ မြန်မာလိုပြောရရင် တရားဝင် ကိုးကွယ်တဲ့ ဘာသာသည် အစ္စလာမ်ဘာသာပဲ။ ပြန်ပြောမယ်၊ ဘာကိုးကွယ်တဲ့ ဘာသာလဲ၊ Official ဆိုတာ တရားဝင်ပဲမဟုတ်လား၊ ကျန်တဲ့ဘာသာတွေက Official ဟုတ်သေးလား။

မြန်မာနိုင်ငံမှာ ဘာသာတရားတိုင်း တရားဝင်ဘာသာဖြစ်

ဒီကနေ့ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အကုန်လုံးတရားဝင်တယ်၊ ဗုဒ္ဓဘာသာကတော့ လူအများစုကိုးကွယ်တာ၊ ကျန်သော ခရစ်ယာန်တွေ၊ အစ္စလာန်တွေ၊ ဟိန္ဒူတွေ၊ ဂျူးတွေ၊ အကုန်လုံး နိုင်ငံတော်က အသိမှတ်ပြုထားတဲ့ တရားဝင် ဘာသာတွေ။

အဲဒါကြောင့်မို့လို့ ပစ်တော့ ပစ်လိုက်တာပဲ သိပ်ထိပုံမပေါ်ဘူး၊ ပစ်တော့ ပစ်နေတာပဲနော်၊ တဒိုင်းဒိုင်းနဲ့ ပစ်နေတာ၊ သိပ်ထိပုံတော့ မပေါ်ဘူး။ အဲဒါ သူတို့တိုင်းပြည်တွေမှာ၊ ပါကစ္စတန်ဥပဒေကို လေ့လာကြည့်ပါ ဒီအတိုင်းပဲ။ မလေးရှားဥပဒေကို လေ့လာကြည့်ပါ ဒီအတိုင်းပဲ။ တပည့်တော်တို့ နိုင်ငံတောကျတော့ ၅၃-၅၄ခုနှစ်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဆိုပြီးတော့ State Religion လုပ်လိုက်တာ အုတ်အုတ်ကျွက်ကျွတ် ၀ုိင်းကန့်ကွက်လိုက်ကြတာ ဒီကနေ့ မရှိတော့ဘူး။ အဲဒါကြောင့် ကြိုးစားကြပေမဲ့လည်း ထင်သလောက်မှတ်သလောက်တော့ ပေါက်သေးမယ် မဟုတ်ဘူး၊ ပေါက်မြောက်သေးမယ် မဟုတ်ဘူး။ ခုလိုတပည့်တော်တို့ ဒီလိုပဲ သုံးသပ်မိတယ်။

ဘာသာရေးခေါင်းဆောင်သာ သမ္မတဖြစ်တဲ့ နိုင်ငံ

နောက်ပြီးတော့ ရှိသေးတယ်။ Highest Authorizer နိုင်ငံတော်မှာ အမြင့်ဆုံး အာဏာပိုင်ပုဂ္ဂိုလ်ဟာ ဘာသာရေးခေါင်းဆောင်ဖြစ်ရမယ်၊ အီရန်ရဲ့ အခြေခံစည်းမျဉ်းမှာ နိုင်ငံရေးခေါင်းဆောင်ရော နိုင်ငံတော်ရဲ့ သမ္မတရော အကုန်လုံးဟာ ဘာသာရေးခေါင်းဆောင်က အကြီးဆုံး သူတို့တိုင်းပြည်မှာ ဖြစ်ရမယ်။ တပည်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ နိုင်ငံတောသံဃမဟာနာယကကြီးရဲ့ အနေအထားဟာ ဘယ်မှာရှိတယ်ဆိုတာ ဆရာတော်များ အကုန်လုံးသိပါတယ်။ ဒီမှာ(အီရန်)တော့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်ကြီးက ထိပ်ဆုံးမှာ၊ နိုင်ငံရေးမှာလည်း သူအာဏာပိုင်ပဲ၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးမှာလည်း သူအာဏာပိုင်ပဲ။
အဲဒါကြောင့် မတူတာတွေ အဲဒီလိုရှိတယ်ဆိုတာကို တပည့်တော်တို့ တိုင်းသူပြည်သားတွေရော သံဃာတော်တွေရော သိရရင် နောက်တက်စရာ အဆင့်တွေ အများကြီးရှိအုံးမယ်လို့၊ တပည့်တော် ဒီလိုပဲ ယူဆတယ်။

ကိုယ့်နယ်ထဲမှာ နေပါ၊ နယ်မကျွန်မိပါစေနဲ့

နောက်တစ်ခု ဘုရားတပည့်တော် လျှောက်ထားချင်တာက ဒီလို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ကြတော့ သံဃာတော် အရှင်မြတ်တွေက နိုင်ငံရေးလုပ်သလားလို့ မေးခွန်းတွေ မေးစရာရှိလာတယ်။ တချို့သံဃာတော်အရှင်မြတ်တွေကလည်း နဲနဲ နယ်ကျွန်တယ်နဲ့ တူပါတယ်။ ကိုယ့်နယ်ထဲ မနေဘဲ သူများနယ်ထဲ ရောက်ပုံရတယ်။ အဲဒါကြောင့် အမေးမြန်းလည်းခံရတယ်၊ အပြစ်တင်လည်းခံရတယ်။

မြတ်စွာဘုရားရဲ့ စကားတစ်ခွန်းရှိပါတယ်။ မာ အဂေါစရေ ဘိက္ခဝေ စရထ ပရဝိသယေ- သူတပါးစားကျက်ထဲ မသွားကြနဲ့။ ဒါဘုရားစကား။ ဂေါစရေ ဘိက္ခဝေ စရထ သကေ ပေတ္တိကေ ၀ိသယေ- ကိုယ့်စားကျက်မှာ ကိုယ်နေကြပါ။ ဒါ ဘုရားစကား။

သူများစားကျက်ထဲ သွားတော့ ဘာဖြစ်လဲ၊ အဲဒီမှာ ဇာတ်တော်လေး တစ်ခုဟောတယ်။ လယ်ထဲက ထယ်ခဲကြားမှာနေတဲ့ သားလေးတွေပေါက်ပြီး ထယ်ခဲအောက်မှာ သားပေါက်နေတဲ့ ဗိလုံးငှက်၊ မိုးကြီးဝုန်းဆို ရွာချတော့ ထယ်ခဲကြားက ပိုးကောင်တွေ ပလူတွေ ထပြန်တာ။ ပလူကောင်လေးတွေကို လိုက်ဖမ်းပြီးတော့ သားလေးတွေကို အစာကျွေးတာ။ ပလူတစ်ကောင်က ကောင်းကင်အမြင့်ကြီး ပြန်သွားတော့ ဗိလုံးက လိုက်ရင်း လိုက်ရင်းနဲ့၊ ဒီလိုပြောရင် ကောင်းမယ်၊ ကောင်းကင် ပေတစ်ထောင်လောက် အမြင့်ကို ဗိလုံးငှက်ရောက်သွားတယ်။ သူ့နယ်က ဘယ်မှာလဲ၊ ထယ်ခဲကြားမှာ၊ သူက ကောင်းကင်တက်သွားပြီ၊ ကောင်းကင်မှာ စွန်တွေရှိတယ်၊ ဗိလုံးလေးကိုတွေ့လိုက်ရော စွန်က တခါတည်း ခြေသည်းနဲ့ ပြေးကုတ် သုပ်လိုက်တော့ စွန်ရဲ့ ခြေသည်းခြားမှာ ဗိလုံး ဖမ်းမိသွားတယ်။ ကိုယ့်နယ်မြေကို မနေတဲ့ ဗိလုံး စွန်တို့ရဲ့နယ်မြေကို သွားမိတဲ့ ဗိလုံး၊ စွန်ဖမ်းတာ ခံရတယ်။ ကိုယ့်စားကျက်မှာ ကိုယ်နေကြပါ။ 

ကံကောင်းချင်တော့ စွန်ရဲ့ ခြေသည်းကြားမှာ ဗိလုံးရဲ့ခေါင်းလေးက ညှပ်မိရဲ့သားဖြစ်နေတာ၊ ခေါင်းကို ခြေသည်းတွေနဲ့ မပေါက်မိဘူး၊ အသက်ချမ်းသာရာ ရတယ်။ အဲဒါ သူက သတ္တိကောင်းတဲ့ အကောင်ဆိုတော့ မလျှော့ဘူး ဘာပြောလဲ၊ ဟေးးမစ္စတာ စွန်၊ Mister Eagle ငါ့နယ်မြေထဲ ငါမနေမိလို့ မင်းနယ်မြေထဲကို ကျူးကျော်ဝင်ရောက်မိလို့ မင်းငါ့ကိုဖမ်းတာ၊ ဒါမင်းနယ်မြေ မင်းလုပ်ပိုင်ခွင့်ရှိတာ လုပ်ပေါ့ကွာ၊ အကယ်၍ ငါ့နယ်မြေထဲသာဆို မင်းကို စစ်ပြိုင်ပြီးတော့ တိုက်ရဲတယ်။ မင်းနယ်မြေက ဘယ်မှာလဲဆိုတော့ လယ်ထဲက ထယ်ကြား၊ မင်းတကယ်တိုက်မလား၊ တိုက်မယ်၊ ဒါပေမဲ့ ငါ့ကို ထယ်ခဲကြားပြန်ပို့၊ စွန်ကြီးကို အသည်းယားအောင်၊ အူယားအောင် ဗိလုံးက ရန်စကားပြောတာ၊ အူယားလာလေလေ အဲဒီကောင် ရှံုးတော့မယ်မှတ်။ မခံချိမခံသာ ပြောလို့ အူယားလာလေလေ အဲဒီကောင် အန္တရယ်ဘက်ရောက်၊ အဲဒါကြောင့် ဘာပဲပြောပြော အူယားတော်မမူကြပါနဲ့။ ဗိလုံး ဘာပဲပြောပြော အူယားလာရင်တော့ ရှံုးလိမ့်မယ်။ 

ဗိလုံးငှက် လယ်ထဲက ထယ်ခဲကြား ပြန်ရောက်သွားတော့ သားလေးတွေ အစာကျွေး ရေတိုက်ပြီးတော့ သူလည်းဝအောင် စားပြီးတော့ ထယ်ခဲပေါ်တက် မက်တက်ရပ်နေတာ၊ ဟေး- ကောင်းကင်အုပ်စိုးတဲ့ စွန်၊ ငါ့နယ်မြေထဲ ငါရောက်နေပြီ၊ ဒီအချိန်ဟာ ဒို့ တိုက်ခိုက်ရမည့်အချိန်ပဲ၊ စစ်ပွဲစမယ်၊ ဗိလုံးက ကြေညာ၊ စွန်က ဒေါထတယ်။ ဒေါသတကြီးနဲ့ စွန်က Over Speed ပေါ့ High Speed နဲ့ ကောင်းကင်ကနေ တအားထိုးဆင်းတာ၊ ထယ်ခဲပေါ်မှာ ရပ်နေတဲ့ ဗိလုံးငှက်လေးက စွန်ကြီးကို ကြည့်နေ၊ လာပြီလာပြီ ငါ့အနားရောက်လာပြီ အနားရောက်မှ ဖြုတ်ဆို ထယ်ခဲအောက်ပြေးဝင်၊ ဟိုကောင်က Over Speed ဖြစ်နေတာ ထိန်းနိုင်သေးလား၊ မထိန်းနိုင်လို့ Over speedဖြစ်လာတဲ့ စွန်ဟာ ထယ်ခဲနဲ့ ရင်ဘက်နဲ့တိုက်မိပြီး ရင်ကွဲပြီး သေ။ အားလုံး Over Speedတွေ မဖြစ်ကြအောင် ထိန်းတော်မူကြပါ။

ကြွရောက်လာသော သံဃာတော် အရှင်မြတ်တို့ဘုရား--ကိုယ့်နယ်မြေမှာ အားလုံး အင်အားရှိပါ၊ နယ်မြေမကျူးကျော်ဖို့ပဲ အရေးကြီးတယ်လို့ အဲဒီဇာတ်တော်ဖြင့် အရှင်ဘုရားများကို အားဖြည့်ပြီး တိုက်တွန်းပါတယ်။ အဲဒီတော့ ဒီလိုအလုပ်တွေ လုပ်နေတာဟာ သံဃာတော်အရှင်မြတ်တွေ နိုင်ငံရေးလုပ်သလားလို့ မေးစရာရှိပါတယ်။

သာသနာရေးနှင့် လူမှုရေး တပြိုင်တည်းလုပ်ဖို့လို

အဲဒါ လျှောက်ထားချင်တာကတော့ သာသနာရေးနဲ့ လူမှုရေးကို ဆရာတော် သံဃာတော်များ အင်တိုက် အားတိုက် ဆောင်ရွက်တော်မူကြပါ။ ဒီကနေ့ ဒီနိုင်ငံရဲ့အခြေခံဟာ ဒီနှစ်ခုကို တွဲလုပ်နိုင်မှ အမျိုးလည်းစောင့်ရှောက်နိုင်မယ်၊ ဘာသာလည်းစောင့်ရှောက်နိုင်မယ်၊ သာသနာကိုလည်း စောင့်ရှောက်နိုင်မယ်။ ပရိယတ် ပဋိပတ်တစ်ခုတည်းကို တွန်းပြီးတော့ စွတ်ပြီးတော့ လုပ်နေရင် လူမှုရေးတွေကျန်နေခဲ့ရင် တပည့်တော်တို့ အမျိုးသား အမျိုးသမီးတွေ ဆုံးရှံုးလိမ့်မယ်။ လူမှုရေးချည်း ဖိလုပ်ပြီး ဘာသာရေး သာသနာရေးမပါရင်လဲ ကြာရင် ဆုံးရှံုးသွားတတ်တယ်။

အဲဒါ တပည့်တော် ဥပမာ တစ်ခုပြောချင်တာက ၁၉၁၇ခုနှစ်က ရုရှားနိုင်ငံမှာ တော်လှန်တစ်ခု အကြီးအကျယ်ဖြစ်တယ်။ အောက်တိုဘာတော်လှန်ရေးလို့ ကမ္ဘာ့သမိုင်းတွေမှာ ရေးကြတယ်။ ၁၉၁၇ခုနှစ် အောက်တိုဘာလမှာ လီနင်တို့ ကွန်မြူနစ်ဝါဒကို ကြိုက်ပြီးတော့ တိုင်းပြည်ကို ကွန်မြူနစ်ဝါဒထူထောင်ပြီးတော့ ဘုရင်တွေကို အကုန်ဖြုတ်ချပစ်တာ။ လှိုင်ဇာဘုရင်၊ ဗီတာဘုရင် (စာလုံးပေါင်းမှားနိုင်)တို့ အဲဒီမှာ ဘုရင်နှင့်တကွ နန်းတွင်းသူ နန်းတွင်းသား အားလုံး အသက်ခံရတယ်။ တပည့်တော် ရုရှားနိုင်ငံကို လေးငါးခေါက် ရောက်ဖူးပါတယ်။ ခရစ်ယာန် Orthodox Church တွေ အလွန်ပေါတဲ့တိုင်းပြည် Orthodox ဆိုတာ ရှေးဟောင်း၊ ခရစ်ယာန် သူတို့ရဲ့ Church ကျောင်းကြီးတွေဟာ အချွန်တွေအတက်တွေ မဟုတ်ဘဲနဲ့ အစ္စလာန်ကျောင်းကြီးတွေလိုပဲ အလုံးကြီးတွေ၊ အဲဒီအလုံးကြီးတွေနဲ့ ကျောင်းကြီးတွေဟာ ရွှေတွေနဲ့ချည်းလုပ်ထားတာ။ အလွန်ဘာသာရေး မြတ်နိုးတဲ့ ရှေးဟောင်း ရုရှားတွေ၊ ခရစ်ယာန်ဘုန်းတော်ကြီးတွေ အားလုံး အသက်ခံရတယ်။ အဲဒီရွှေဘုရားကျောင်းကြီးတွေက ရွှေတွေကို အကုန်လုံး လီနင်တို့အဖွဲ့က ခွါယူသွားကြတယ်။ တပည့်တော်တို့ရဲ့ ရွှေတိဂုံ၊ သခင်စိုးဘာပြောဖူးသလဲ အားလုံးသတိရမှာပါ။

အဲဒီတော့ ရုရှားပြည်မှာ တော်လှန်ရေးဖြစ်၊ မြေရှင်တွေ အာဏာရှင်တွေကို အကုန်လုံး ကွန်မြူနစ်ပါတီက တိုက်ခိုက် ချေမှုန်း၊ ဘာသာရေးအဖွဲ့အစည်းတွေအကုန်လုံး ချေမှုန်းတော့ လီနင်ရဲ့ ကွန်မြူနစ်ပါတီကြီးက ဥရောပထဲကို စိမ့်ပြီးတော့ တဖြည်းဖြည်းနဲ့ ၀င်လာတယ်။ ဟန်ဂေရီတို့ ဘူရဂေရီးယားတို့၊ ရိုမေနီးယားတို့၊ ပိုလန်တို့၊ ကွန်မြူနစ်ဖြစ်ကုန်တယ်။ ဆိုဗီယက် ယူနီယန်ဆိုတာကို ပြန်ကြည့်၊ နိုင်ငံပေါင်း ၁၅နိုင်ငံလောက်ကို ပြန်သိမ်းပြီးတော့ ကွန်မြူနစ်လက်အောက် ထည့်ထားတယ်။ အဲတော့ ဘယ်မှာ လှုပ်လှုပ်ဖြစ်သလဲဆိုတော့ ကွန်မြူနစ်ဝါဒကြီး ဥရောပကို စိမ့်ဝင်တဲ့အချိန်မှာ အီတလီနိုင်ငံ ရောမမြို့က ပုပ်ရဟန်းမင်းကြီးရဲ့နန်းတော်ကြီး လှုပ်လှုပ်ဖြစ်လာတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ နန်းတော်ကြီး လှုပ်လှုပ်ဖြစ်လာတော့ ကွန်မြူနစ်သာ ဒို့တိုင်းပြည် လွမ်းမိုးရင် ပုပ်ရဟန်းမင်းကြီးရဲ့ဘဝတောင် ဘယ်လိုနေရမှန်းမသိဘူး။

ဘာသာရေးဖြင့်နိုင်ငံရေးပါတီထောင်

အဲဒီတော့ ဘာထလုပ်သလဲဆိုတော့၊ ဗာတီကန်နန်းတော်ရှိရာ ရိုမန်ကက်သလစ်ဘုန်းတော်ကြီးများနဲ့ တိုင်းသူပြည်သား ပေါင်းပြီးတော့ Anti-Communism ကွန်မြူနစ်ဆန့်ကျင်ရေးဝါဒ၊ ဆန့်ကျင်ပြီးတော့ ကြိုးပမ်းကြတာ။ ကွန်မြူနစ်ကိုဆန့်ကျင်ရင် ဘာသာရေးနဲ့တိုက်မှရမယ်ဆိုပြီးတော့ နိုင်ငံရေးပါတီတွေ ထောင်တော့ Christian Democratic Party၊ ပရိသတ်ရေ ပြန်ပြောမယ်၊ ရောမမှာ ဘာထောင်လဲ၊ ခရစ်ရှန်ဒီမိုကရက်တစ်ပါတီ၊ ဘာသာရေးသည် နိုင်ငံရေးထဲကို သေသေချာချာဝင်သွားတာမဟုတ်လား၊ ခရစ်ရှန်ဒီမိုကရက်တစ်ပါတီထောင်ပြီး ချလိုက်တော့မှ ရောမကို ကွန်မြူနစ်မဝင်နိုင်ဘဲ နောက်ပြန်ဆုတ်သွားကြတာ။ အဲဒီတော့ ခရစ်ရှန်ဒီမိုကရက်တစ်ပါတီ အီတလီမှာ ၁၉၁၉ခုနှစ်က ထောင်ပြီးတော့ ပေါ်ပြုလာအဖြစ်ဆုံးနဲ့ မဲအရဆုံးဟာ အဲဒီခရစ်ရှန်ဒီမိုကရက်တစ်ပါတီပဲဖြစ်ပါတယ်။ ဂျာမနီက ဘာထထောင်လိုက်ဆိုတော့ Christian Democratic Unionဆိုပြီး ဂျာမနီက ထောင်လိုက်တယ်။ ဂျာမနီလည်း ကွန်မြူနစ်လွမ်းမိုးခြင်းကို မခံလိုက်ရဘူး။ တစ်နိုင်ငံလုံးကိစ္စ၊ တစ်မျိုးသားလုံးကိစ္စ၊ အမျိုးသားရေးကိစ္စမှာ တပည့်တော်တို့ သံဃာတော်အရှင်မြတ်တွေ မျက်စိကျယ်ကျယ် နားကျယ်ကျယ် ဖွင့်ထားပြီးတော့ အနာဂတ်ကို အရှည်မျှော်ပြီးတော့ သတိရှိရှိနဲ့ စောင့်ကြည့်တော်မူကြပါဆိုတာကို တပည့်တော် လျှောက်ပါတယ်။

အဲဒါ ခရစ်ရှန်ဒီမိုကရက်တစ်ပါတီဆိုတာ ဥရောပတခွင်လုံး ပျံ့သွားတယ်။ အီတလီတို့၊ ဂျာမနီတို့၊ ဆွစ်စာလန်တို့ကို ကွန်မြူနစ်တွေ မဝင်နိုင်ဘဲ ဖြစ်သွားတယ်။ အဲဒီတော့ တပည့်တော် လျှောက်တာ၊ သံဃာတော် အရှင်မြတ်တွေ နိုင်ငံရေးထဲ ပါရမယ်လို့ လျှောက်ခြင်းမဟုတ်ပါ၊ သတိရှိရှိနဲ့ စောင့်ကြည့်ဖို့ တပည့်တော် လျှောက်တာပါ။ ခုနက ပြောထားပြီးပြီ ဗီလုံးက သူ့နယ်မြေဘယ်မှာလဲ၊ လယ်ထဲက ထယ်ခဲ၊ စွန်ရဲ့နယ်မြေက ဘယ်မှာလဲ၊ ကောင်းကင်။ ကိုယ့်စားကျက်မှာ ကိုယ်နေပြီးတော့ စောင့်ကြည့်ဖို့ လျှောက်ထားခြင်း ဖြစ်ပါတယ်။ ခရစ်ရှန်ဒီမိုကရက်တစ်ပါတီ ဒီကနေ့ ဥရောပတခွင်မှာ အဲဒါတွေ အရိပ်အမြွှတ်ကျန်လျက်ရှိပါသေးတယ်။

လူမှုရေးဆောင်ရွက်ကြပုံ

နောက်တော့ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့အခါကျတော့ တိုင်းရေးပြည်ရေး တည်ငြိမ်မှုတွေ ပြန်လည်ရရှိတဲ့အချိန်မှာ ရိုမန်ကက်သလစ်ဘုန်းတော်ကြီးများက ဒို့တတွေ နိုင်ငံရေးမှာ ဝေးဝေးနေပြီးတော့ လူမှုရေးပဲဆောင်ရွက်ကြအောင်ဆိုပြီးတော့ လူမှုရေးကို နှစ်မျိုးဆောင်ရွက်ပါတယ်။
တစ်မျိုးကဘာလဲဆိုတော့ တိုင်းပြည်မှာ Social Injustice လူမှုရေးမမျှတမှုတွေ တိုင်းပြည်မှာ အများကြီးဖြစ်နေတယ်။ Social Injustice လူမှုရေးကိစ္စတွေမှာ တရားမမျှတမှုတွေ အများကြီးရှိတယ်၊ တပည့်တော်တတွေ အဲဒါတွေကို Social Justice ဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ ရိုမန်ကက်သလစ်ဘုန်းတော်ကြီးများ ဆောင်ရွက်ကြတယ်။

နောက်တစ်ခါ လူမှုရေးရာကိစ္စထဲမှာ စားရေး ၀တ်ရေး ဆင်းရဲ ကြပ်တည်းကြတယ်။ အဲဒါ ရေဘေးတို့၊ လေဘေးတို့၊ မုန်တိုင်းတို့ ဘေးဒုက္ခရောက်ရင် လူတွေဟာ စာရေး နေရေး ၀တ်ရေးတွေ ဆင်းရဲ ကြပ်တည်းကြတယ်။ အဲဒီလိုကိစ္စတွေမှာ ဒို့များ ပါ၀င်ပူးပေါင်း ဆောင်ရွက်ကြမယ်၊ Social Welfare လူမှုရေး စီးပွားရေးတွေ ပြေလည်မှုရအောင် ကူညီဆောင်ရွက်မယ်။ တရားမမျှတဲ့ကိစ္စကို တရားမျှတအောင် ဆောင်ရွက်မယ်ဆိုပြီးတော့ နိုင်ငံရေးမှာ ဝေးဝေးရှောင်ပြီးတော့ ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတွေဟာ (၁) Social justice (၂) Social Welfare လူမှုရေးရာ မတရားမှုများနှင့် လူမှုရေးဆင်းရဲမွဲတေမှုကို ဆောင်ရွက်သွားကြတာ ဒီကနေ့အထိ ဆောင်ရွက်သွားတာ။ အဲဒီအရေးနှစ်ပါးကို ဆောင်ရွက်သွားတဲ့ ရိုမန်ကက်သလစ်ဟာ ကမ္ဘာမှာ ကျယ်ပျံ့တဲ့ဘာသာတစ်ခုဖြစ်ပါတယ်။

အဲဒါကြောင့် ဆရာတော် သံဃာတော်အရှင်မြတ်တို့ဘုရား-

ရုရှားပြည် အောက်တိုဘာတော်လှန်ရေးကစပြီးတော့ ဥရောပတခွင်လုံးက ဘာသာရေးတွေကို ခြိမ်းခြောက်ခံရတဲ့အခါမှာ ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတွေဟာ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီဆိုတာ တည်ထောင်ပြီးတော့ တိုင်းသူပြည်သားတွေနဲ့ လက်တွဲပြီးတော့ ဘာသာတရားတွေ မပျောက်ကွယ်အောင် ထိန်းသိန်းစောင့်ရှောက်သွားတော်မူကြသလိုပဲ တပည့်တော်တို့ မြန်မာနိုင်ငံတော်မှာလည်း ဗုဒ္ဓဘာသာ ၉၅ရာခိုင်နှုန်း ကိုးကွယ်တဲ့ ဒီဗုဒ္ဓဘာသာကိုလည်းပဲ အမျှော်အမြင်ကြီးစွာနဲ့ ကာကွယ်စောင့်ရှောက်တော်မူကြရန် ဖြစ်ကြောင်း၊ အဲဒီလို အရေးကိစ္စတွေပြီးသွားလို့ရှိရင်လည်း Social Justice ဆိုတဲ့ကိစ္စနှင့် Social Welfare ကိစ္စမှာ ဘာသာရေးနှင့် သာသနာရေး လက်တွဲဆောင်ရွက်သွားကြပါဆိုတဲ့အကြောင်းကို ဘုရားတပည့်တော် ရိုသေစွာ လျှောက်ထားပါတယ်။ 

နိဂုံးချုပ်

ဘုရားတပည့်တော် နိဂုံးချုပ်ရမယ်ဆိုရင် အားလုံး လောက ဓမ္မနှစ်ဌာနမှာ ဓမ္မဝိနယနှင့်လျော်ညီစွာ ကျင့်သုံးပြီးတော့ အစွန်းနှစ်ဖက်လွတ်အောင် ရှောင်ပြီးတော့ သာသနာ့အကျိုးနှင့် ပြည်သူပြည်သားတို့ရဲ့ အကျိုးကို ဆောင်ရွက်တော်မူကြဖို့ ဖြစ်ပါတယ်။

အစွန်းနှစ်ဖက်ဟူသည်

အစွန်းနှစ်ဖက်ကို ပြောတဲ့အခါမှာ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီကနေ့တော့ ဘုရားတပည့်တော် နှစ်မျိုးပဲပြောပါရစေ။

ပိယဆိုတာ အစွန်းတစ်ဖက်၊ အပ္ပိယဆိုတာလည်း အစွန်းတစ်ဖက်။ ပိယဆိုတာက ချစ်တာ။ အပ္ပိယဆိုတာက မုန်းတာ။ တစ်ယောက်ယောက်ကို ချစ်ပြီးတော့ မျက်နှာသာပေးတာ။ အပ္ပိယဆိုတာက မုန်းတာ၊ တစ်ယောက်ယောက်ကို မုန်းပြီးတော့ ဖိနှိပ်ရှံု့ချ ပုပ်ခက်တာ။ အဲဒါကြောင့် ချစ်သူလည်း မထားဖို့ အရေးကြီးပါတယ်။ မုန်းသူမှလည်း လွတ်အောင် ရှောင်ဖို့ အရေးကြီးပါတယ်။

သကြားမင်း မြတ်စွာဘုရားကို မေးဖူးတယ်လေ။ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေရပါလို၏၊ လူတွေ ဆုတောင်းတယ်၊ ဆုတောင်းပြီးတော့ ဆုတောင်းမပြည့်ဘူး။ ဘေးရန်တွေသိပ်များတယ်၊ အဲဒါဘာဖြစ်လို့လဲ၊ ဣဿာ၊ မစ္ဆရိယကြောင့်၊ ဣဿာ၊ မစ္ဆရိယဘာကြောင့်ဖြစ်သလဲ ချစ်ခြင်းနဲ့ မုန်းခြင်းကြောင့်။ ချစ်သူကို Favour ပေးလိုက်လို့ရှိရင် မုန်းသူကိုတော့ Pressure ပေးမှာပေါ့။ အဲဒီနှစ်မျိုးမှ လွတ်အောင်ရှောင်ပြီးတော့ ဓမ္မဝိနယနှင့်အညီ တိုင်းကျိုးပြည်ကျိုး သာသနာအကျိုးကို ဆောင်ရွက်တော်မူသွားကြပါလို့ဆိုတဲ့အကြောင်းကို ဘုရားတပည့်တော် အလေးအနက် လျှောက်ထားပါတယ်။

မပြောတာကို ပြောသလို၊ ပြောတာကို မပြောသလို မလုပ်ကြပါနဲ့

နောက်တစ်ချက်ကတော့ ရှေးဦးစွာ story လေးကိုပြောပါ့မယ်။ သာတိဆိုတဲ့ ရဟန်း၊ အဲဒီရဟန်းတော်ဟာ သံဃာတော်အရှင်မြတ်တွေ တွေ့တိုင်း သူလျှောက်ပြောတယ်။ ဘာလျှောက်ပြောလဲဆိုတော့၊ မြတ်စွာဘုရားက လူရဲ့ဝိဉာဉ်တစ်ခုသည် မပြက်မစီး၊ Eternal Consciousnessသည် မပြက်မစီးသော ၀ိဉာဉ်သည် သံသရာမှာ တစ်ဘဝမှ တစ်ဘဝသို့ လည်နေတယ်။ ဒါအတ္တဝါဒ။ အဲဒါ မြတ်စွာဘုရားဟောတယ်၊ ဘုရားဟောတာကို သူသိတယ်ဆိုပြီး ဟိုကိုယ်တော်ပြော ဒီကိုယ်တော်ပြော လျှောက်ပြောတယ်၊ ပြောတော့ သံဃာတော်အရှင်မြတ်တွေက ဟေးး သာတိ၊ မြတ်စွာဘုရားက ရုပ်ရော ဝေဒနာရော သညာရော သင်္ခါရရော ၀ိဉာဉ်ရော မပြက်မစီးဘဲ သံသရာလည်တယ်ဆိုပြီး ဒို့ဘုရားမဟောဘူး။ ဘာဝိဉာဉ်ဖြစ်ဖြစ် ၀ိဉာဉ်မှန်သမျှ ပျက်စီးတဲ့အထဲမှာ ရှိတယ်။ မာ ဘဂဝန္တံ အဘူတေန အဗ္ဘာစိက္ခိ၊ မြတ်စွာဘုရားကို မဟုတ်တဲ့စကားတွေနဲ့ မစွပ်စွဲပါနဲ့။ န ဟိ သာဓု တထာဂတော အဗ္ဘက္ခာနံ- ဘုရားမဟောတာကို ဘုရားဟောတယ်လို့ စွပ်စွဲခြင်းဟာ မကောင်းဘူး။ သာတိရဟန်းကို ဆုံးမပြီးတော့ ဘုရားထံ ပို့ရတယ်။ ဒီဝတ္ထု ဒီမှာပဲထား (မဟာတဏှာသင်္ခယဝိမုတ္တိသုတ်၊ မဇ္စျိမနိကာယ်)။

တပည့်တော် ပြောချင်တာက တိုင်းပြည်မှာနေကြတဲ့ လူတွေ အထူးသဖြင့်တော့ ၀က်ဘဆိုက်တို့၊ ဖေ့စ်ဘုတ်တို့မှာ ရေးတင်ကြတဲ့လူတွေ၊ ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာရေးကြတဲ့ ပုဂ္ဂိုလ်တွေ၊ “မပြောတာကို မပြောတဲ့အတိုင်းဘဲ ရေးပါ။ ပြောတာကို ပြောတဲ့အတိုင်း ရေးပါ။ မပြောတာတွေကို ပြောတယ်လို့ လုပ်ပြီးတော့၊ ပြောတာတွေကို မပြောသလိုလုပ်ပြီးတော့ ပြောင်းပြန်မလုပ်ကြပါနဲ့”ဆိုတာ အဲဒါ အထူးပဲ မေတ္တာရပ်ချင်ပါတယ်။

ငြိမ်းချမ်းရေး မူ (၅)ချက်

နောက် နိဂုံးစကားကဘာလဲဆိုတော့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဒီ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဥပဒေ လေးရပ်၊ ဘယ်လိုပဲ ပြထာန်းလိုက်စေကာမူ နောက် ဒါထက်တိုး၍တိုး၍ ဥပဒေတွေ လာချင်လည်းလာပါစေအုံး၊ တပည့်တော်တို့ ဘုရားသားတော် သံဃာတော်တွေဟာ-

နံပါတ် (၁) မြန်မာ့မြေပေါ်မှာရှိကြတဲ့ တခြားဘာသာတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ၍ နေထိုင်သွားမည် ဖြစ်တဲ့အကြောင်း တပည့်တော် ဒီနေရာကနေပြီးတော့ သံဃာတော်များကို လျှောက်ပါတယ်။ ပရိသတ်များကိုလည်း ပြောပါတယ်။ တခြားဘာသာဝင်များကိုလည်း ကြေညာပါတယ်။
၁။ Mutual Understanding each other-အချင်းအချင်း အပြန်အလှန် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုကို တည်ဆောက်၍ နေသွားကြပါစို့။

၂။ Mutual respecting each other-ဘာသာရေးအဖွဲ့အစည်းတစ်ခုနဲ့တစ်ခု အပြန်အလှန် ရိုသေလေးစားစွာ တစ်ယောက်နှင့်တစ်ယောက် လေးလေးစားစား ဆက်ဆံပြီးတော့ သွားကြပါစို့။

၃။ Non-Interfering each other-ဘာသာရေးအဖွဲ့အစည်းတစ်ခုက အခြားဘာသာရေးအဖွဲ့တစ်ခုကို အတွင်းသို့ ၀င်ရောက်စွပ်ဖက်ခြင်းမပြုဘဲနဲ့ ငြိမ်းချမ်းစွာ နေထိုင်သွားကြပါစို့။

၄။ Non-violence, Coexistence avoiding the violence-ဆူပူသောင်းကြမ်းခြင်းတို့ကို ရှောင်ရှား၍၊ ငြိမ်းချမ်းစွာ လက်တွဲ၍ အတူနေထိုင်သွားကြပါစို့။

၅။ Coexistence peacefully with great tolerance- ကြီးကျယ်မြင့်မြတ်သော သည်းခံခြင်းတရားကို လက်ကိုင်ထား၍ မည်သည့်ဘာသာရေးအဖွဲ့နှင့်မဆို ငြိမ်းချမ်းစွာ လက်တွဲပြီးတော့ အတူနေထိုင်သွားကြပါစို့လို့၊ ဒီငါးချက်ကို ဘုရားတပည့်တော် ဒီကနေ့ ဒီနေရာကနေ ကြေညာပါတယ်။

၁၉၅၄ ခုနှစ်က သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ မြန်မာနိုင်ငံက ၀န်ကြီးချုပ် ဦးနုရယ်၊ အိန္ဒိယဝန်ကြီးချုပ် နေရုရယ်၊ တရုပ်ဝန်ကြီးချုပ် ချောင်ယဉ်လေးရယ်၊ အဲဒီဝန်ကြီးချုပ်သုံးယောက် ခေါင်းဆောင်ပြီးတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူငါးချက် five principle for peacefully Coexistence ဆိုတာကို ချမှတ်သလိုပဲ ဒီကနေ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးကြီးကလည်းပဲ ဒီအတိုင်းပဲ ကျင့်သုံးသွားမှာပါ။ တစ်ယောက်နှင့်တစ်ယောက် နားလည်မှုရအောင် ယူမယ်၊ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ဆက်ဆံမယ်။ တစ်ဘာသာက တစ်ဘာသာထဲကို ၀င်ရောက်စွပ်ဖက်ခြင်း ဘာမှ မပြုဘူး။ ပဋိပက္ခဖြစ်တာကို ကြိုးစာ၍ ရှောင်မယ်။ ကြီးမားသော သည်းခံခြင်းနှင့် ဒီဗမာ့မြေပေါ်မှာ ဘယ်ဘာသာဝင်များနှင့်မဆို တပည့်တော်တို့ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနေသွားကြပါစို့လို့ ငြိမ်းချမ်းရေးမူငါးချက်ကို ကြေညာရင်း ဘုရားတပည့်တော်ရဲ့ သြဝါဒကထာကို ဤမှာပဲ နိဂုံးကမ္ဗက်အဆုံးသက်ရပါကြောင်း ဆရာတော် သံဃာတော် အရှင်မြတ်တို့ဘုရားး။

သာဓု သာဓု သာဓု

မှတ်ချက်။ ။အသံဖိုင်ကနေ စာသားအဖြစ် ဖန်တီးရသည့်အတွက် စာလုံးပေါင်း၊ အသံထွက်တွေ မှားကောင်းမှားနိုင်ပါသည်၊ စာသားအဖြစ် ဖန်တီးသော စာရေးသူ၏တာဝန်သာ ဖြစ်ပါသည်။ စာပိုဒ်များဖတ်ရတာအဆင်ပြေအောင် ခေါင်းစဉ်များကို စာရေးသူကပဲ ပေးထားခြင်းပဲ ဖြစ်ပါသည်။ စာများကို ကော်ပီမကူးဘဲ ရှယ်ယာပေးလျှင် မလိုလားအပ်သော ပြဿနာများ ကင်းရှင်းနိုင်ပါသည်။

 

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၄-၁၀-၂၀၁၅

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈