စစ်ကိုင်းတောင်ရိုး၊ သီတဂူရေအလှူတော် (ဥဒကဒါန) အစီအစဉ်ကို "တောင်စစ်ကိုင်းချောင်တိုင်းဝေမည်" ဟု မြန်မာသက္ကရာဇ် ၁၃၄၂ ခုနှစ် (၁၉၈၀) မှ ကြွေးကြော်၍ စတင်ခဲ့ရာ ၁၃၈၂ ခုနှစ် (၂၀၂၀) တွင် နှစ်ပေါင်း(၄၀) ပြည့်ခဲ့ပြီဖြစ်ပါသည်။
ရေအလှူစတင်ခဲ့ချိန်တွင် ချောင်ပေါင်း (၄၀၀) ကျော် ရှိခဲ့ပြီး ၁၃၈၂ ခုနှစ် ဝါဆိုစာရင်းအရ ချောင်ပေါင်း (၁၃၀၀)ကျော်၊ ရဟန်း သာမဏေ သီလရှင် သူတော်စင်ပေါင်း (၁၆၈၅၉)ပါး ရှိပါသည်။
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် အရှည်မျှော်တွေးလျှက် ၁၃၈၁ ခုနှစ် (၂၀၁၉) တွင် သီတဂူရေအလှူတော် အနာဂတ် ဝန်ဆောင်သံဃာတော်များအဖွဲ့ကို (၁၁-၉-၂၀၁၉) ရက်နေ့တွင် ဖွဲ့စည်းပေးခြင်း၊ လစဉ်အသုံးပြုသည့် ကုန်ကျငွေ အစုစုတို့ကို ပေးဆောင်နိုင်ရန် သီတဂူရေအလှူတော် ထာဝရငွေပဒေသာပင် စိုက်ထူ လှူဒါန်းနိုင်ပါကြောင်း (၁၉-၉-၂၀၁၉) ရက်နေ့တွင် ပြည်တွင်းပြည်ပ အလှူရှင်တို့အား အသိပေးကြေညာခဲ့သည်။
နောင်တစ်ချိန် တိုးမြင့်လာမည့် လျှပ်စစ်မီတာခနှင့် အခြားကုန်ကျစရိတ်များကို ပေးဆောင်နိုင်ရန် ထာဝရငွေပဒေသာပင် တစ်ပင်လျှင် ခြောက်သိန်းကျပ်ဖြင့် ပဒေသာပင်ပေါင်း တစ်သောင်းစိုက်ထူထားနိုင်ခဲ့ပါလျှင် ရရှိလာမည့် ဘဏ်တိုးငွေဖြင့် အခြေနေတည်ငြိမ်စွာသီတဂူရေအလှူတော်ကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု မျှော်မှန်း တွက်ချက်ထားခဲ့ပါသည်။
ကြေငြာချက် ထုတ်ပြန်ပြီးနောက် တစ်နှစ်အတွင်းတွင် ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ စေတနာ သဒ္ဓါအစွမ်းကြောင့် စစ်ကိုင်းတောင်နှင့် မင်းဝံတောင်တို့တွင် ဆောင်ရွက်နေသော သီတဂူရေအလှူတော်အတွက် ရေကန်အသစ်များတည်ဆောက်ခြင်း၊ ၄ လက်မရေပိုက်လိုင်းအသစ်များတပ်ဆင်ခြင်း၊ ရေစက်ရုံအသစ်များ တည်ဆောက်ခြင်း၊ ရေစက်အသစ်များတပ်ဆင်ခြင်း၊ လျှပ်စစ်ထရန်ဖော်မာအသစ်များ တပ်ဆင်ခြင်းအစရှိသည့် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် သီတဂူရေအလှူတော် ထာဝရငွေပဒေသာပင်လည်း ပြည့်စုံလုံလောက်သည့် အတိုင်းအတာ တစ်ခုအထိ စိုက်ထူနိုင်ထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။
နှစ်-၄၀ ပြည့်မြောက်သည့် ၁၃၈၂ ခုနှစ် (၂၀၂၀) အခါသမယတွင် မင်းကွန်းဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးများကို ဦးထိပ်ပန်ဆင်၍ တိပိဋကဆရာတော်အများစု ပွင့်ထွန်းပေါ်ရာ မင်းကွန်းဒေသအထိ တိုးချဲ့လှူဒါန်းနိုင်ခဲ့သည်။ မင်းကွန်းတွင်လည်း မီးစက်၊ ထရန်စဖေါ်မာ၊ ရေစက်ရုံအသစ်၊ ရေစက်အသစ်များ၊ ရေပိုက်လိုင်းဆွဲခြင်း စသည်တို့ကို လှူဒါန်းခဲ့သည့်အပြင် အနာဂတ် ကုန်ကျငွေအစုစုတို့အား ပေးဆောင်နိုင်ရန်အတွက် ရေအလှူတော် ပဒေသာပင်အတွက် ကျပ်ငွေ-၁၀၀ ကုဋေ ကိုလည်း မတည်လှူဒါန်းပေးနိုင်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုးကြီးသုံးရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင် သူတော်စင်အပေါင်းတို့က ကမ္ဘာအရပ်ရပ်မှ လူသားအပေါင်းကပ်ရောဂါဘေးအမျိုးမျိုးတို့မှ ကင်းစင်ဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ စီးပွါးဥစ္စာတိုးတက်ကြပါစေကြောင်းနှင့် ရေအလှူရှင်အပေါင်းတို့သည်လည်း ရေအကျိုး-၁၀ပါး ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်ရှိပါသည်။
သီတဂူဆရာတော်ကြီးအမှူးရှိသော သီတဂူရေအလှူတော် ဝန်ဆောင်သံဃာတော်များ
#သီတဂူ #sitagu #ရေအလှူတော်
#ကရုဏာအလှူတော် #ပရဟိတ
#စစ်ကိုင်း #မင်းဝံ #မင်းကွန်း
=======================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
Posted by သီတဂူသတင်း
Photo - သီတဂူကျော်ဆန်းဝင်း
Location - မင်းကွန်း (Aug-1,2020)
=======================
We have 7 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈