သီတဂူဆရာတော်သြဝါဒ

ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက်

သီတဂူဆရာတော်

ကျွန်ုပ်သည် င်္သမ ဏနခေန - အသင်းကို ယနေ့ နိုင်ငံတိုင်းမှာ တည်ထောင်ထားခဲ့ပြီးဖြစ်ပေသည်။ ခရစ်နှစ် (၂ဝဝဝ) ပြည့်နှစ်က နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပသော ဘာသာပေါင်း စုံ ငြိမ်းချမ်းရေးညီလာခံကြီးက ကျဲချစိုက်ပျိုးခဲ့သော မျိုးစေ့မှ ပေါက်ဖွားလာသော အပင်များဖြစ်ကြ သည်။ ထိုစဉ်က ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ညီလာခံကြီးကို United Nation ဌာနချုပ် အထွေထွေ ညီလာခံ ခမ်းမဆောင်ကြီး၌ ကျင်းပခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန် (Kofi Annan) က ဦးဆောင်စည်းရုံး ကျင်းပခဲ့သည်။ ဘာသာစုံ ဘာသာရေး ခေါင်းဆောင်ပေါင်း ၂ဝဝဝ-ကျော် တက်ရောက်ခဲ့ကြသည်။ နယူးယောက်မြို့မှ သူဌေးကြီး တက်တာနာက ဒေါ်လာသန်းပေါင်း (၁ဝဝ) ကို ငြိမ်းချမ်းရေးအတွက် လှူဒါန်းခဲ့သည်။ ထို အစည်းအဝေးကြီး ၌ မြန်မာနိုင်ငံတော်မှ မကွေးဆရာတော်ကြီး အပါအဝင် နိုင်ငံတော် သံဃမဟာနာယက ဆရာတော် (၇) ပါးနှင့် သာသနာရေး ညွှန်ချုပ် ဒေါက်တာမျိုးမြင့် တို့ တက်ရောက် ခဲ့ကြသည်။

ထိုအစည်းအဝေးကြီး၏ အမွေကို ဆက်ခံ၍ ယခုအခါ တိုက်ကြီး ခြောက်တိုက် နိုင်ငံ အသီးသီးတို့၌ ကျွန်ုပ်သည်င်္သမ ဏနခေန အသင်းများကို တည်ထောင် ခဲ့ကြလေသည်။ ရည်ရွယ်ချက်များမှာ
၁။ ဘာသာရေးပဋိပက္ခများကို ဝိုင်းဝန်းဖြေရှင်းပေးရန်
၂။ လူမျိုးရေးပဋိပက္ခများ ငြိမ်းချမ်းစွာဖြေရှင်းပေးရန်
၃။ ခိုကိုးရာမဲ့ခလေးများကို ဝိုင်းဝန်းစောင့်ရှောက်ကြရန်
၄။ ဒုက္ခရောက်နေသော မိန်းခလေးများကို ဝိုင်းဝန်းစောင့်ရှောက်ကြရန်
၅။ သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ်သင့် ဒုက္ခသည်များကို ဝိုင်းဝန်းကူညီ စောင့်ရှောက်ကြရန် နှင့်

၆။ လူသားအားလုံး ငြိမ်းချမ်း ညီညွတ်စွာ အတူလက်တွဲ နေထိုင်နိုင်ရေးကို ဘာသာရေးခေါင်း ဆောင်အားလုံးတို့က ဦးဆောင်လမ်းညွှန် သွားရန်ဟူသော မွန်မြတ်သော ရည်ရွယ်ချက်များ ချမှတ်ထား ကြလေသည်။

ခရစ်နှစ် ၂ဝဝဝ-ပြည့်မှစ၍ ၂ဝ၁၃-ခုနှစ်အထိ ဘာသာရေး ငြိမ်းချမ်းရေးအစည်းအဝေးကြီးများ ကို တိုက်ကြီးခြောက်တိုက်၌ လှည့်လည် ကျင်းပခဲ့သည်မှာ (၈) ကြိမ်လွန်ခဲ့လေပြီ။ ယခု ၂ဝ၁၃-ခုနှစ် နိုဝင် ဘာလ (၂ဝ-၂၁-၂၂-၂၃) နေ့များက (၄) ရက်တိုင်တိုင် ဥရောပတိုက်၊ သြစထရီးယားနိုင်ငံ၊ မြို့တော် ဗီယင်နာ၌ ကျင်းပခဲ့လေသည်။ တိုက်ကြီး (၆) တိုက်ရှိ နိုင်ငံပေါင်း ၁ဝဝ-မှ ဘာသာရေးခေါင်းဆောင်ပေါင်း ၇ဝဝ-ကျော် တက်ရောက်ခဲ့ကြလေသည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ ဘာသာ၊ ဂျူးဘာသာ၊ ဂျိန်းဘာသာဟူသော ဘာသာကြီး (၆) ခုတို့မှ ဘာသာဝင်ပေါင်းစုံတို့၏ အစည်း အဝေးကြီးမှာ အပြင်အပ အပေါ်ယံအသွင်အပြင်ကို ရှုမြင်ရာ၌ ခံစားမိသည်မှာ- အမျိုးစုံ၊ အရောင်စုံ၊ အရွယ်စုံတို့ဖြင့် အစုံစုံပွင့်ကုန်ပွင့်ကုန်သော ပန်းမျိုးစုံတို့ဖြင့် လှပတင့်တယ်နေသော ဥယျာဉ်ကြီးထဲ၌ သင်း သင်းပျံ့ပျံ့ ခန့်ခန့်ကြိုင်ကြိုင် ထုံသင်းလှိုင်၍နေပေသော ပန်းရနံ့၏ မွှေးကြိုင်ခြင်းကိုသာ ရှူရှိုက်မိသည့် အလား ခံစားမိပေသည်။ ပန်းတို့သည် အမျိုးစုံ၏။ မွှေးကြိုင်သည်မှာ တစ်မျိုးတည်းသာ။ မွှေးကြိုင်ပုံမှာ အမျိုးစုံသော်လည်း ပန်းဝတ်ရည်မှာ တစ်မျိုးတည်းသာ။ ပန်းဝတ်ရည်သည် လူသားအားလုံးတို့၏ အား ဆေး အသက်ရှည်ဆေးဖြစ်သည်။

ဘာသာတရားပေါင်းစုံကို ကိုးကွယ်ကြကုန်သော ဘာသာဝင်ပေါင်းစုံတို့သည် ပျားပိတုံးကဲ့သို့ ကျင့် သုံးရမည်။ ပန်းတို့သည် အမျိုးမျိုး အဖုံဖုံဖြစ်သည်။ သို့သော် ပန်းဝတ်ရည်မှာ ပျားရည် တစ်ခုတည်းသာ ဖြစ်သည်။ ဘာသာတရားတို့သည် Outer Shell (အပြင်ကအကာ) မှာ မတူကြပေမဲ့ အတွင်းအနှစ် Inner Core မှာ တူကြပေမည်။ ငြိမ်းချမ်းရေးအတွက် သစ္စာတရားသည် ဘာသာရေး အားလုံး၏ အနှစ် သာရ မဟုတ်ပါလော။

ဗီယင်နာအစည်းအဝေး၏ ငြိမ်းချမ်းရေး ညီညွတ်ရေး ခွင့်လွတ်ရေး သည်းခံရေး ပညာရေး ကျန်း မာရေး ကူညီရေး ကယ်ဆယ်ရေး စောင့်ရှောက်ရေး ထောက်ပံ့ရေး လက်တွဲရေး ခေါင်းစဉ်ပေါင်းများစွာ ဖြင့် စာတမ်းပေါင်းများစွာကို အခမ်းပေါင်းများစွာခွဲ၍ ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးကြီး တစ်ခုလုံး၏ ကုန်ကျစရိတ်ကို ဆော်ဒီအာရေဗီးယားဘုရင်က လှူဒါန်းခဲ့လေသည်။

အစည်းအဝေးကြီး၏ နောက်ဆုံးနေ့ ညနေခင်း၌ Concluding Remark အခမ်းအနားသိမ်း မိန့်ခွန်းကို ဆောင်ဒီဘုရင်၏ အတွင်းရေးမှူး၊ ရောမ ပုပ်ရဟန်းမင်းကြီး၏ အတွင်းရေးမှူး၊ ရုရှားမှ ရှေးဟောင်းခရစ်ယာန်ဘုန်းတော်ကြီး၊ ဂျေရုဆလင်မှ ရှေးဟောင်းဂျူးဘုန်းကြီးနှင့် ခရစ်ယာန်ဘုန်းတော် ကြီး တစ်ပါးစီ၊ အီရန်မှ အစ္စလာမ်ခေါင်းဆောင်တစ်ပါး၊ မြန်မာနိုင်ငံမှ သီတဂူဆရာတော်တို့ အသီးသီးက Peace, Hermony and Coexistance  ငြိမ်းချမ်းရေး ညီညွတ်စွာလက်တွဲနေထိုင်နိုင်ရေး မိန့်ခွန်း၊ မှတ်ချက်၊ ကောက်နှုတ်ချက်များ ပြောကြားကြသည်။ အခမ်းအနားသိမ်း သီတဂူဆရာတော်၏ မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

''ငြိမ်းချမ်းရေးအတွက် သစ္စာစကားနှင့် ကျယ်ပြန့်သောစိတ်ထား''

 

မင်္ဂလာပါ။

လေးစားအပ်ပါသော ဘာသာရေးခေါင်းဆောင်များ၊ ချစ်ခင်ရပါသော ညီအကိုမောင်နှမများ ထူးခြားဧည့်သည်တော်များအားလုံးကို မင်္ဂလာရှိသော ညနေခင်းပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ဤမျှ ကြီး ကျယ်သော ဘာသာရေးခေါင်းဆောင်များ၏ စုဝေးရာ အစည်းအဝေးကြီးသို့ တက်ရောက်လာရတာကို အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ အဆင်းမျိုးစုံ အနံ့မျိုးစုံတို့ဖြင့် ထုံသင်းနေတဲ့ ပန်းဥယျာဉ်ကြီး တစ်ခုထဲကို ဝင်ရောက်လာရသလိုပါဘဲ။ ဤမျှကြီးကျယ်ခမ်းနားသော အစည်းအဝေးကြီးကို ဖြစ်မြောက် အောင် မနားမနေ မမောနိုင်မပန်းနိုင် ဆောင်ရွက်အားထုတ် စည်းရုံးကြကုန်သော စည်းရုံးရေးအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံးတို့ကို အထူးပင်ကျေးဇူးတင်ကြောင်း သီးခြားဖေါ်ပြပါရစေ။ဤ အစည်အဝေးကြီးက ငြိမ်းချမ်းခြင်း ညီညွတ်ခြင်း ချမ်းသာခြင်း လက်တွဲနေထိုင်ခြင်းဟူသော တစ်ခု တည်းသော ရည်ရွယ်ချက် တူညီသောပန်းတိုင်အတွက် ထက်သန်သောစိတ်ဓာတ် ခိုင်မြဲသောဇွဲလုံ့လ မွန်မြတ်သော စိတ်ဖြင့် လက်တွဲဆောင်ရွက်နေကြကုန်သော ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင် များကို ဒီနေရာမှာ တစုတဝေးတည်း တွေ့ဆုံရခြင်းဆိုတဲ့ အခွင့်ကောင်းကြီးကို ပေးလိုက်တဲ့အတွက် ကျွန်ုပ်တို့ ဂုဏ်ယူဝမ်းမြောက်လျှက်ရှိကြောင်းကို ထပ်လောင်းပြောပါရစေ။

ဤယနေ့ ကျွန်ုပ်တို့တတွေဟာ ဘာသာရေး ယဉ်ကျေးမှု နိုင်ငံရေးစံနစ် စီးပွားရေးစံနစ်တို့ မတူကွဲ ပြားခြားနားတဲ့ကမ္ဘာမှာ အတူတကွ နေထိုင်နေကြရတာဖြစ်ပါတယ်။ ဤကဲ့သို့သော ကမ္ဘာကြီးမှာ နေကြရ တဲ့ ကျွန်ုပ်တို့တတွေဟာ အမျိုးမျိုးသောပြဿနာတို့အပေါ်မှာ လူမှုရေးအမြင်အမျိုးမျိုး၊ နိုင်ငံရေးအမြင်၊ ဘာသာရေးအမြင်တို့မှာ အမျိုးမျိုးပင် ကွဲပြားနေကြမှာဖြစ်ပါတယ်။ သို့သော် ဏမသဘူနာ = ပြဿနာဆို သည့်အချက်မှာတော့ အားလုံးတူနေပါလိမ့်မယ်။ ဥပမာ ''ဆေးရုံပေါ်ကလူတွေဟာ အားလုံး လူမမာတွေ ချည်းဘဲ'' ဆိုတာလိုပါဘဲ။ ရောဂါမတူကြပေမဲ့ ''လူမမာ'' ဆိုတဲ့အပေါ်မှာ တူသလိုပါဘဲ။ ဒါကြောင့် ကျွန်ုပ် တို့ လူမမာအားလုံး ရောဂါပျောက်ရေး ဆရာနှင့်ဆေးရှာတဲ့နေရာမှာ တူနေကြသလိုပါဘဲ။ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်အားလုံး ''ပြဿနာတို့ရဲ့အဖြေ'' ကို ဤယနေ့ ဤနေရာမှာ စိတ်အား ထက်သန်စွာ လာရောက်စုဝေးနေကြတာဖြစ်ပါတယ်။ သို့သော် လူ့လောကကြီးတစ်ခုလုံးရဲ့ များပြားလှ သော ပြဿနာပေါင်းစုံတို့ရဲ့ အပြီးသတ်အဖြေကိုတော့ ကျွန်ုပ်တို့ ဘယ်တော့မှ ရှာဖွေတွေ့ရှိနိုင်ကြမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ လူသားတွေအများစုဟာ သူတို့ကိုးကွယ်ရာ ဘာသာတရား အသီးသီးရဲ့ အနှစ်သာရပိုင်းကို မထိမိ၊ မသိရှိကြတော့ဘဲ လိုက်နာကျင့်သုံးမှုလဲ အလွန်အားနည်းလာကြပြီဖြစ်တဲ့ အတွက်ကြောင့်ပါဘဲ။ ဒါကြောင့် ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်တွေဟာ သည်းခံခြင်းနှင့် ခွင့်လွတ် ခြင်း (Tolerance and Forgiveness) တရားလက်ကိုင်ထားလျှက် အစွန်းရောက်ခြင်း အယူသန်ခြင်း (Extreme and Aggressiveness) တို့ကို စွန့်လွှတ်ကာ ကွဲပြားခြင်းထဲက တူညီခြင်း ကို (Unity in Diversity) ရအောင်ရှာဆိုတဲ့ အယူဝါဒကို လက်ကိုင်ထားရမှာဖြစ်ပါတယ်။ သို့မှသာ ကျွန်ုပ်တို့ လက်တွဲအတူနေဘို့ (Common Ground) နှင့် အတူလက်တွဲ လျှောက်လှမ်းဘို့ (Common Platform) ကို တွေ့ကြမှာဖြစ်ပါတယ်။ Common Platform တွေ့မှလဲ Common Problems = တူညီ သော ပြဿနာတွေကို ဖြေရှင်းနိုင်ကြမှာဖြစ်ပါတယ်။ တူညီသောလမ်းကြောင်းမှာ တွဲလျှောက်မှ တူညီသော ပြဿနာတွေကို ဖြေရှင်းနိုင်ကြရပြီး လုံလုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်း လက်တွဲနေနိုင်ကြမှာဖြစ်ပါတယ်။

မည်သို့ဘာသာရေး လူမှုရေး ယဉ်ကျေးမှုတို့ ကွဲပြားခြားနားနေကြစေကာမူ မြစ်ကမ်းနှစ်ဘက် သွယ်ဘို့တံတားဆောက်သလို ဖေါ်ပြပါခြားနားမှုတို့ကို ပေါင်းစပ်ပေးဘို့ ကျွန်ုပ်တို့ တံတားဆောက်ပေးနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပေါင်းကူးတံတား ဆောက်မယ်ဆိုရင်တော့ ကျွန်ုပ်တို့ ဘာသာရေးခေါင်း ဆောင်တွေ အချင်းချင်း ရင်းနှီးခင်မင်မှုရှိကြဘို့ လိုပါလိမ့်မယ်။ ခေါင်းဆောင်တစ်ဦးနှင့် တစ်ဦး၊ ဘာသာ တစ်ခုနှင့် တစ်ခု အပြန်အလှန်နားလည်မှု ရင်းနှီးခိုင်မာစွာ တည်ဆောက်ဘို့လိုပါတယ်။ ကျွန်ုပ်တို့အချင်း ချင်း မယုံကြည်မှု စိုးရိမ်မှု တင်းမာမှုတွေကို လျှော့ချနိုင်ရမယ်။ အစွန်းရောက်စိတ်ဓာတ်နှင့် တယူသန် စိတ်ဓာတ်တွေကို လျှော့ချနိုင်အောင် ကြိုးစားကြရမယ်။ သို့မှသာ ပဋိပက္ခတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါ တယ်။ ဒါကြောင့် ယခုလို မပြတ်မပြတ် စည်းဝေးခြင်းဟာ အကျိုးများစွာရှိတယ်လို့ မြတ်ဗုဒ္ဓက မိန့်ကြား ခဲ့ခြင်းဖြစ်ပါတယ်။ ဝေးကွာသော ကမ်းနှစ်ဖက်ကို တံတားဆက်ပေးလိုက်တာဖြစ်တော့ ကမ်းတစ်ဘက် စီက လူတွေ ကိုယ့်ရဲ့ဦးတည်ရာ ပန်းတိုင်ကိုတော့ ကိုယ့်ဟာကို သွားနေကြတာပဲ၊ ဦးတည်ချက်နှစ်ခု မတူ ကြဘူး။ ဒါပေမဲ့ ကမ်းတစ်ဘက်စီမှ လာကြတဲ့လူနှစ်ဦး ကမ်းတစ်ဘက်ဆီသို့ သွားနေကြတာဖြစ်ပေမဲ့ တံတားပေါ်မှာ သူတို့နှစ်ယောက် မျက်နှာခြင်းဆိုင် ဆုံတွေ့ပြီးမှ သွားကြရမှာ။ တံတားပေါ်မှာတွေ့ပြီး ဆုံပြီး အားလုံးပန်းတိုင်အသီးသီးရောက်ကြပါတယ်။ မတူညီကြတဲ့ ဒီလူတွေအတွက် တံတားတစ်ခုတော့ လိုပါပြီ။ ဝိုင်းဝန်းတည်ဆောက်ကြပါစို့။

ဘာသာတရားတိုင်းမှာ ဂိုဏ်းကွဲတွေအများကြီးရှိနေပါတယ်။ နိုင်ငံရေးမှာလဲ ဒီအတိုင်းပါပဲ၊ စိတ် မပျက်ကြပါနဲ့။ အားလုံးလျှောက်လှမ်းနိုင်တဲ့ လျှောက်ရမဲ့တံတားတစ်ခု Common Bridge တစ်ခုကို ကြိုးစားဆောက်ကြရအောင်ပါ။ ကိုယ့်ပန်းတိုင် ကိုယ်ဦးတည်၍ ကိုယ့်လမ်းကို လျှောက်ကြရင်း တံတား ပေါ်မှာ အားလုံးဆုံတွေ့ကြပါလိမ့်မယ်။ ကွဲပြားခြင်းကို ရဲရဲကြီးရင်ဆိုင် တံတားဆောက်ပေးခြင်းဖြင့်  တံတားပေါ်လျှောက်ကြမဲ့လူအပေါင်းတို့ကို Violence and Conflit မှ Peace and Security သို့ လမ်းကြောင်းပြောင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ပေါင်းကူးတံတားတစ်ခုသာ တည်ဆောက်နိုင် လျှင် Conflit and Fighting (ပဋိပက္ခနှင့်တိုက်ခိုက်ခြင်း) ကို Hermony and Happiness (ညီညွတ် ခြင်းနှင့် ချမ်းသာခြင်း) သို့ ပြောင်းနိုင်ရုံမျှမက ငြိမ်းချမ်းစွာအတူယှဉ်တွဲ၍လည်း နေနိုင်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ ခိုင်မြဲစွာယုံကြည်ပါသည်။

ချစ်ခင်လေးစားရပါသော ဘာသာရေးအသီးသီးမှ ညီအကိုမောင်နှစ်မများ

ကျွန်ုပ်တို့တတွေ ကိုးကွယ်ရာဘာသာ မတူကြပေမဲ့ ကျွန်ုပ်တို့ကိုယ်တွင်းမှာရှိနေတဲ့ လူသားတိုင်းမှာ အတူအမျှရှိကြေတဲ့  အလိုကြီးခြင်း မုန်းတီးခြင်း မသိနားမလည်ခြင်း ထောင်လွှားခြင်း ကဲ့ရဲ့ခြင်း ပုတ်ခတ် ခြင်း မနာလိုခြင်း အစရှိတဲ့ဆန့်ကျင်ဘက်အပြစ် အညစ်အကြေးတို့ရဲ့ နေရာမှာ ရက်ရောစွာပေးကမ်းခြင်း ချစ်ခင်ခြင်း အမျက်မထွက်ခြင်း အမြင်မှန်ခြင်း မိမိကိုယ်ကို နှိမ့်ချခြင်း သူတပါးကို ချီးမွှမ်း သနားစောင့် ရှောက်ခြင်း ချီးမြှောက်ခြင်း ဝမ်းမြောက်ခြင်း သည်းခံခြင်း ခွင့်လွှတ်ခြင်းဆိုတဲ့ ဖြူစင်မွန်မြတ်သော စိတ်ဓာတ်တို့ကို အစားထိုးလိုက်ပါ။ Common Bridge ကို တည်ဆောက်ပြီးဖြစ်ပါလိမ့်မည်။ သူတစ်ပါး တို့အပေါ် အောင်မြင်လိုသောသူသည် မိမိကိုယ်ကို ရှေးဦးစွာ အောင်မြင်မှုအရ ယူရပါမည်။ ကမ္ဘာ့နေရာ တိုင်းမှာ ထင်ရှားစွာတွေ့မြင်နေရတဲ့ အစွန်းရောက်ခြင်း အယူသန် အစွဲသန်ခြင်းတို့ကို ယခုပင်ဖယ်ရှား ပစ်လိုက်ပါ။ တည်ဆောက်ထားသော အများပိုင်တံတား ပို၍လှပခိုင်မာလာမည်ဖြစ်ပါသည်။

ချစ်ခင်လေးစားရပါသော ဘာသာတရားအသီးသီးမှ ညီအကိုမောင်နှစ်မများ

ကျွန်ုပ်တို့ သတိပြုရမည့်အချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ ကျွန်ုပ်တို့ရဲ့ ယုတ်ညံ့သိမ်ဖျင်းသော အတွေးအခေါ် အယူအဆ အပြောအဆို အပြုအမူနှင့် လောဘ ဒေါသ မောဟ မာန ဣဿာစတဲ့ Negative, Destructive Element များ နှိမ်နင်းဘို့ ထိန်းချုပ်ဘို့ ပယ်နှုတ်ဘို့ပါဘဲ။ အဲဒီဆန့်ကျင်ဘက်  အဖျက်ဓာတ်တွေကို မထိန်းနိုင် မလျှော့နိုင် မပယ်နိုင်ရင်တော့ ကျွန်ုပ်တို့တတွေဟာ အမှောင်ကျနေတဲ့ ကမ္ဘာကြီးမှာ နေရသလိုဖြစ်နေကြပါလိမ့်မယ်။ သို့သော် အမှောင်ရှိလျှင် အလင်းဆိုတာ ရှိစမြဲပါဘဲ။ အမှောင်ထဲမှာ အလင်းရောင်ဆိုတာ အရေးတကြီးလိုအပ်ပါတယ်။ အမှောင်နှင့်အလင်းဆိုတာ ဆန့်ကျင် ဘက် သဘာဝတွေဖြစ်လို့ အတူယှဉ်တွဲနေလို့ မဖြစ်နိုင်ပါ။ ဒါကြောင့် ကျွန်ုပ်တို့လုပ်ရမှာက အမှောင်ကျ ကမ္ဘာထဲမှာ အလင်းရောင်ထည့်ပေးလိုက်ဘို့ပါဘဲ။ အဲဒါကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်အားလုံးမှာ တာဝန်ရှိပါတယ်။ မီးလောင်တယ်ဆိုလျှင် ရေဟာ  အရေးတကြီးလိုအပ်တဲ့အရာဝတ္ထုပါ။ ဒီကနေ့ကမ္ဘာ ကြီးတစ်ခုလုံးမှာ အတွင်းရောအပြင်မှာ မီးလောင်နေပါတယ်။ ကိလေသာမီးတွေပါ။ ယနေ့ကမ္ဘာကို ကျွန်ုပ် တို့ဘာသာရေးခေါင်းဆောင်တွေအားလုံး ဝိုင်းဝန်းရေလောင်းကြဘို့လိုအပ်နေပါတယ်။ ဒီကနေ့ကမ္ဘာကြီး တစ်ခုလုံး ငြင်းခုံခြင်း ဆူပူခြင်း တိုက်ခိုက်ခြင်းတို့ဖြင့် အမှောင်လည်းကျ မီးလဲတောက်နေပါတယ်။ မြတ် ဗုဒ္ဓ၏ မိန့်ခွန်းတော်တစ်ခုမှာ = ''သဗ္ဗော လောကော အန္ဓီဘူတော၊ လောကကြီးတစ်ခုလုံး ကန်းနေတယ်၊ သဗ္ဗော လောကော ပကမ္ပိတော၊ တလောကလုံး တုံလှုပ်နေတယ်။ သဗ္ဗော လောကော ပဇ္ဇလိတော၊ တလောကလုံး မီးလောင်နေတယ်'' လို့ ဟောထားတာရှိပါတယ်။

အကန်းကမ္ဘာကို မျက်လုံးပေးရမှာပါ။ တုံလှုပ်နေသောကမ္ဘာကို တည်ငြိမ်အောင်ထိန်းရမှာပါ။ လောင်နေသောကမ္ဘာကို ငြိမ်းချမ်းရေးပေးရမှာပါ။ သစ္စာတရားကို မသိခြင်း (အဝိဇ္ဇာ) နှင့် အလိုမထိန်း ခြင်း စည်းကမ်းမဲ့လောဘ၊ အဆိုးကိုသာကြည့်၍ အမျက်ထွက်ခြင်း ဒေါသ၊ ဤ Negative Element တို့ကြောင့် ကမ္ဘာ့သမိုင်းတစ်လျှောက် ဤကမ္ဘာမြေဝယ် စွန်းထင်နေသော သွေးကွက်တို့ကို ဖျက်၍မရသေး ပေ။ သို့ဖြစ်ခြင်းကြောင့် ဤကမ္ဘာကြီး အလွန်လျှင်အရေးတကြီး ''ညီညွတ်ခြင်း ငြိမ်းချမ်းခြင်း လက်တွဲနေ ထိုင်ခြင်းတို့ကို အရေးတကြီး အဆောတလျှင်လိုအပ်နေပေပြီ'' ဟူသောအချက်သည် ဘာသာရေး နိုင်ငံ ရေး စိတ်ဓာတ်ရေး ခေါင်းဆောင်အားလုံးတို့ အကြီးအကျယ် ခြိမ်းခြောက်နေသည့်စိတ်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်အားလုံး ဤ  Challenges နှင့် Responsibilities (စိန်ခေါ်မှုနှင့်တာဝန်များ) ကို လက်ခံသိမ်းပိုက် ဖြေရှင်းနိုင်ကြဘို့အထူးပင် လိုအပ်နေပါသည်။

ချစ်ခင်လေးစားရပါသော ဘာသာတရားအသီးသီးမှ ဘာသာရေးခေါင်းဆောင် ညီအကို မောင်နှစ်မများ

လူသားတို့ ကိုးကွယ်ရာ မည်သည့်ဘာသာတရားမှာမဆို Outer Shell အပြင်အကာနှင့် Inner Core အတွင်းပိုင်းအနှစ်သာရဟူ၍ နှစ်မျိုးရှိပါသည်။ တင်မြှောက်ပသခြင်း ရှိခိုးပူဇော်ခြင်း ယာဇ်ပူဇော် ခြင်း မျက်စိမှိတ်ယုံကြည်ခြင်း စိတ်ကူးယဉ်ပုံပြင်ဒဏ္ဍာရီစသည်တို့သည် ဘာသာရေးအားလုံးတို့ရဲ့ အပေါ်ယံအကာများဖြစ်ကြကုန်၏။ ထိုအကာ Outer Shell တို့ကမှ ဘာသာတရားတစ်ခုနှင့် တစ်ခုကို မတူကွဲပြား ခြားနားမှု ဖြစ်စေခဲ့သည်ဟု ဆိုချင်ပါသည်။ သို့သော် ဘာသာတရား အားလုံးတို့၏ အတွင်းပိုင်း အနှစ်သာရ Inner Core မှာ ဘာသာရေးအားလုံးအတွက် အညီအမျှ တူကြမည်သာဖြစ်သည်။ ဘာသာ တရားအားလုံးတို့၏ အညီအမျှတူကြသည့် Common Core မှာ ဒါန-သီလ-သမာဓိ-ပညာ-မေတ္တာ-ကရုဏာ-ခန္တီ-သစ္စာတို့ဖြစ်ပါတယ်။ အဲဒီအချက်တွေဟာ ကျွန်ုပ်တို့ဘာသာတရား အားလုံးတို့ရဲ့ Common Core တူညီသောအနှစ်သာရပါဘဲ။ Common Meeting Point သည် လူနှစ်ယောက် ဆန့်ကျင်ဘက် အရပ်ဒေသနှစ်ခုက  လျှောက်လှမ်းလာကြသော်လဲ ရှောင်လွှဲလို့မရဘဲ အားလုံးတွေ့ဆုံရာ Common Meeting Point ဘဲဖြစ်ပါတယ်။ ဤအချက်များကို ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်တွေ ကျွန်ုပ်တို့ ဘာသာရေးယုံကြည်ကိုးကွယ်သူတိုင်းကို အလေးအနက်ထား သင်ကြားပို့ချ ဟောပြောပေးရမည့် အချက် များဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင်လည်း အလေးအနက်ထား ကျင့်ရမည့် အချက်များလဲဖြစ်ပါတယ်။ အထက်ဖော်ပြပါ ဘာသာတရားအားလုံးတို့ရဲ့ အနှစ်သာရဖြစ်တဲ့ ခန္တီ-သစ္စာ-မေတ္တာ-ကရုဏာ-ပညာ- သီလ-သမာဓိ-ဒါန တရားတို့ကို ဘာသာဝင်အားလုံးတို့က အလေးအနက်ထား သင်နိုင်ကျင့်နိုင်ကြမယ် ဆိုလျှင် ငြင်းခုံခြင်း ရန်ဖြစ်ခြင်း ဆူပူခြင်း သောင်းကျန်းခြင်း ရန်တိုက်ခြင်း တိုက်ခိုက်ခြင်းစသည်တို့ဟာ လက်ရှိအခြေအနေမှ တဖြည်းဖြည်း လျှော့ပါးပြီး- နောက်ချုပ်ငြိမ်းသွားလိမ့်မည်လို့ ယုံကြည်ပါတယ်။

လူသားအားလုံးတို့သည် ဘာသာစွဲ အယူစွဲ လူမျိုးစွဲ ဆရာစွဲ ဓလေ့စွဲ ဇာတ်စွဲစသည် တယူသန်အစွဲ အလန်းများ ကင်းဘို့လိုအပ်ပါသည်။ Freedom of Thought - စိတ်ဓာတ်နှင့်အတွေးအခေါ် လွတ်လပ် ရမည်။ သို့သော် အရေးကြီးသည်ကား ဘာသာဝင်တိုင်းသည် မိမိတို့ဘာသာတရား၏အနှစ်သာရတို့ကို လိုက်နာကျင့်သုံးခြင်းမှ မချွတ်ယွင်းဘို့ လိုပါသည်။ မိမိတို့ ကိုးကွယ်သော ဘာသာတရားကို အသုံးပြု၍ အခြားကိုးကွယ်ရာ ဘာသာတရားများကို မနှောက်ယှက် မရှုံ့ချဘို့ အထူးဂရုပြုရမည်ဖြစ်ပါသည်။ ဘာသာ ဝါဒမတူကြသည့်ကမ္ဘာဝယ် ဘာသာဝါဒမတူကြသည့် လူတို့သည် မြတ်ဗုဒ္ဓကို ချဉ်းကပ်ကြရာ၌ မြတ်ဗုဒ္ဓက မိန့်ဆိုတော်မူဘူးပါသည် = ''မင်းတို့ ငါတို့ရဲ့ သဘောမတူနိုင်တဲ့အချက်တွေကို ဘေးဖယ်ထားလိုက်ကြ စမ်းပါ၊ မင်းတို့ ငါတို့ သဘောတူနိုင်တဲ့အချက်တွေမှာ စူးစိုက်ကြစမ်းပါ၊ အားလုံးလက်ခံနိုင်တဲ့ အနှစ်သာရ ကို ရှာလိုက်ကြစမ်းပါ။ အားလုံးသဘောတူနိုင်တဲ့အနှစ်သာရကို ရအောင် ထိ-သိအောင် ကျင့်ကြစမ်းပါ၊ ဘာ့ကြောင့် ငြင်းခုံနေကြ ရန်ဖြစ်နေကြတာလဲ'' ဟု မိန့်တော်မူဘူးပါသည်။ ဤသို့ ကျိုးကြောင်းဆင်ခြင် သိမြင်ပညာရှင်တို့၏ ညှိနိုင်းသဘောတူညီမှု၏ တန်ဘိုးသည် ဤကမ္ဘာမှာ နေ့တိုင်းတည်ရှိနေဆဲဖြစ်ပါ သည်။ ဆူပူသောင်းကျန်းမှုကို ဆုပ်ကိုင်ထားခြင်းသည် မိမိနှင့် မိမိ၏ သားစဉ်မြေးဆက်တို့ကို နှိပ်စက် ဖျက်ဆီးရာရောက်သည်မှာ ထင်ရှားပါသည်။ ခန္တီတရား သစ္စာတရားကင်းမဲ့ကြသူတို့သည် တိုက်ရိုက်အား ဖြင့်ဖြစ်စေ သွယ်ဝိုက်သောအားဖြင့်ဖြစ်စေ သူတို့၏ ကိုယ်အမူအရာ နှုတ်အမူအရာအားလုံးတို့မှာ ဆူပူ သောင်းကျန်းလျှက် လူ့လောကကြီးတစ်ခုလုံးကို အစဉ်တုံ့ပြန်လျှက် ရှိကြကုန်၏။ ဘုရားရှင်တိုင်းသည် မဟာကရုဏာရှင်များဖြစ်တော်မူကြကုန်၏။ ခန္တီ သစ္စာ မေတ္တာကင်းမဲ့စွာသော ထိုလူသားတို့သည်လည်း ဘုရားရှင်တို့၏ ကရုဏာတော်ကို ရရှိခံစားနိုင်ကြမည်ဖြစ်သည်။ ဤအချက်ကိုပင် ဘုရားရှင်၏ ဂုဏ်ထူး ဝိသေသဟုဆိုရမည်ဖြစ်သည်။

ချစ်ခင်လေးစားအပ်ပါသော ဘာသာရေးခေါင်းဆောင်များ ဂုဏ်သရေရှိလူကြီးမင်းများ ဂုဏ် သရေရှိ  အမျိုးသား အမျိုးသမီးများ ထူးခြားသောဧည့်သည်တော်ကြီးများ ညီအကို မောင်နှစ်မများ အားလုံး - -

ကျွန်ုပ်၏စကားကို မြတ်ဗုဒ္ဓ၏စကားရပ်များဖြင့် အဆုံးသတ်လိုပါသည်။ မြတ်ဗုဒ္ဓက ဓမ္မပဒကျမ်း၌ သူ၏သတင်းစကားကို ဤသို့မိန့်ကြားခဲ့ပါသည် =

၁။    ရန်ညှိုးမှန်သမျှကို တုံ့ပြန်ခြင်းဖြင့် ဖြေဖျောက်၍ မရနိုင်

၂။    ရန်ညှိုးမှန်သမျှကို မေတ္တာ-ခန္တီ ခွင့်လွတ်ခြင်းတို့ဖြင့်သာ ဖြေဖျောက်နိုင်ရာ၏

၃။    ဆူပူသောင်းကျန်းခြင်းကို မေတ္တာဖြင့် ငြိမ်းချုပ်စေရာ၏

၄။    ဒေါသကို မေတ္တာဖြင့် ငြိမ်းချုပ်စေရာ၏

၅။    ကြမ်းထန်းခြင်းကို ယဉ်ကျေးသိမ်မွေ့ခြင်းက ပြောင်းလဲစေနိုင်သည်

၆။    ဆူပူကြမ်းထန်းခြင်းကို အကြမ်းဘက်ခြင်းဖြင့် မငြိမ်းချမ်းစေနိုင်

၇။    ဆူပူခြင်း ကြမ်းထန်းခြင်း ရက်စက်ခြင်း ဖျက်ဆီးခြင်းတို့ကို မေတ္တာ-ခန္တီ-အဟိံသ-သစ္စာ တရားတို့ဖြင့် ငြိမ်းချမ်းစေရာ၏

ဤနီတိတို့သည်ကား ဘယ်တော့မှ မဟောင်းနိုင်သော ဘာသာတရားများမပေါ်မီ ကမ္ဘာဦးလူတို့ ကျင့်သုံးခဲ့သော သနန္တနတရား (ကမ္ဘာဦးတရား) ဖြစ်ပေသည်။ ဤသည်ကား ''ဓမ္မ'' ဖြစ်လေသည်။ ဤ ကမ္ဘာ၌ ''ဓမ္မ'' ဟူသည် ဗုဒ္ဓဘာသာလည်းမဟုတ်၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျူး၊ ဂျိန်းဘာသာများ လည်း မဟုတ်ကြ။ တကယ်စင်စစ် ''ဓမ္မ'' ဟူသည် သစ္စာတရားသာတည်း။ ''လူသားတိုင်း၏ ဘဝအနှစ် သာရ'' သည် သစ္စာတရားသာဖြစ်၏၊ သစ္စာကိုသိခြင်းသည် ဘဝပြဿနာအားလုံး၏ အဖြေဖြစ်သည်၊ သစ္စာတရားကို သိမြင်ခြင်းသည် ကျွန်ုပ်တို့ လူသားအားလုံး၏ ပန်းတိုင်ဖြစ်သည်။ သစ္စာတရားသည် ဘာသာရေးအားလုံးတို့၏ အနှစ်သာရ (Common Core) ဖြစ်သည်။ သစ္စာကိုသိခြင်းသည် လူသား အားလုံး၏ ဘဝပြဿနာများအတွက် အဖြေပင်ဖြစ်သည်။ ဓမ္မဟူသည့်သစ္စာတရားက ကျွန်ုပ်တို့ကို သင်ကြားခဲ့သည်မှာ - "Negative Spirit" တို့ကိုသာ ကျွန်ုပ်တို့ အချိန်ရှိသရွေ့ ထုတ်လုပ်နေကြမည် ဆို ပါလျှင် ကျွန်ုပ်တို့ကိုယ်တိုင် ရှေးဦးစွာ ဘေးရန်များစွာ တွေ့ကြရမည်ဖြစ်သည်။ ကျွန်ုပ်နေထိုင်ရာ ဤကမ္ဘာ ကြီးမှာလည်း ရန်မီးတောက်တွေ ဘယ်တော့မှ ငြိမ်းကြမည့်မဟုတ်ပေဘူး။ ကျွန်ုပ်တို့လူသားတွေရဲ့ ယုတ် ညံ့သောဆန့်ကျင်ဘက်စိတ်ဓာတ်တွေကို ထုတ်ပယ်ပစ်နိုင်မှ သစ္စာကိုလည်း သိမြင်ကြမှ ကျွန်ုပ်တို့ ကိုယ်တိုင် ရဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။ သစ္စာတရားဟူသည် နှလုံးသားအတွင်းမှာ ရှိတာ ဖြစ်လို့ သန္တိ (ငြိမ်းချမ်း) တရားဟာလည်း ကိုယ်တွင်းမှာဘဲ ရမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်တိုင် သစ္စာနဲ့ သန္တိကို ရမှသာ ကျွန်ုပ်တို့ သိသော ရသော သစ္စာနဲ့သန္တိကို အပြင်ကမ္ဘာသို့ ဖြန့်ချိနိုင်ကြမှာဖြစ်ပါတယ်။

ထို့ကြောင့် အဝိဇ္ဇာအမှောင်ကျနေသောကမ္ဘာသို့ သစ္စာအလင်း ဖြန့်ချိနိုင်အောင်၊ ကိလေသာမီး လောင်နေသောကမ္ဘာကို သန္တိဟူသော ငြိမ်းချမ်းရေးပေးဝေဖြန့်ချိနိုင်အောင် ကျွန်ုပ်တို့ ဘာသာရေး ခေါင်း ဆောင်များအားလုံး ဝိုင်းဝန်းကြိုးပမ်း အားထုတ်ပါစို့ဟု တိုက်တွန်းလျှက် ကျွန်ုပ်၏စကားကို အဆုံးသတ် လိုက်ပါသည်။

သစ္စာတရားနှင့် သန္တိတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ

အရှင်ဉာဏိဿရ

မြန်မာ

၂၃-၁၁-၂ဝ၁၃ ဗီယင်နာ

 

rfp01rfp02rfp03

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈