Gazette

ဗုဒ္ဓဘာသာအစည်းဝေးကြီး အောင်ပွဲ အခမ်းအနားသိမ်း

၁၇-၁၁-၂၀၁၄ နေ့က သီတဂူဆရာတော်ကြီးနှင့် နီပေါလ်ဆရာတော် အရှင်ဉာဏပုဏ္ဏိကတို့ ပူးပေါင်းကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာ အစည်းအဝေးကြီးကို ၃ ရက်တိုင်တိုင်ကျင်းပခဲ့ရာ ဒီကနေ့ တတိယနေ့ ပိတ်ပွဲအဖြစ် လုမ္ဗိနီမြန်မာရွှေကျောင်းတွင် မနက်ပိုင်း၊ နေ့ပိုင်း နှစ်ပိုင်းခွဲ ကျင်းပသည်။

 မနက်ပိုင်း

မနက်ပိုင်း ၉နာရီမှ နေ့လည် ၁၁ နာရီအထိ ကျင်းပသည် အခမ်းအနားမှာ ၃ နေရာ ၅ ဌာနက ကျင်းပခဲ့သည့် အစည်းအဝေး၏ ရလာဒ်များကို Moderators အသီးသီးက အနှစ်ချုပ်တင်ပြကြသည်။ တင်သွင်းသည့် စာတမ်းပေါင်း ၁၀ဝ ခန့်ရှိသည်။ တက်ရောက်သည့် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၆၀ ကျော်နှင့် ဒေသခံများပါ စုစုပေါင်း ၃၀ဝ ဝန်းကျင်ရှိမည်။

မနက်ပိုင်း စာတမ်းအားလုံး၏ အနှစ်ချုပ်နှင့် စပ်လျှင်းပြီး မေးခွန်းများ မေးစေရာမှာ--

၁။ လူတစ်ယောက်က “ ဒီအစည်းအဝေးကြီးသည် ဘာသာရေးအတွက် မဖြစ်စေရ၊ လူသားအားလုံးကို အသိဉာဏ်ပေးသည့် ကရုဏာ မေတ္တာများ၊ လူသားတန်းတူများ ပေးနိုင်ရမည်”ဟု ဆိုသည်။

၂။  အိန္ဒိယနိုင်ငံ လာဒတ်မှ ဆရာ ဘိက္ခုသံဃသေနက “ လုမ္ဗိနီသည် ဗုဒ္ဓဘာသာဝင်တွေအတွက် အလွန်ရေးကြီးသည်၊ ဒီနေရာ ဒီအစည်းအဝေးကြီးကို ဖြစ်မြှောက်အောင် ဆောင်ရွက်ပေးသော သီတဂူဆရာတော်ကို အထူးကျေးဇူးတင်ပါသည်။ များစွာ အကျိုးများလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။ ပတ်ဝန်းကျင် သန့်ရှင်းဖို့နှင့် ၂၄ နာရီ လျှပ်စစ်မီးရဖို့လဲ အလွန်အရေးကြီးပါသည်”ဟု ဆိုသည်။

၃။ “ဗုဒ္ဓမွေးဖွာရာ ဤဒေသ လေထုညစ်နွမ်းလို့ မဖြစ်ပါ၊ ဘာသာသာသနာ အဆောက်အုံများ ရှိသဖြင့် အာနပါန ထွက်လေ ဝင်လေ တရားရှုမှတ်သူတို့အတွက် စိုးရိမ်ရပါသည်။ ပတ်ဝန်းကျင်လေထုညစ်နွမ်းမှု၊ အနားက ဘိလပ်မြေစက်ရုံ၊ ကျောက်ခွဲစက်ရုံ၊ ဆောက်လုပ်ရေးတို့မှ ထွက်လာသော လေထု၊ ပတ်ဝန်းကျင်း ညစ်ပတ်မှုကြောင့် အနံ့ဆိုးများသည် များစွာ ထိခိုက်စေပါသည်”ဟု ပူနေးတက္ကသိုလ် ပါမောက္ခ တစ်ယောက်က ဆိုသည်။

၄။ အကောင်းတွေ ပြောနေတဲ့ကြားထဲက ကိုးလို့ကန့်လန့် အဆိုးမြင်ဝါဒီတစ်ယောက်လည်း ပါလာသည်။ သူသည် ဒေါသအသံ ဒေါသဟန်ဖြင့် “ လုမ္ဗိနီဆိုတဲ့ နာမည် ဘယ်ကရသလဲ၊ တကယ်ရှိသလား၊ ဗုဒ္ဓဆိုတာကကော၊ ဗုဒ္ဓမွေးဖွားရာလို့ ဘယ်လိုအထောက်အထားနဲ့ ပြောသလဲ၊ အသောကကျောက်တိုင်တစ်ခုတည်းနဲ့ သတ်မှတ်သလား၊ အသောကကော တကယ် ဒီနေရာရောက်ခဲ့သလား၊” ဟု စသဖြင့် ကန့်လန့်တိုက် ပြောသည်။

၅။ နီပေါလ် ရဟန်းတော်တစ်ပါးက “ဒီအစည်းအဝေးကြီးက အဆိုပြုချက်တွေကို နီပေါလ် အစိုးရဆီ၊ ကမ္ဘာ့ကုလသမဂ္ဂဆီသို့ ရောက်အောင် တကယ်ပို့နိုင်မလားဆိုတာ သိချင်ပါသည်”ဟု ဆိုသည်။

၆။ အိန္ဒိယ ပရောဖက်ဆာ တစ်ယောက်ကတော့ “ဗုဒ္ဓဘာသာ အမွေအနှစ်များသည် နီပေါလ် ရဟန်းသီလရှင်၊ မြန်မာ၊ ထိုင်း၊ စတဲ့ ကမ္ဘာတစ်ဝှမ်းက ရဟန်း သီလရှင်တွေမှာ အဓိက တာဝန်ရှိပါသည်”ဟု ဆိုသည်။

နေ့လည်ပိုင်း--

၁။ နေ့လည်ပိုင်း အခမ်းအနားကို နေ့လည် ၁ နာရီက စသည်၊ ၃-၂၀ မိနစ်တွင် ပြီးဆုံးသည်။ ထိုအခမ်းအနားတွင် ပညာရှင်များ၊ စာတမ်းရှင်များက လုဗ္ဗိနီ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးကြီးနှင့် စပ်ပြီး ထင်မြင်ချက်များကို ပြောဆိုကြသည်။

၂။ ဒီအစည်းအဝေးကြီး၏ အထူးလုပ်ဆောင်နေသည့် နီပေါလ်ဘုန်းတော်ကြီး အရှင်နိဂြောဓက အစည်းအဝေးကြီးဖြစ်မြောက်အောင် အဓိကဆောင်ရွက်ပေးသော သီတဂူဆရာတော်၊ မြန်မာသာသနာရေးဝန်ကြီး၊ မြန်မာအလှူရှင်များ၊ မြန်မာရွှေကျောင်း၊ အလုပ်မှုဆောင်များ၊ နီပေါလ်ဆရာတော် အရှင်ဉာဏပုဏ္ဏိကနှင့် နီပေါလ် အစိုးရ၊ ဒကာဒကာမများ၊ တက်ရောက်လာသူ ပရိသတ်အပေါင်းအား ကျေးဇူးတင်ကြောင်း ပြောသွားသည်။
စာတမ်းတင်သူ၊ စီမံသူဆောင်ရွက်သူတို့ အားလုံးက သဘောတူ လက်မှတ် ရေးထိုးကြသည်။

၃။ သီတဂူဆရာတော်

အောင်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် သီတဂူဆရာတော်ကြီးက သော့ချက်မိန့်ခွန်းပြောသည်။ ဆရာတော်ကြီးက “ဒီအစည်းအဝေးကြီးဟာ ဘုန်းကြီးကို အသိဉာဏ်တွေ ပွင့်လင်းလာစေပါသည်၊ ရဟန်းငယ် စာသင်သား ဘဝကို ပြန်ရောက်သွားသလို ဖြစ်ရပါသည်၊ ဒီအစည်းအဝေးကြီးက ပေးသော ပညာရှင်ပေါင်းများစွာရဲ့ ဘာသာရေးရှုထောင့်၊ ယဉ်ကျေးမှုရှုထောင့်၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်၊ စည်းပွားရေး ရှုထောင့်၊ ပညာရေး ရှုထောင့်၊ နိုင်ငံရေး ရှုထောင့်စသဖြင့် ရှုထောင့်ပေါင်းစုံက တင်ပြသည့် သင်ခန်းစာများကို လေ့လာခွင့်ရပါသည်။
ဘုန်းကြီးတို့အားလုံးသည် ဗုဒ္ဓရဲ့ သားတော် သမီးတော်များဖြစ်ကြသဖြင့်လည်း ဗုဒ္ဓယဉ်ကျေးမှုအကြောင်းကို ပြောကြဆိုကြ ဆွေးနွေးကြသည်။

နေရူက “ဗုဒ္ဓဟာ Great son of India-အိန္ဒိယ၏ ကြီးကျယ် မြင့်မြတ်သော သူဖြစ်သည်”ဟု ဆိုသည်၊ နီပေါလ်ကလည်း “ Great son of Nepal- နီပေါလ်နိုင်ငံ၏ ကြီးကျယ် မြင့်မြတ်သော သူဖြစ်သည်”ဟုဆိုသည်။ ဘုန်းကြီးကလည်း “Great son of Myanmar- မြန်မာနိုင်ငံရဲ့ င်္ကြီးကျယ် မြင့်မြတ်သော သူဖြစ်သည်”ဟု ဆိုချင်ပါသည် ဆိုလိုက်တော့ ရယ်သံများ ထွက်လာသည်။

တကယ်တော့ ဗုဒ္ဓဟာ ဗုဒ္ဓဘာသာကလည်းမပိုင်၊ ခရစ်ယာန်ကလည်း မပိုင်၊ အစ္စလာန်ကလည်း မပိုင်၊ ဟိန္ဒူကလည်း မပိုင်၊ တကမ္ဘာလုံးက ပိုင်သည်။ ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂ ရှေးဟောင်းအမွေးအနှစ်အဖြစ် သတ်မှတ်ထားသည်။
ဘာသာရေးတိုင်းမှာ အပြင်ပန်းအကာ Outer Shell နှင့် အတွင်းပိုင်းအနှစ်သာရ Inner Core ဆိုတာ ရှိကြသည်၊ ယဇ်ပူဇော်ပသမှုတွေ၊ ကိုးကွယ်မှုတွေ၊ ရှိခိုးမှုတွေ စသည်များကို အပြင်ပန်းဟုဆိုသည်၊ အတွင်းပိုင်း အနှစ်သာရကတော့ သီလ သမာဓိ ပညာပင်ဖြစ်သည်။

မဟတ္တမဂန္ဓီက “ လောကမှာ သစ္စာကလွဲ ဘာမျှမရှိ”ဟု ဆိုသည်၊ ဘာသာတိုင်းဟာ သစ္စာ-အမှန်တရားတစ်ခုပဲ ရှိသည်။ ထိုအမှန်တရားသည် သီလ၊ သမာဓိ၊ ပညာပင်ဖြစ်သည်၊ ထိုအမှန်တရားသည် ဘုံဆိုင်လမ်းဖြစ်ရကား အတူလက်တွဲလျှောက်ရမည့် ဘုံဆိုင် လမ်းတံတားပင်ဖြစ်သည်။

ထို့နောက် ဆရာတော်ကြီးက အစည်းအဝေးကြီးအတွက် ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောသွားသည်။ အားလုံးနောက်တစ်ကြိမ် မြန်မာနိုင်ငံတော် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီးမှာ စုံကြပါစို့ဟု နှုတ်ဆက်ကာ အခမ်းအနားကို ရုတ်သိမ်းသည်။

အခမ်းအနားသိမ်းကို သီတဂူဆရာတော် ဦးဆောင်ကာ “ဇယန္တော ဗောဓိယာမူလေ”ဂါထာ သံပြိုင် သုံးခေါက်ဆိုက အောင်ပွဲခံကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၁-၂၀၁၄

international-buddhist-conference-final-day-001 international-buddhist-conference-final-day-002international-buddhist-conference-final-day-003international-buddhist-conference-final-day-004international-buddhist-conference-final-day-005international-buddhist-conference-final-day-006international-buddhist-conference-final-day-007

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 56 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈