လူနတ်တို့၏ ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓ၏ ထူးမြတ်သောအခါတော်နေ့မှာသီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှ မေတ္တာဆုမွန်တောင်း၍ နှုတ်ခွန်းဆက်သအပ်ပါသည်။
၀ိသာခါ ပုဏိ်္ဏမာဟုသိသာထင်ရှားသည့် ကဆုန်လပြည့်နေ့တွင် ကျရောက် လာသောဗုဒ္ဓနေ့ အခါတော်ကိုဦးညွှတ်ပူဇော်သောအားဖြင့် ဤနှုတ်ခွန်းဆက် ဆုမွန်လွှာကိုကမ္ဘာတစ်ဝန်းလုံးသို့ ရေးသားပေးပို့ပါသည်။
ကမ္ဘာလောကကြီးတစ်ခုလုံး၏ စစ်ဘေးဒဏ်အားလုံး၊ သဘာဝဘေးဒဏ် အားလုံးအပြီးတိုင် ချုပ်ငြိမ်းကြပါစေဟုလေးနက်သောကရုဏာဖြင့် ဆုမွန်ကောင်းတောင်းပါသည်။လူမျိုးမရွေး၊ ဘာသာမရွေး လူသားအားလုံးတို့ ငြိမ်းချမ်းပျော်ရွှင်စွာ လက်တွဲနေထိုင်နိုင်ကြပါစေဟု သတ္တဝါလောကတစ်ခုလုံးသို့ ဖြူစင်သော မေတ်္တာဓာတ်ကိုပို့လွှတ်ပါသည်။ သုံးမျိုးသုံးထပ်အားဖြင့် ထူးမြတ်သော ဤဗုဒ္ဓနေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် သာမဟုတ်ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့အတွက်ပါ အထူးမြတ်ဆုံးသော မင်္ဂလာအခါတော်နေ့ပင် ဖြစ်ပါသည်။မေလ၏
လပြည့်နေ့ဟုဆိုရသောဤကဆုန်လပြည့်နေ့၌......
(က) သိဒ္ဓတ္ထဂေါတမမြတ်ဗုဒ္ဓသည် သက္ကတိုင်းကပိလဝတ်မြို့အနီး လုမိ်္ဗနီဥယျာဉ်၌ဖွားမြင်တော်မူခဲ့သည်။
(ခ) သိဒ္ဓတ္ထဂေါတမမြတ်ဗုဒ္ဓသည် မဂဓတိုင်းဂယာမြို့အနီးဥရုဝေလ တောအုပ်, နေရ ဉ္ဇရာမြစ်ကမ်းညောင်ပင်ရိပ်၌ ကိလေသာခပ်သိမ်း ချုပ်ငြိမ်း၍ ဤကဆုန်ပြည့်နေ့မှာပင်ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော် မူခဲ့သည်။
( ဂ) သိဒ္ဓတ္ထမြတ်ဗုဒ္ဓသည် မလ္လတိုင်း၊ ကုသိနာရာမြို့အနီး အင်ကြင်းတော၌ဤကဆုန်လပြည့်နေ့မှာပင် ပရိနိဗ္ဗာန် ပြုတော်မူခဲ့သည်။
ဤသို့လျှင် အကြောင်းအရာသုံးမျိုးသုံးထပ်တို့ဖြင့် ထူးမြတ်သည့်မြတ်ဗုဒ္ဓ၏ အခါတော်နေ့၌အံသြဖွယ်ကောင်းသည့် မြတ်ဗုဒ္ဓ၏ ကြွေးကြော်သံသုံးရပ်တို့ကိုဝေငှလိုပါသည်။
ဘီစီ၆၂၃လုဗိ်္ဗနီအင်ကြင်းတောတွင်ဖွားမြင်တော်မူစဉ်ကအောက်ပါစကားသုံးခွန်းကိုမိန့်ဆိုတော်မူခဲ့ပါသည်။
(က) အဂ္ဂေါဟမသိ်္မလောကဿ။ ငါသည်ဤကမ္ဘာလောက၌အကြီးမြတ်ဆုံးဖြစ်သည်။
(ခ) အယမနိ်္တမာဇာတိ။ ဤမှာပင်ကျွနု်ပ်၏ ဒုက်္ခဇာတ်အဆုံးသတ်လေပြီ။
(ဂ) နတိ်္ထဒါနိပုနဗ္ဘဝေါ။ နောက်တစ်ဖန်မည်သည့်ဘဝဇာတ်ခုံမှာမှတစ်ဖန် ပြန်လာတော့မည် မဟုတ်တော့ပေ။
ဘီစီ၅၈၈မဂဓတိုင်းဂယာမြို့အနီးဥရုဝေလတောအုပ်နေရ ဉ္ဇရာမြစ်ကမ်းညောင်ပင်ရိပ်ဝယ်အောက်ပါဂါထာ (၂)ပုဒ်ဖြင့် ဒုတိယကြွေးကြော်သံကို ရဲရဲတောက်ကြွေးကြော်ခဲ့သည်။
(က) အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံအနိဗိ်္ဗသံ။ ဂဟကာရံဂဝေသန္တော၊ဒုက္ခာဇာတိပုနပ္ပုနံ။ ဘဝသံသရာ၌ အဖန်ဖန်အခါခါ မွေးဖွားရခြင်းသည် မွေးဖွားခြင်း၏ နောက်၌အို,နာ,သေတို့အဆက်မပြတ် နှိပ်စက်အပ်သောကြောင့်ပင်ပန်းဆင်းရဲလှ၏။ ထို့ကြောင့်ငါသည် ဒုက္ခဒေါမနဿတို့ဖြင့် ပြည့်လျှံနေသောခန္ဓာအိမ်ကို မည်သူများတည်ဆောက်ဖန်ဆင်းလေသနည်းဟု ဘဝများစွာသံသရာ၌ ခန္ဓာအိမ်တည်ဆောက်ဖန်ဆင်းသူကို ရှာဖွေခဲ့ပြီ။ သို့သော်ရှာဖွေ၍မတွေ့သောကြောင့် ဒုက္ခဇာတ်ကိုရပ်၍မရဘဲဘဝများစွာသံသရာ၌ မရပ်မနားဆင်းရဲပင်ပန်းစွာပြေးသွားကျင်လည်ခဲ့ရလေပြီ။
(ခ) ဂဟကာရကဒိဋ္ဌောသိ၊ ပုနဂေဟံနကာဟသိ။ သဗ္ဗာတေဖာသုကာဘဂ္ဂါ၊ ဂဟကူဋံဝိသင်္ခတံ။ ၀ိသင်္ခါရဂတံစိတ္တံ၊တဏှာနံခယမဇ္ဈဂါ။ ဟယ်!....တဏှာယောကျ်ားလက်သမား
ယခုအခါဒုက္ခယှက်လိမ်ခန္ဓာအိမ်ကို တည်ဆောက်သော (Doer, Maker, Creator) ဟူသည့် အယုတ်တမာသင်းတဏှာကိုငါတွေ့ပြီ။ သင်တဏှာသည်စေတနာနှင့်ပေါင်း၍ ဒုက္ခယှက်လိမ်ခန္ဓာအိမ်ကို အကြိမ်ကြိမ်တည်ဆောက်ခဲ့ပြီမဟုတ်လော။ ယခုအခါ အယုတ်တမာသင်တဏှာသည် ငါ့ခန္ဓာအိမ်ကို တည်ဆောက်နိုင်တော့မည်မဟုတ်တော့ချေ။ သင်တဏှာယောကျ်ားလက်သမားကို လေးမဂ်လျှံရှိန် ဉာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခုတ်အမြစ်ပြုတ်သည့် ထန်းပင်ငုတ်တိုဟန်နင်ဖြစ်ခဲ့လေပြီတကား။ အယုတ်တမာသင်တဏှာ၏ အပေါင်းအသင်းကိလေသာခပင်းတို့ကိုလည်း ငါအကြွင်းမဲ့ချေမှုန်းလိုက်ပြီ။ အဝိဇ္ဇာတည်းဟူသောခန္ဓာအိမ်၏အထွတ်ကို လည်းမှုန့်မှုန့်ကြေမွငါဖျက်ချလိုက်လေပြီ။ ယခုအခါငါ၏စိတ်အစဉ်သည် သင်္ခါရစက်ကွင်းဒုက္ခခပင်းမှကင်းလွတ်ခဲ့လေပြီ။ ယခုအခါငါသည် တဏှာခေါင်းဆောင်သည့် ကိလေသာအားလုံးတို့၏ ကုန်ခမ်းခြင်းသို့ဆိုက်ရောက်ခဲ့လေပြီတကား။
ဘီစီ၅၄၃သက်တော် (၈၀)အရွယ်၌မြတ်ဗုဒ္ဓသည် မလ္လတိုင်းကုသိနာရာမြို့၏ အနောက်တောင်ကွေ့ကအင်ကြင်းတောဝယ် ဘဝဇာတ်ချုပ်ငြိမ်း၍ရုပ်သိမ်းတော်မူခဲ့သည်။ ဤပရိနိဗ္ဗာန်ပွဲ၌ နောက်ဆုံးဖူးမျှော်ရန်လာရောက်ကြကုန်သော သံဃာတော် (၇)သိန်းကျော်တို့၏အစည်းအဝေးကြီး၌ မြတ်စွာဘုရား၏နောက်ဆုံးမိန့်မှာကြားချက်မှာအောက်ပါအတိုင်း ဖြစ်ပါသည်။
“၀ယဓမ္မာသင်္ခါရာ၊အပ္ပမာဒေနသမ္ပာဒေထ။”
အဝိဇ္ဇာတဏှာကံတို့၏စီမံဖန်တီးချက်ကို စင်း၍ခံနေကြရကုန်သော ရုပ်နာမ်သင်္ခါရတို့မှာ အဆက်မပြတ်ဖောက်ပြန်ပျက်စီးသော သဘောရှိကြလေကုန်၏။ ထို့ကြောင့်သတိကို တည်ဆောက်ကြယထိုသင်္ခါရတို့၏သဘောကို သတိနှင့်စောင့်ကြည့်ကြ,သင်္ခါရတို့၏လက္ခဏာကို သတိနှင့်မိအောင်စောင့်ကြည့်နိုင်လျှင် သင်္ခါရစက်ကွင်းဒုက္ခခပင်းမှ လွတ်မြောက်ကြလိမ့်မည်။ “အပ္ပမာဒေနသမ္ပာဒေထ”ဤသည်ကား မြတ်ဗုဒ္ဓ၏နောက်ဆုံးစကားပေတည်း။
သူတော်ကောင်းတရားနေရာတိုင်းမှာထွန်းတောက်ပါစေ။
လူသားတိုင်းမှာသူတော်ကောင်းစိတ်ဓာတ်ကိန်းဝပ်ပါစေ။
ကမ္ဘာတစ်ဝန်းငြိမ်းချမ်းသာယာရှိပါစေ။
သီတဂူဆရာတော်
အရှင် ဉာဏိဿရ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိလ်များ၏အဓိပတိ
၂၆၃၉နှစ်မြောက်ဗုဒ္ဓနေ့မှာနှုတ်ခွန်းဆက်လွှာ
We have 5 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈