ထိုအဖွဲ့တွင်-ဘဏ္ဍာရေးအဖွဲ့၊ စာရင်းစစ်အဖွဲ့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ (ရေနှင့် ဆေး) ၀န်ဆောင်သံဃာအဖွဲ့ (ဗုဒ္ဓတက္ကသိုလ်)ဟူ၍ စနစ်တကျစီမံခန့်ခွဲထားသည်။ တစ်လ တစ်ကြိမ် ပုံမှန်အစည်းအဝေးများပြုလုပ်၍ လုပ်ငန်းများကို စီမံဆောင်ရွက် ကြသည်။
သီတဂူအဖွဲ့သည် သီတဂူရေအလှူတော်ကို ၁၃၄၂-ခုနှစ်က စတင်စီမံဆောင် ရွက်ခဲ့သည်။ ထိုစဉ်က စစ်ကိုင်းတောင်တွင်ချောင် (ကျောင်းတိုက်)ပေါင်း (၄၀၀) ကျော်မျှသာရှိပြီး ရဟန်း, သာမဏေ, သီလရှင်(၅၀၀၀)နီးပါးမျှသာရှိခဲ့လေသည်။ ရေဂါလံတစ်သိန်းခွဲမှ နှစ်သိန်းအထိ ပို့လွှတ်လှူဒါန်းခဲ့ရာ လောက်လောက်ငင ရှိခဲ့ လေသည်။ (၂ကျပ်၊ ၅၀ပြား)နှစ်ကျပ်ငါးဆယ်ပြားမျှသာပေးရသည်။ စက်ရုံမှူး တစ်ယောက်၏လစာမှာ ကျပ် ( ၃၀၀ဝိ/- ) မျှသာ ရှိခဲ့လေသည်။ ထို့ကြောင့်ထာ၀ရငွေပင်အလှူတော်ကို ကျပ်(၁,၀၀၀)တစ်ထောင်မျှသာ သတ်မှတ်အလှူခံခဲ့လေသည်။
ယနေ့ ၁၃၆၇-ခုနှစ် စစ်ကိုင်းတောင်တွင် ချောင်ပေါင်း (၉၀၀)ကျော်မှာ ရဟန်း, သီလရှင် (၁၀,၀၀၀)တစ်သောင်းကျော်လေပြီ၊ အငယ်ဆုံး၀န်ထမ်းတစ် ယောက်၏လစာမှာ ကျပ်တစ်သောင်း ဖြစ်လာပြီး လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ် မှာလည်း တစ်လလျှင် ကျပ်တစ်သိန်းခွဲမှ သုံးသိန်းကျပ်အထိဖြစ်လာသည်၊ သို့သော် လျှပ်စစ်ဓာတ်အား မလာသည်ကများသောကြောင့် လျှပ်စစ်မော်တာ (ရေစက်-၁၀)လုံးတို့ကို မောင်းနိုင်သော လျှပ်စစ်ဓာတ်အားပေးစက်ကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ၀ယ်ယူတည်ထောင်ခဲ့ရလေပြီ၊ (၃၅၀-KVA)စက်ကြီးဖြစ်သောကြောင့် တစ်နာရီမောင်းလျှင် ဒီဇယ်(၈)ဂါလံကုန်လေသည်။ ဒီဇယ်တစ်ဂါလံလျှင် ကျပ် (၂၀၀၀) ကျော်ရှိပါသည်။နေ့တစ်၀က်ခန့် လျှပ်စစ်ဓာတ်အားမလာလျှင် ကိုယ်ပိုင်ဓာတ်အား ပေးစက်အတွက် အသုံးစရိတ်ကို ခန့်မှန်းကြည့်လျှင် သိနိုင်ပါသည်။
သို့ဖြစ်ခြင်းကြောင့် ချောင်ပေါင်း (၉၀၀)ကျော်အား တစ်နေ့တာရေအလှူ ဂါလံငါးသိန်းခန့်အတွက်အလှူတော်ငွေပမာဏမှာ ပျမ်းမျှအားဖြင့် ကျပ်(၂၃၀,၀၀၀) နှစ်သိန်းသုံးသောင်းကျော်မျှ ရှိနိုင်ပါသည်။ ရေအလှူတော်ကို တိုးမြှင့်ဘို့ သီတဂူ အဖွဲ့ရေသန့်ပေးစံနစ်ကို စီမံနေပါသည်။ မြစ်ရေကို ကျောင်းချောင်းများသို့ တိုက် ရိုက်ပေးလွှတ်ခြင်းမှ သန့်စင်၍ ပေးလှူသည့် အစီအစဉ်ကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ တိုးချဲ့ရာ၌ တောင်သို့လားသော်-လေးကျွန်းမြေ၊ မြောက်သို့လားသော် -မင်္ဂလာစေတီ အထိသူတော်ကောင်းတို့ ခိုအောင်းရာ တောင်စစ်ကိုင်းတစ်ခွင်မှာ ချောင်းတိုင်းရေစင် တသွင်သွင်ရောက်စေရမည်ဟု အဓိဋ္ဌာန်ပြုလျက်ဆောင်ရွက်နေ ပါသည်။
၀န်ထမ်း(၇)ဦးလစာ | ကျပ် ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) |
လျှပ်စစ်မီတာခ | ကျပ် ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) |
စက်များ၊ရေပိုက်များ ပြုပြင်ခ | ကျပ် ၅၀၀၀၀၀ (ငါးသိန်း) |
တစ်လတာပျမ်းမျှဒီဇယ် | ၂၈၀၀ ဂါလံခန့်(တန်ဘိုးငွေကျပ် သိန်း(၇၀)ခုနစ်ဆယ်ကျော်ဖြစ်ပါတယ်။ |
မှတ်ချက်။ ။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် အနည်းဆုံး တစ်နေ့လျှင် (၁၂)နာရီ ခန့်သီတဂူပိုင် ဓာတ်အားပေးစက်ကို မောင်းရပါသည်။
သို့ဖြစ်ခြင်းကြောင့်-ရေအလှူတော်ကို အဆက်မပြတ် လှူဒါန်းနိုင်ရန် ရဟန်း, သာမဏေ, သီလရှင် (၁၀,၀၀၀)တစ်သောင်းကျော်တို့ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရန်-တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန်-ဤလေးလအတွက် ကျပ်(၁၀၀,၀၀၀)တစ်သိန်းလှူသော ဒီဇယ်အလှူရှင်ပေါင်း တစ်လတစ်လလျှင် (၇၀)ခုနှစ်ဆယ်ခန့် လိုအပ်ပါကြောင်း ကြေငြာအပ်ပါသည်။
အများအကျိုးကို သယ်ပိုးထမ်းဆောင်သည့် စိတ်ဓာတ်ကို “ပရဟိတစိတ် ဓာတ်”ဟုခေါ်၏။ ထို စိတ်ဓာတ်သည် ခန္တီ, မေတ္တာ, ကရုဏာအရင်းခံ၏။ မြတ်ဗုဒ္ဓသည် ထိုပါရမီစိတ်ဓာတ်ကို အခြေခံ၍ မိမိဘ၀ကို “ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်” ဖြစ် အောင်တည်ဆောက်ခဲ့ပါသည်။ အရှင်သာရိပုတ္တရာ၊ မိထွေးတော်ဂေါတမီ၊ ကျောင်းဒကာ အနာထပိဏ်၊ ကျောင်းအမဝိသာခါစသည့် ရှေးရှေးသော သူတော်ကောင်းများသည်လည်း မိမိတို့ အစွမ်းအားလျော်စွာ အများအကျိုးကို ဆောင်ရွက်ခဲ့ကြသည်သာ။ ထို့ကြောင့် ပရဟိတစိတ်ဓါတ်သည် သူတော်ကောင်းကြီးများ၏ “ အခြေခံမျိုးစေ့” ပင်တည်း။
မိမိတို့၏ ကံဉာဏ်ဝီရိယကြောင့်ရရှိသည့် အစွမ်းသတ္တိ၊ စည်းစိမ်ဥစ္စာ၊ တန်ခိုး အာဏာတို့ကို မိမိတို့ ကိုယ်ကျိုးအတွက် အသုံးချမည့်အစား သူတပါးတို့၏ အကျိုးစီးပွား အတွက် အသုံးချခြင်းသည်သာ ရှေးသူတော်ကောင်းများ၏ ကျင့်စဉ်ဖြစ်၏။
တကယ်စင်စစ် လူတို့သည်သာ အများအကျိုးကို ဆောင်ရွက်သည်မဟုတ်ပေ။ နွားမ၊ မြစ်ချောင်း၊ သစ်ပင်၊ လ၊ နေ ဟူသော တိရစ္ဆာန်နှင့် သက်မဲ့အရာများသည်လည်း အများအကျိုးကိုဆောင်ရွက်ကြသည်သာ။ နွားမသည် နို့ရည်ဖြင့်လည်းကောင်း၊ မြစ်ချောင်း များသည် ရေတို့ဖြင့်လည်းကောင်း၊ သစ်ပင်သည် အရွက်၊ အသီးများဖြင့်လည်းကောင်း၊ မိုးသည် ရေဖြင့်လည်းကောင်း၊ လသည် အေးမြသည့် အရောင်ဖြင့်လည်းကောင်း၊ နေသည် ပူနွေးသော အရောင်ဖြင့်လည်းကောင်း၊ သတ္တဝါများကို အကျိုးပြုလျက် ရှိကြပေသည်။
ထို့ကြောင့်“ သူတထူးကို၊ ကျေးဇူးပြုငှာ၊ လူ့ကြမ္မာက၊ ဖန်လာသည်ကား၊ ခုနှစ် ပါးတည်း၊ နွားမ မြစ်ချောင်း၊ သူတော်ကောင်းနှင့် ရိပ်ဆောင်းသစ်ပင်၊ မိုးကောင်း ကင်က၊ ဆင်ရာ တိမ်ဆင့်၊ လှမ်းမမြင့်တည်။ စန်းပွင့်သီတဂူ၊ တဆောင်လွင်၊ နေပြဘင်သို့၊ လူရှင် အကျိုး၊ သယ်ပိုးသည်မှာ၊ ခေတ်တိုင်း သာတည်း” ဟု ဤသို့သောစာကို ဆိုနိုင်ပါသည်။
ထာ၀ရအတ္တနှင့် အနန္တတန်းခိုး မိစ္ဆာဒိဋ္ဌိလွှမ်းမိုးခံနေရသော ဗကဗြဟ္မာသည်လည်း အတိတ်ဘ၀ တစ်ခုတုန်းက ရေအလှူကို ပေလှူခဲ့ဖူး၏။ သူသည် ရှေးအခါလူဖြစ်စဉ်ကာ လက အိမ်ရာတည်ထောင်လူတို့ဘောင်ကို စွန့်ခွာပြီး ရသေ့၀တ်ခဲ့၏။ ထို့နောက် သမထ ဘာ၀နာများကို ပြင်းပြင်းထန်ထန် အားထုတ်သဖြင့် ဈာန်အဘိညာဉ်တရားများကို ရရှိခဲ့ လေသည်။ ရသေ့ကြီးသည် ဂင်္ဂါမြစ်ကမ်းက သစ်ရွက်မိုးကျောင်းသင်္ခမ်းမှာ သီတင်းသုံး နေထိုင်ပြီး ဈာန်ချမ်းသာကို ခံစား၍ နေ၏။
ထိုအချိန်၌ လှည်းကုန်သည်များသည် လှည်းငါးရာတို့ဖြင့် သဲကန္တာရကြီးကို ကျော်ဖြတ်ကြ၏။ ထိုသဲကန္တာရကြီးကား အလွန်ပူပြင်းသဖြင့် နေ့အခါ မသွားနိုင်ကြပေ။ ညအခါမှသာ သွားနိုင်ကြ၏ လှည်းကုန်သည်များသည် ထိုသို့သွားရင်းသွားရင်းနှင့် သဲကန္တာရကြီးကို လွန်မြောက်မည့် နောက်ဆုံးည၌ မျက်စိလည် လမ်းမှားပြီး သူတို့လာ သည့် လမ်းကြောင်းအတိုင်း နောက်ပြန်လည်၍ သွားကြ၏။
နံနက်ခင်းအရုဏ်တက်မှ မိမိတို့ နောက်ပြန်သွားနေကြောင်း သိကြလေသည်။ လှည်းကုန်သည်များသည် သောက်စရာရေပြတ်သွားသဖြင့် ဒုက္ခရောက်ကြ၏။ ရှေ့ဆက်၍ မသွားနိုင်သဖြင့် နွားများကို လှည်းမှ ဖြုတ်ပြီး လှည်းအောက်၌ “ ငါတို့တော့ ဒီနေရာမှာပဲ ဦးခေါင်းချရတော့မည် ထင်တာပဲ”ဟု စိတ်ညစ်ညစ်နှင့် အိပ်ကြကုန်တော့၏။
ဂင်္ဂါမြစ်ကမ်း ကျောင်းသင်္ခမ်း၌ မွေ့လျော်နေသည့် ရှင်ရသေ့သည် မိမိရထားသော ဈာန်ချမ်းသာ အသိညာဉ် တန်ခိုးကို သူတပါးအကျိုးငှာအသုံးချလိုရကား ဂင်္ဂါမြစ်ထဲ၌ အရှိန်ပြင်းစွာ စီးဆင်းနေသည့် ရေများကို ကြည့်၍ “ ဤလောကမှာ ရေမရလို့ ဒုက္ခရောက် နေကြတဲ့ သတ္တဝါတွေများရှိများရှိနေသလား”ဟုလောကကြီးကို ကြည့်သည်ရှိသော် လှည်း ကုန်သည်များ ရေမရသဖြင့် ကန္တရကြီးတွင် ဒုက္ခရောက်နေကြသည်ကို မြင်တော်မူသဖြင့် “ဤဂင်္ဂါမြစ်ရေသည် သဲကန္တရထဲသို့စီးဆင်းစေသတည်း”ဟု အဘညာဉ်စိတ်ဖြင့် အဓိဌာန် လိုက်၏။ ထိုအခါဂင်္ဂါမြစ်ရေသည် သဲကန္တရထဲသို့စီးဆင်းသွားတော့၏။ လှည်းကုန်သည် တို့သည် ရေရသဖြင့် ခရီးဆက်၍ ချမ်းချမ်းသာသာ သွားကြရလေသည် ကန္တရကြီးကို လည်း လွန်မြောက်ကြကုန်၏။
ဗကဗြဟ္မာလောင်းလျာရှင်ရသေ့သည် ဈာန်ချမ်းသာကိုခံစားပြီး သူတစ်ယောက် တည်းနေမည်ဟု သဘောမထားဘဲ သူရရှိသည့်“အဘိညာဉ်တန်ခိုး”ကို အသုံးပြု၍ ရေငတ် ပြီးသေလုဆဲဆဲဖြစ်နေကြသည့် လှည်းကုန်သည်အပေါင်း (၅၀၀)နှင့် နွားအကောင်ရေ (၁၀၀၀)တို့အား ရေအလှူတော်ကို ပေးလှူလိုက်၏။ သတ္တဝါအပေါင်း (၁၅၀၀)တို့သည် ရသေ့၏ရေဖြင့် အသက်ရှင်ကြရကုန်၏။ သူရရှိသည့် “အဘိညာဉ်တန်ခိုး”ကို သူတစ် ယောက်တည်းအတွက် အသုံးမချဘဲ အများအကျိုးအတွက် အသုံးချတော်မူလိုက်ခြင်း သည် မေတ္တာ, ကရုဏာ၏ သရုပ်ကို အလုပ်ဖြင့်ပြလိုက်ခြင်းပင်ဖြစ်၏။
ဗကဗြဟ္မာကြီးသည် ထိုပရဟိတစိတ်ဓာတ်ကို အခြေခံ၍ ရေအလှူကို လှူခဲ့ဖူးသော ကြောင့် ဘုရားလက်ထက်တော်၌ ပဌမဈာန်မဟာဗြဟ္မာဘုံ၌ စကြ၀ဠာတစ်ထောင်မျှ လောက် ပျံ့နှံ့သောတန်ခိုးအာဏာကို ရရှိခြင်းဖြစ်ပေသည်။
တို့များသီတဂူ၊ ရေအလှူကား၊
လူတွင်အမြတ်၊ နတ်တွင်အမွန်၊
မိုးစွန်ဇာတိ၊ ဗြဟ္မာထိအောင်၊
ပီတိသဉ္ဇနန၊ ၀မ်းမြောက်ရအံ့။
ဗကအမော်၊ ဗြဟ္မာကျော်လည်း၊
ရှေးသရော်ဘ၀၊ တခါကလျှင်၊
ဒါနလှူမျိုး၊ ရေအကျိုးကြောင့်၊
ဖြိုးဖြိုးလျှံပ၊ သင်းစံရဟု၊
ဗုဒ္ဓမြတ်စွာ၊ ဟောဖူးပါ၏။
* * * * *
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 20 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈