(Conference of the Association of Theravāda Buddhist Universities)
သီတဂူဆရာတော်ကြီး ဥက္ကဋ္ဌအဖြစ်တာ၀န်ယူပြီး ထိုင်းနိုင်ငံမှာ ကျင်းပ ပြုလုပ်နေစဉ်
ဒီအဖွဲ့ကို သီတဂူဆရာတော်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ၂၀၀၇ မတ်လမှာ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာပြုတက္ကသိုလ် (ရန်ကုန်) မြန်မာနိုင်ငံမှာ စတင်ဖွဲ့စည်းသည်။
၁။ ထိုနှစ်မှာပဲ ပထမအကြိမ်အဖြစ် နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့ အစည်းအေ၀း (ATBU International Conference)ကြီး၏ ဖွင့်ပွဲကို ထိုတက္ကသိုလ်နှင့် ပိတ်ပွဲကို ပုပ္ပါးတောင်ရှိ ဟိုတယ်တို့တွင် ကျင်းပခဲ့သည်။
(The initial conference of the Association of Theravāda Buddhist Universities at International Theravada Buddhist Missionary University Yangon & Poppa Mountain, Myanmarယ9-11-3-2007)
၂။ ဒုတိယအကြိမ်ကိုတော့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၊ မြန်မာတွင် ၂၀၀၉၊ မတ်လမှာ နိုင်ငံပေါင်း ၃၀ ကျော်တက်ရောက်ကာ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
(The 2nd Bi-Annual International Conference The Association of Theravada Buddhist Universities (ATBU) held at Sitagu International Buddhist Academy Sagaing Hills, Myanmar 4-8 March 2009)
၃။ တတိယအကြိမ်မှာတော့ မဟာမကုဋ်ဗုဒ္ဓတက္ကသိုလ်၊ နခွန်ပထွန်၊ ထိုင်းနိုင်ငံတွင် မေ ၁၆-၁၈-၂၀၁၃ မှာ ကျင်းပသည်။
(The 3rd ATBU International Conference on “Buddhist Education, Life Education” 16-18 May 2013 at Mahamakut Buddhist University, Salaya, Nakhon Pathom, Thailand)
နိုင်ငံတကာထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့ လင့်ခ် http://atbu.org/ လင့်ခ်ကို ကိုးကားသည်။
နိုင်းငံတကာဗုဒ္ဓတက္ကသိုလ် အစည်းေ၀းပွဲကြီးကို မြန်မာနှင့်ထိုင်း အိမ်ရှင်အဖြစ်လက်ခံကျင်းပရာ မြန်မာနိုင်ငံက နှစ်ကြိမ်၊ ထိုင်းနိုင်ငံက တစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ ထိုနှစ်နိုင်ငံတွင် ကျင်းပပြီး ထိုအစည်းအေ၀း၏ အခမ်းအနားအတွက် အခင်းအကျင်း ပြင်ဆင်မှု ဧည့်ခံမှု၊ ကြိုဆိုမှု၊ လှူဒါန်းမှုတွေကို ကြည့်ပြီး စာရေးသူ၏ အသိစိတ်ထဲမှာ အလိုလို နှိုင်းယှဉ်စိတ်ဖြစ်ပေါ်လာခဲ့သည်။
ထိုင်းနိုင်ငံသည် အလွန်ချမ်းသာ ကြွယ်၀သည့်နိုင်ငံဖြစ်သည့်အားလျှော်စွာ ထိုနိုင်ငံရှိ ဗုဒ္ဓတက္ကသိုလ်များ၏ အသွင်အပြင် အဆောက်အဦးတွေသည်လည်း ကြီးကျယ် ခန်းနားသည်ကို တွေ့ရသည်။ စာရေးသူသည် ၂၀၀၆ ခုနှစ်က ဘန်ကောက် “ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံပွဲကြီး”ကို တက်ရောက်ခဲ့ဖူးသည်။ လမ်းတွေ တံတားတွေ၊ အဆောက်အဦးတွေ၊ ကြည့်လိုက်ရင် စာရေးသူတို့နိုင်ငံနှင့် အတော်ကို ကွာဟနေသည်ကို တွေ့ခဲ့ရသည်၊ လျပ်စစ်မီး သုံးစွဲမှု၊ နည်းပညာ အခင်းအကျင်းတွေက အစ အလွန်ခန်းနားသည်။
စာရေးသူတို့နိုင်ငံမှာတော့ စီးပွားရေး နိမ့်ကျသည့် နိုင်ငံဖြစ်နေရကား ဗုဒ္ဓတက္ကသိုလ်တွေရဲ့ အဆောက်အဦးတွေမှာလည်း ထိုနိုင်ငံနှင့် ယှဉ်က သေးငယ်သွားသည်ဟု ထင်ရသည်။ ကြံဖန်ပြီးတော့ ဂုဏ်ယူရရင်တော့ အဆောက်အဦးတွေ လမ်းတွေ တံတားတွေ နိမ့်ကျစေကာမူ ပညာအရည်အချင်းမှာတော့ အဆများစွာသာသည်ဟု ယူဆမိပါသည်။ “ရဟန်းတော်ပညာရေးမှာတော့ မြန်မာပြည် ရဟန်းတော်များ၏ ဗုဒ္ဓစာပေအသိ၊ ဗုဒ္ဓစာပေအဆင့်အတန်းကို ဘယ်နိုင်ငံကမှ ယှဉ်နိုင်မည်မဟုတ်”ဟုဆိုက ဘယ်နိုင်ငံကမှလဲ ငြင်းမည်မထင်။
ထိုင်းနိုင်ငံ၏ရဟန်းတော်ပညာရေးသည် ခေတ်ပညာဘက်ကို ဦးတည်နေသည်၊ ဗုဒ္ဓစာပေသည် တဖြည်းဖြည်း အားနဲလာသည်။ ထိုင်းရဟန်းတော်များသည် ချမ်းသာကြွယ်၀သော နိုင်ငံမှ ဖြစ်၍ အမေရိက၊ အင်္ဂလန်တက္ကသိုလ်များကဲ့သိုသော နည်းပညာထိပ်ဆုံးရှိ တက္ကသိုလ်များတွင် ပညာသင်ယူနိုင်ကြသည်။ မြန်မာနိုင်ငံမှ ရဟန်းတော် တချို့သာ တက်နိုင်ကြသည်၊ အများစုက သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယရှိ တက္ကသိုလ်များကိုသာ တက်နိုင်ကြသည်။
ခေတ်ပညာနှင့် ကမ္ဘာ့အသိုင်းအ၀ိုင်း ပေါက်ရောက်မှုတွင် ထိုင်းရဟန်းတော်များက မြန်မာရဟန်းတော်များထက် တဖြည်းဖြည်းနဲ့ ပိုမို ရှေ့ရောက်လာနိုင်ဖွယ်ရှိသည်။ နိုင်ငံတကာရောက် ပညာတော်သင် မြန်မာရဟန်းတော်များ၏ ပညာရေးသည် တိုင်းပြည်ရှိ ပြည်သူများကိုသာ အမှီပြုကြရသည်၊ အစိုးရကို အမှီပြုနေရသည်မဟုတ်။ ထို့ကြောင့် နိုင်ငံချမ်းသာဖို့ထက် နိုင်ငံရှိ ပြည်သူများ တစ်ယောက်ချင်းအလိုက် ချမ်းသာကြွယ်၀ဖို့ကိုပဲ မျှော်လင့်ရသည်။
ရဟန်းတော်များ၏ ပညာရေးကို ဆိုလိုက်သဖြင့် တိုင်းပြည်ရှိ ကျောင်းသား ကျောင်းသူ အားလုံး၏ ပညာရေးမြင့်မားမှု၊ နိုင်ငံတကာ ၀င်ဆန့်မှုသည်လည်း အလာတူပင် ဖြစ်ပါလိမ့်မည်။ ဟားဗက်တက္ကသိုလ်၊ အောက်စဖို့တက္ကသိုလ်စတဲ့ ကမ္ဘာကျော် တက္ကသိုလ်များတွင် ထိုင်းနိုင်ငံကျောင်းသားများနဲ့ ယှဉ်လျှင် မြန်မာကျောင်းသားများ အရေအတွက် အလွန်နဲနေသည်ကို တွေ့ရပါလိမ့်မည်၊ မြန်မာကျောင်းသားတွေ မညံ့ကြပါ၊ သို့သော် တခြားနိုင်ငံကျောင်းသားတွေလောက် ငွေကြေး မသုံးစွဲနိုင်ကြ။ နိုင်ငံရေးအကြောင်း နားမလည်ပါ၊ စီးပွားရေးအကြောင်း မသိပါ၊ မြင်နေရ တွေ့နေရသည့် အတွေ့အကြုံအရ တိုင်းပြည် စီးပွားရေးနိမ့်ကျမှုကြောင့် အရှိန်အဟုန်နဲ့ တိုးတက်နေသော ပညာရေးကို လိုက်မမှီကြဘဲ ဖြစ်နေသည်၊ ပညာရေးနိမ့်ကျမှုကြောင့်လည်းပဲ စီးပွားရေး နိမ့်ကျနေသည်။ စီးပွားရေး ပညာရေးတို့သည် အပြန်အလှန် ထောက်ပံ့နေကြသည်။ ထိုအထဲတွင် ကျန်းမာရေးကလဲ ပါရပြန်သည်။ ထိုသုံးခုလုံးကို ဟန်ချက်ညီညီ ထောက်ပံ့နိုင်သည်ကား မှန်ကန်သော နိုင်ငံရေးမူ၀ါဒဖြစ်မည် ထင်ပါသည်။
We have 11 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈