သီတဂူဆရာတော်ကြီးသည် ဟန်ဂရီနိုင်ငံ ဘုဒါပက်စ်မြို့တော်ရှိ ဓမ္မဂိတ်ဗုဒ္ဓကောလိပ် ပါမောက္ခချုပ်၏ ဖိတ်ကြားချက်အရ (၁၁၊ ရ၊ ၂၀၁၅) နေ့တွင် ဂျာမနီနိုင်ငံမှ တဆင့် ဘုဒါပက်စ်မြို့တော်သို့ ကြွရောက်တော်မူခဲ့ပါသည်။
သီတဂူဆရာတော်နှင့် အတူ တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ (မြင်းခြံဆရာတော်)၊ သီတဂူ ဒေါက်တာ အရှင်သုန္ဒရ၊ သီတဂူ အရှင်ဒေဝိန္ဒာဘိ၀ံသတို့ လိုက်ပါလာကြ၏။ ဓမ္မဂိတ် ဗုဒ္ဓကောလိပ် ပါမောက္ခချုပ် JanosJelen မှ လေဆိပ်တွင် လာရောက်ကြိုဆိုပါသည်။
ထို့နောက် သီတဂူဆရာတော်နှင့်အဖွဲ့ကို နေ့ဆွမ်းဆက်ကပ်ပြီး ဓမ္မဂိတ်ဗုဒ္ဓကောလိပ်သို့ ပင့်ဆောင်ကာ ဗုဒ္ဓကောလိပ်၏ နောက်ခံရာဇဝင်ကို ပါမောက္ခချုပ်မှ ရှင်းလင်း လျှောက်ထားပါသည်။
ဓမ္မဂိတ် ဗုဒ္ဓကောလိပ်ကို ၁၉၉၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ဗုဒ္ဓကောလိပ်မှ BA. MA. Ph.D ဘွဲ့များကို ပေးအပ်မည်ဖြစ်ကြောင်း၊ ဗုဒ္ဓကောလိပ်စတင်ဖွင့်ခဲ့စဉ်က ကျောင်းတက်သူ ဦးရေ ၅၀ - သာရှိကြောင်း၊ စိတ်ဝင်စားမှု ရှိကြသည့်အတွက် ကျောင်းတက်သူဦးရေ များပြားလာကြောင်း၊ အခုချိန်မှာ ကျောင်းတက်သူဦးရေ ၃၀၀- ထိ ရှိနေပြီ ဖြစ််ကြောင်း၊ ထို ကျောင်းတက်သည့်သူများသည် ကိုးကွယ်မှု ဘာသာအားဖြင့် မတူပါကြောင်း၊ သို့သော် အဆိုပါကျောင်းသား/ ကျောင်းသူများသည် ကျောင်းတက်ပြီးသည့်နောက် ဗုဒ္ဓဘာသာဝင် ဖြစ်သွားကြကြောင်း၊ မြန်မာနိုင်ငံမှ ဒေါက်တာဓမ္မသာမိ (အောက်စဖို့ဒ်ဆရာတော်)မှ နှစ်စဉ် ဓမ္မသင်တန်းများ ပို့ချပေးလျက် ရှိပါကြောင်း၊ ဗုဒ္ဓကောလိပ်မှာ အဘိဓမ္မာပို့ချပေးမည့်ဆရာ လိုအပ်လျက်ရှိကြောင်း၊ မြန်မာပြည်သည် အဘိဓမ္မာအရာတွင် တစ်ဘက်ကမ်းခတ် ကျွမ်းကျင်သည့်အတွက် အဘိဓမ္မာပို့ချပေးမည့်ဆရာ စေလွှတ်ပေးစေလိုကြောင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာ ( M. O. U) ရေးထိုးလိုကြောင်း၊ ဆရာတော်ကြီးမှလည်း လိုအပ်ချက်များကို ညွှန်ပြပေးစေလိုကြောင်း စသဖြင့် ၀မ်းပန်းတသာ လျှောက်ထားပါသည်။
ဤဓမ္မဂိတ်ဗုဒ္ဓကောလိပ်သည် ဗုဒ္ဓဘာသာအဖွဲ့ပေါင်း ၂၇-အဖွဲ့နှင့် ချိတ်ဆက်ထား၏။ ကမ္မဋ္ဌာန်းအားထုတ်နည်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ မြန်မာနိုင်ငံတို့မှ ထင်ရှားကျော်ကြားသည့် ဆရာတော်ကြီးများ၏ နည်းစနစ်အတိုင်း သင်ကြားပေးလျက် ရှိ၏။
အထူးသဖြင့် မြန်မာနိုင်ငံမှ လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ ဖားအောက်တောရဆရာတော်တို့ သင်ကြားပေးသည့် ကမ္မဋ္ဌာန်းအားထုတ်နည်းကို ဆရာများကိုယ်တိုင် သွားရောက်လေ့လာပြီး ဤကောလိပ်မှ ပို့ချက်ပေးလျက် ရှိသည်မှာ အားရစရာကောင်းလှပါသည်။
သီတဂူဆရာတော်ကြီးကလည်း ဗုဒ္ဓသာသနာအားနည်းသည့် ဟန်ဂေရီနိုင်ငံမှာ ဓမ္မဂိတ်ဗုဒ္ဓကောလိပ်ကို တွေ့ရသည့်အတွက် အလွန်ဝမ်းသာကြောင်း၊ Hungary is hungry ဟန်ဂရီနိုင်ငံသည် ဆာလောင်နေကြောင်း၊ ဘာကိုဆာလောင်နေသလဲဆိုရင် ဓမ္မကို ဆာလောင်နေကြကြောင်း၊ ဒါကြောင့် ဓမ္မကို ဆာလောင်မွတ်သိပ်နေကြသည့် ဟန်ဂေရီပြည်သူများအတွက် ဓမ္မနှင့် ပတ်သက်ပြီး လိုအပ်သည့် အကူညီများကို အစွမ်းကုန် ပေးမည် ဖြစ်ကြောင်း၊ ထိုသို့အကူအညီ ပေးအပ်နိုင်ဖို့အတွက် မြန်မာဗုဒ္ဓဘာသာကျောင်းတည်ထောင်နိုင်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း စသည်ဖြင့် အားပါးတရ မိန့်ကြားတော်မူပါသည်။
ထို့နောက် ဗုဒ္ဓကောလိပ်ရှိ ခန်းမထဲတွင် သီတဂူဆရာတော်ကြီးသည် ဗုဒ္ဓကောလိပ်ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများအား ဗုဒ္ဓနှင့်ဓမ္မအကြောင်းကို တစ်နာရီခန့် ဟောကြား ချီးမြှင့်တော်မူပါသည်။
နောက်တစ်နေ့ (၁၂၊ ရ၊ ၂၀၁၅) သီတဂူဆရာတော်ကြီးနှင့်အဖွဲ့သည် တည်းခိုရာ ဟိုတယ်မှာပင် ဆွမ်းဘုဉ်းပေးကြပါသည်နောက် နေ့လည် ၂-နာရီတွင် ဓမ္မဂိတ်ဗုဒ္ဓကောလိပ်သို့ ကြွရောက်တော်မူပါသည်။
ဓမ္မဂိတ်ကောလိပ်ခန်းမတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ဓမ္မဂိတ်ဗုဒ္ဓကောလိပ်တို့အကြား နားလည်မှုစာချွန်လွှာ ( M. O. U) ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော်နှင့် ဓမ္မဂိတ်ဗုဒ္ဓကောလိပ်ပါမောက္ခချုပ်တို့ လက်မှတ်ရေးထိုးကြပါသည်။
ထိုအခန်းအနားးသို့ သီတဂူဆရာတော်၊ တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ (မြင်းခြံဆရာတော်)၊ သီတဂူ ဒေါက်တာ အရှင်သုန္ဒရ၊ သီတဂူ အရှင်ဒေဝိန္ဒာဘိ၀ံသ၊ ဦးစိုးဝင်း (စစ်ကိုင်း)၊ ဦးသူရ (ဂျာမနီ)တို့နှင့်အတူ ဓမ္မဂိတ်ဗုဒ္ဓကောလိပ်ကို စတင်တည်ထောင်ခဲ့သည့် ပါမောက္ခချုပ် (အငြိမ်းစား) Farkas Pal ၊ လက်ရှိပါမောက္ခချုပ် JanosJelen တို့ တက်ရောက်ကြပါသည်။
ထိုစာချွန်လွှာထဲတွင် . . .
(၁) တက္ကသိုလ်၊ ကောလိပ်ကျောင်းသားအချင်းချင်း အပြန်အလှန် စေလွှတ်ခြင်း
(၂) ဋ္ဌာနဆိုင်ရာဝန်ထမ်းများ အပြန်အလှန်စေလွှတ်ခြင်း
(၃) သတင်းအချက်အလက်၊ စာအုပ်စာပေများ အပြန်အလှန် ပို့ဆောင်ခြင်း
(၄) သုတေနသလုပ်ငန်းများ အတူ ပူပေါင်းဆောင်ရွက်ခြင်း
(၅) ဥရောပ၊ နိုင်ငံတကာတို့နှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများ အတူဆောင်ရွက်ခြင်း
(၆) နိုင်ငံတကာညီလာခံများကို အတူပူးပေါင်းဆောင်ရွက်ခြင်း
(၇) ဟန်ဂရီနိုင်ငံတွင် မြန်မာထေရဝါဒဗုဒ္ဓဘာသာကျောင်း ထူထောင်ရန် အတူ ပူးပေါင်းဆောင်ရွက်ခြင်း
(၈) ဥရောပဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ထူထောင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ခြင်း
(၉) နိုင်ငံအရပ်ရပ်တွင် ဗုဒ္ဓဘာသာပညာရေးနှင့် လူမှုရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါ၀င်ကြပါသည်။
ထိုသို့ စာချွန်လွှာ လက်မှတ် ရေးထိုးပြီးနောက် ဓမ္မဂိတ်ဗုဒ္ဓကောလိပ် ပါမောက္ခချုပ်က သီတဂူဆရာတော်ကြီးအား လက်ဆောင်ပေးအပ်လှူဒါန်းပြီး သီတဂူဆရာတော်ကြီးကလည်း ဓမ္မဂိတ်ဗုဒ္ဓကောလိပ်အတွက် ဒေါ်လာ တစ်သောင်း (၁၀၀၀၀) ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးက မင်္ဂလာတရားကို ရှင်းလင်းဟောကြားတော်မူကာ သံဃာတော် အရှင်မြတ်တို့မှ မင်္ဂလသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ဖတ်ချီးမြှင့်ခဲ့ကြပါသည်။ ထိုနောက် ပါမောက္ခချုပ်နှင့် ကြွရောက်လာသည့်သူများက သာဓုသုံးကြိမ်ခေါ်၍ အခမ်းအနား ပြီးဆုံးသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 7 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈