သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃
မနေ့က (12-9-2016)
အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံးမှ သီတဂူဆရာတော်ကြီးနှင့်အတူ (၈)နိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်များကို အစ္စရေးနိုင်ငံဝန်ကြီးချုပ်ရုံးသို့ ပင့်ဆောင်ပြီး ၀န်ကြီးချုပ် ဗန်ဂျာမင် နေတန်ဉာဟု ၏ သီးခြားဧည့်ခန်းတွင် တွေ့ဆုံနှုတ်ဆက်သည်။
တွေ့ဆုံပွဲတွင် အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံး လူမှုဆက်ဆံရေးအမျိုးသမီးအရာရှိ ဆီမိုနာက ဘာသာရေးခေါင်းဆောင်များတစ်ဦးချင်းကို ၀န်ကြီးချုပ်နှင့် မိတ်ဆက်ပေးသည်။ ၀န်ကြီးချုပ်က ကျေးဇူးတင်စကား၊ ဆုတောင်းစကားများကို ပြောကြားသည်။
ထို့နောက် ဘာသာရေးခေါင်းဆောင်တစ်ဦးချင်း၏ နိုင်ငံအသီးသီးရှိ ဘာသာရေးအခြေအနေများကို အနည်းငယ်စီပြောကြားရန် ၀န်ကြီးချုပ်ကတိုက်တွန်းသည်။
ဘာသာရေးခေါင်းဆောင်အချို့က ၄င်းတို့ယူဆောင်လာသော လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။
သီတဂူဆရာတော်ကြီးက မြန်မာနိုင်ငံတော်ရှိ ဗုဒ္ဓဘာသာသံဃာတော်(၅)သိန်းတို့၏ကိုယ်စား တက်ရောက်လာကြောင်း၊ ဆရာတော်ကြီးပြောကြားမည့် မိန့်ခွန်းသည် သံဃာတော် (၅)သိန်းတို့၏ မိန့်ခွန်းဖြစ်သည်ဟုမိန့်၍ ပြောကြားသည့် မိန့်ခွန်းစာရွက်(၄)မျက်နှာရှိ မိန့်ခွန်းစာရွက်ကို လက်ဆောင်ပေးလိုက်သည်။ ဆရာတော်ကြီးက ၀န်ကြီးချုပ်အား Spiritual Present (စိတ်ဓာတ်ရေးရာလက်ဆောင်)ဟု ပြောကြားလိုက်သည်။ ၀န်ကြီးချုပ်က သီတဂူဆရာတော်ကြီးအား မိမိကိုယ်တိုင်ဖတ်မည်ဟု ပြောသွားသည်။
၀န်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးပြီးသောအခါ နေ့လည် (၂း၃၀)တွင် အစည်းအဝေးကို ဆက်လက်ကျင်းပသည်။ နေ့လည်ပိုင်းအစည်းအဝေး၌ နိုင်ငံပေါင်းစုံမှဘာသာရေးခေါင်းဆောင်များ (၁၅)ယောက်ခန့်စကားပြောကြသည်။ ထိုနေ့လည်ခင်းအစည်းအဝေး၌ သီတဂူဆရာတော်ကြီးက Power of Mind for World Peace= ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိတ်၏စွမ်းအားဟူသော ခေါင်းစဉ်ဖြင့် မိနစ်၂၀ခန့် မိန့်ကြားခဲ့သည်။ မိန့်ခွန်းအပြည့်အစုံကို အင်တာနက်စာမျက်နှာတွင် ဖတ်ရှှုနိုင်ပါသည်။
မှတ်ချက် ။ ။ ထိုနေ့နေ့လည်ဆွမ်းကို ဂျေရုစလင်မြို့၊ နိုင်ငံခြားရေးရုံးသီးခြားအခန်းတစ်ခု၌ မြန်မာ့သံရုံးမိသားစုက အချိန်မီ ဆက်ကပ်ကြသည်။ အစည်းအဝေးက ပုံမှန်ပေးသော နေ့လည်စာမှာ နေ့လည် (၁း၃၀)ခန့်ဖြစ်သည်။
ယနေ့အစည်းအဝေး ညနေ(၇း၃၀)တွင် အစည်းအဝေးပြီးဆုံးပြီး၊ ၀န်ကြီးချုပ်က ဧည်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ တတိယနေ့အစည်းအဝေးကို ဂျေရုစလင်မြို့ရှိ The Hebrew University (ဂျူးတက္ကသိုလ်)တွင် ဆက်လက်ကျင်းပမည်။
စက်တင်ဘာလ (၁၄)ရက် စတုတ္ထနေ့၊ ဂျေရုစလင်မြို့တွင် အရေးကြီးသော ဘာသာရေးဌာနများကို လိုက်လံပြသမည်။
စက်တင်ဘာလ (၁၅)ရက်နေ့ နောက်ဆုံးနေ့တွင် အစ္စရေးနိုင်ငံမြောက်ပိုင်း Haifa မြို့တွင် အစ္စရေးနိုင်ငံဘာသာရေး ကောင်စီခေါင်းဆောင်များနှင့် ဆက်လက်တွေ့ဆုံမည်။
ပထမအကြိမ် Israel – Asia, Ancient Tradition Contemporary Realities, Faith Leader Meeting များပြီးဆုံးသည်။
သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 14 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈