ဗုဒ္ဓနှစ် ၂၅၆၄၊ ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ (၂၅-၅-၂၀၂၁)
၁။ ရိုသေလေးစားအပ်ပါသော သံဃာတော်များ အားလုံး
၂။ ချစ်ခင်လေးစားအပ်ပါသော ကမ္ဘာတစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဝင်များအားလုံး
၃။ အစဉ်သဖြင့် မေတ္တာကရုဏာထားရပါသော ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး
၄။ အထူးလေးစား မေတ္တာထားရပါသော အိန္ဒိယအစိုးရ အဖွဲ့ဝင်အားလုံးတို့ကို-
ရှေးဦးစွာ မေတ္တာပို့ဆုတောင်းပါတယ်။ အားလုံးပဲ ရောဂါအမျိုးမျိုးဘေး၊ လက်နက်ဘေး၊ ငတ်မွတ်ဘေး ဟူသော ဘေးသုံးပါမှ ကင်းဝေးကြပါစေ။
၁။ လောဘထူပြောတဲ့ကမ္ဘာမှာ ငတ်မွတ်တဲ့ဘေး၊
၂။ ဒေါသထူပြောတဲ့ကမ္ဘာမှာ လက်နက်ဘေး၊
၃။ မောဟထူပြောတဲ့ကမ္ဘာမှာ ရောဂါဘေး ၊
ထို ဘောဘ၊ ဒေါသ၊ မောဟ အကြောင်းသုံးပါးကြောင့် ဘေးကြီးသုံးပါးကျရောက်တယ်လို့ မြတ်ဗုဒ္ဓက ဟောထားပါတယ်။ ဒါကြောင့် ဘေးကြီးသုံးပါရဲ့ အကြောင်းရင်းဖြစ်သော လောဘ၊ ဒေါသ၊ မောဟတရားသုံးပါးတို့ကိုလည်း ကမ္ဘာသူ/ကမ္ဘာသားတွေ ထိန်းချုပ်နိုင်ပါစေလို့ ရှေးဦးစွာ ဆုတောင်း ပါတယ်။
ဒီနေ့ဟာ ၂၆၁၀ နှစ်မြောက် ဗုဒ္ဓနေ့ဖြစ်ပါတယ်။ ဖွားတော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း၊ ပရိနိဗ္ဗာန်ပြုတော်မူခြင်း ဟူသော ဗုဒ္ဓ၏ ထူးခြားသော ဖြစ်ရပ်ကြီးသုံးခုဟု ဝေသာခပုဏ္ဏိမ- Vesakhapunnima တနေ့ထဲမှာပဲဖြစ်ခဲ့တာမို့ ဒီနေ့ကို ဗုဒ်္ဓဘာသာလောက က - Vesakha နေ့ဟု ခေါ်ကြပါတယ်။ ဗုဒ္ဓရဲ့ ထူးမြတ်တဲ့ အခါတော်နေ့မှာ အိန်္ဒိယအစိုးရက မှတ်မှတ်သားသား ဂုဏ်ပြု ပူဇော်ပွဲလုပ်တယ်ဆိုတော့ အိန္ဒိယအစိုးရကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
တကယ်တော့- ဗုဒ္ဓဓမ္မဟာ အိန္ဒိယမှာ မွေးဖွားတာဖြစ်ပါတယ်။ အခြားသောဘာသာရေး ခေါင်းဆောင်တွေ အားလုံးဟာလည်း အာရှတိုက်သားဖြစ်ရတာ ဂုဏ်ယူစရာပါပဲ။ ဒါကြောင့် အာရှတိုက်ကြီးကို Noble Continent တောင်ဆိုနိုင်ပါတယ်။
ဗုဒ္ဓကွယ်သွားတာ-နှစ်ပေါင်း ၂၅၆၄ ကျော်သွားပါပြီ။ မြတ်ဗုဒ္ဓညှိထွန်းသွားခဲ့တဲ့ တရား ဆီမီးတိုင် (ဓမ္မဒီပိကာ) တွေဟာ သူ့ရဲ့မွေးဖွားရာ အိန္ဒိယပြည်ကြီးမှ ထွက်ပြီး ကမ္ဘာတစ်ဝန်း ပြန့်နှံ့ ထွန်းတောက်လျှက်ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းလင်းလျှက် ထွန်းတောက်လျှက်ရှိနေတဲ့ တရား ဆီမီးတိုင်များကို ချုပ်ငြိမ်းမသွားရအောင်၊ ပို၍ထွန်းတောက်လာအောင် အားထုတ်ဖို့ ကျွန်ုပ်တို့ အားလုံးမှာ တာဝန်ရှိကြောင်းကို ပြောကြားလိုပါတယ်။
ဗုဒ္ဓရဲ့ဒေသနာတွေမှာ-
၁။ သဗ္ဗောလောကော ပကမ္ပိတော
တစ်လောကလုံးမှာ တုန်လှုပ်နေတယ်။
၂။ သဗ္ဗောလောကော ပဓူပိတော
တစ်လောကလုံးမှာ အခိုးတလူလူထနေတယ်။
၃။ သဗ္ဗောလောကော အာဒီပိတော
တစ်လောကလုံးမှာ အတွင်းလှိုက်လောင်နေတယ်။
၄။ သဗ္ဗောလောကော ပဇ္ဇလိတော
တစ်လောကလုံး မီးဟုန်းဟုန်းတောက်နေတယ်။
၅။ သဗ္ဗောလောကော ဦနော
တစ်လောကလုံး လိုနေတယ် စသဖြင့် ဟောထားပါတယ်။
ဒါကြောင့် နိဂုံးချုပ်အားဖြင့်-
၁။ တုန်လှုပ်နေသော ကမ္ဘာကြီး တည်ငြိမ်မှုရအောင် မြတ်ဗုဒ္ဓ၏ ဓမ္မစွမ်းရည်ဖြင့် ဆောင်ရွက် ကြပါစို့။
၂။ တစ်လောကလုံး ဖုံးလွှမ်းနေသော ကိလေသာ မီးခိုးတွေ ကင်းရှင်း၍ ကြည်လင်သွားအောင် ဆောင်ရွက်ကြပါစို့။
၃။ တစ်လောကလုံး တောက်လောင်နေတဲ့ အတွင်းမီး၊ အပြင် မီးတွေကို ဝိုင်းဝန်းငြိမ်းသတ် ကြပါစို့။
၄။ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ လိုအပ်ချက်တွေကို ဓမ္မဖြင့် ဖြည့်စွက်ကြပါစို့ဟူ၍ ၂၆၁၀ နှစ်ပြည့် ဗုဒ္ဓနေ့ ဝေသာမ ပုဏ္ဏိမ ဗုဒ္ဓဇယန္တိနေ့မှာ ဆုတောင်းလိုက်ပါသည်။
“သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ”
သီတဂူအဓိပတိဆရာတော်
တွဲဘက်ရွှေကျင်သာသနာပိုင်
အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက
အဂ္ဂမဟာပဏ္ဍိတ
D.Litt, Ph. D
We have 5 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈