Gazette

"မျက်မှောက်သာသနာ့အခြေအနေနှင့် သာသနာ့တာဝန်ကြီး (၄)ရပ်"

ဒီကနေ့ သီရိလင်္ကာနိုင်ငံမှာကျင်းပတဲ့ ဗုဒ္ဓနေ့အခမ်းအနား(သို့မဟုတ်) ဗုဒ္ဓဘာသာ နိုင်ငံပေါင်း(၅၀)ကျော်တို့၏ အစည်းအဝေးကြီးမှာ စကားပြောခွင့်ရတာ အလွန်ဝမ်းမြောက်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ပြောကြားခွင့်ရလို့လည်း ပို၍ပို၍ ဝမ်းမြောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ အရှေ့တောင်အာရှ (သို့မဟုတ်) ဗုဒ္ဓသာသနာ ပြန့်ပွားဖြန့်ချီရာဒေသဟာ သီရိလင်္ကာနိုင်ငံ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံ ပါဠိစာပေလောကကြီးတစ်ခုလုံး သင်ကြားပို့ချနေကြတဲ့ အဋ္ဌကထာနှင့် ဋီကာတွေ အားလုံးဟာ သီရိလင်္ကာနိုင်ငံမှာ ပေါက်ဖွားတဲ့ ကျမ်းစာတွေ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးသော နောက် နှစ် (၂၃၆)မှာ သီရိဓမ္မာသောကမင်းကြီးက ကိုးတိုင်းကိုးဌာနသို့ သာသနာပြုတွေ စေလွှတ်ခဲ့ပါတယ်။ ပါဋလိပုတ္တရဲ့ အနောက်မြောက် ယောနကတိုင်းသို့ ဓမ္မဒူတအဖွဲ့တစ်ဖွဲ့ စေလွှတ်ပါတယ်။ အဲဒီ ယောနကတိုင်းဆိုတဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးဟာ ဒီကနေ့ ဂရိ၊ တူရကီ၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်နိုင်ငံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါပြီ။ နောက် အသောက စေလွှတ်သော Mission တစ်ခု ဂန္ဓာရတိုင်း၊ ကသ္မီရတိုင်းများသို့ ကြွသွားသည်ဟု မှတ်တမ်းရှိပါသည်။ ဂန္ဓာရတိုင်းဟာလည်း ဒီကနေ့တော့ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့ ဖြစ်သွားပါပြီ။ ကသ္မီရတိုင်း ဆိုတာကတော့ ကက်ရှမီးယားကို ပြောတာပါ။ ဝင်္ဂတိုင်း ဆိုတာကလည်း ဘင်္ဂလားဒေ့ရ် ဖြစ်ခဲ့ရပါပြီ။

အခုပြောခဲ့တဲ့ အထက်ပါ တိုင်းနိုင်ငံတွေ အားလုံးဟာ ဗုဒ္ဓဘာသာနိုင်ငံများ အဖြစ်ကနေ အစ္စလာမ်နိုင်ငံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမများ စွဲစွဲမြဲမြဲ တည်ရှိနေသည့် တိုင်းနိုင်ငံများကတော့ သုဝဏ္ဏဘူမိခေါ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ အရှေ့တောင်အာရှနိုင်ငံများနှင့် သီရိလင်္ကာခေါ်တဲ့ သီဟိုဠ်ကျွန်း (Island of Srilanka) ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံ ရှေးဟောင်းသံဃာတော်များကို ကျွန်ုပ် ဒီနေရာကနေ အနူးအညွတ် ဦးခိုက်ပါတယ်။

ဘာကြောင့် ဦးခိုက်ရသလဲဆိုရင် အရှင်မဟိန္ဒ ခေါင်းဆောင်ခဲ့တဲ့ ဓမ္မဒူတအဖွဲ့က နှုတ်ငုံဆောင်၍ အိန္ဒိယက သယ်ဆောင်လာခဲ့သော ဘုရားဟောဖော် ပိဋကတ်တော်များကို နှုတ်ဆင့်ကမ်း သင်ယူထိန်သိမ်းနိုင်ခဲ့ကြတဲ့ စွမ်းရည်သတ္တိများကြောင့်ပါဘဲ။ နောက်ပြီးတော့ နှုတ်ဆောင်အား memory စွမ်းအားတွေ နည်းပါးလာမည့် နှောင်းခေတ်ကို မျှော်ပြီးတော့ နှုတ်ဆောင်ပိဋကတ်ကို ပေရွက်ပေါ်မှာ ပြောင်းလဲရေးသားခဲ့ကြတဲ့ ရှေးဟောင်း သီဟိုဠ် ဆရာတော်ကြီးများရဲ သဒ္ဓါ၊ ဝီရိယ စွမ်းရည်သတ္တိများကိုလည်း လေးနက်စွာ ဦးခိုက်ကြည်ညို ရပါတယ်။ ရှေးခေတ်က ဆရာတော်ကြီးများ၏ သဒ္ဓါ၊ ဝီရိယဟာ ကြီးမားတဲ့ ထုထည်ကြီးများ ဖြစ်ကြပါတယ်။ မဟာပထဝီမြေကြီး အလားပါပဲ။

ဒီကနေ့မှာတော့ iPhone, iPad, Computer စတဲ့ Technology တွေ တိုးတက်လာမှုကြောင့် သာသနာထမ်း ရှင်ရဟန်းငယ်များ သဒ္ဓါ၊ ဝီရိယတွေ ခေါင်းပါးလာတာ တွေ့ရပါတယ်။ ပိဋကတ်ကို နှုတ်တိုက်၊ နှုတ်ငုံဆောင်ခြင်း မလုပ်တော့ဘဲ Computer နဲ့ ဆောင်တဲ့ IT တိပိဋကခေတ်သို့ ရောက်ရှိသွားပါပြီ။ ခေတ်မီဖွံဖြိုး တိုးတက်ခြင်းသည် အကောင်းဘက်က ရှိသလို၊ အဆိုးဘက်ကလည်း အများကြီး ရှိနေပါလိမ့်မယ်။ ဒီကနေ့ ထေရဝါဒနိုင်ငံ (မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ) တို့ရဲ့ သံဃာ အရေအတွက်ကို ကြည့်ပါ။ နိုင်ငံတိုင်းမှာ တစ်နေ့တခြား လျော့ပါးကျဆင်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပေရွက်ပေါ်မှာ သံကညစ်နဲ့ စာရေးတဲ့ခေတ်က သာသနာတော်၏ဖွံဖြိုးတိုးတက်မှုတွေကို Computer ခေတ် သာသနာက ဘယ်လိုမှ မမီနိုင်ယုံမျှမက ပေခေတ်သာသနာကို Computerခေတ် သာသနာက တွန်းထိုး ကျဆင်းအောင် လုပ်နေသည်နှင့်ပင် တူလှပါသည်။

မြတ်ဗုဒ္ဓ လက်ထက်တော်ကာလ ရှင်မဟာကဿပက မြတ်စွာဘုရားအား မေးလျှောက် ပါသည်။ “မြတ်စွာဘုရား အရှင်ဘုရား ပွင့်တော်မူကာစ ပထမဗောဓိ အတွင်းက (ပထမဗောဓိ ဟူသည် ရှေ့ပိုင်း ဝါ-၂၀) သိက္ခာပုဒ်တွေက အနည်းငယ်မျှသာ ရှိပါသေးတယ်။ ဒါပေမယ့် ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်တွေ များခဲ့ပါတယ်ဘုရား။ သို့သော် ယခုအခါ (ဒုတိယဗောဓိ နောက်ပိုင်း- ၂၅ဝါ)မှာ သိက္ခာပုဒ်တွေ များ၍များ၍ လာပါတယ်။ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်တွေ နည်း၍နည်း၍ သွားပါတယ်။ အဲဒါ ဘာကြောင့်လဲ”ဟု မေးလျှောက်ခဲ့ဖူးပါသည်။ ထိုအခါ မြတ်စွာဘုရားက ဤကဲ့သို့ ဖြေကြားတော်မူပါသည်။ “အို ကဿပ - ငါဘုရားရဲ့ သာသနာတော်ကို မြေမှာ မြှုပ်လို့ မမြုပ်ဘူး၊ ရေမှာမျှောလို့လည်း မမျောဘူး၊ လေတိုက်လို့လည်း မလွင့်ဘူး၊ မီးရှို့လို့လည်း မလောင်ဘူး၊ မြေ ရေ လေ မီး ဓာတ်ကြီးလေးပါးဖြင့် သာသနာ မပျက်နိုင်ဘူး။ သာသနာအတွင်းသား လူ ရှင် ရဟန်းများ ပိဋကတ်သုံးပုံကို မသင်ကြားကြတော့ဘူးဆိုရင် ပရိယတ္တိသာသနာ ကွယ်ဖို့ပဲ။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို မကျင့်ကြတော့ဘူးဆိုရင် ပဋိပတ္တိသာသနာ ကွယ်ဖို့ပဲ။

ရွှေအတုတွေ မပေါ်သေးသမျှကာလပတ်လုံး ရွှေအစစ်ဟာ တန်ဖိုးလည်း မကျဘူး၊ ကွယ်လည်း မကွယ်ပျောက်နိုင်ဘူး။ စျေးပေါသော ရွှေတုတွေ အလွန်ပေါလာလေလေ တန်ဖိုးကြီးမားသော ရွှေအစစ်တွေ ပျောက်ကွယ်သွားလေလေ ဖြစ်ပါလိမ့်မည်။ ဒါကြောင့် ဒီကနေ့ ကြွရောက်တော်မူလာကြကုန်သော ထေရဝါဒ မဟာယာန ဝဇီရာယာန ဗုဒ္ဓဘာသာ ညီအစ်ကိုမောင်နှမ အားလုံးကို တောင်းပန်လိုပါတယ်။ ကွန်ပျူတာထဲ ရောက်နေတဲ့ ရွှေအစစ်နဲ့တူတဲ့ သီလ၊ သမာဓိ၊ ပညာ သာသနာတော် သုံးရပ်ကို ပေခေတ်သာသနာ့ဖခင် ရှေးဟောင်း ဆရာတော်ကြီးများရဲ့ ထုံးကို နှလုံးမူ၍ စောင့်ရှောက် ထိန်းသိမ်းတော်မူကြပါမည့် အကြောင်း လျှောက်ထားတောင်းပန်လိုပါသည်။ ထို့အပြင် တဖြည်းဖြည်းခြင်း ကျဉ်းမြောင်းကျဉ်းမြောင်း၍ လာနေသော ဗုဒ္ဓနိုင်ငံတော်ကြီး၏ နယ်မြေများကို လက်ရှိအနေအထားထက် ပို၍ ကျဉ်းမြောင်းမသွားရအောင် ဗုဒ္ဓဘာသာဝင် ညီအစ်ကိုမောင်နှမတတွေ အားလုံး လက်တွဲ၍ ထိန်းသိမ်းသွားကြပါရန်လည်း အထူးတိုက်တွန်းလိုပါသည်။
နိဂုံးချုပ်အနေအားဖြင့် လင်္ကာဒီပသို့ ကြွလာတော်မူသော မဟိန္ဒနှင့် သင်္ဃမိတ္တာတို့၏ ထုံးကို နှလုံးမူ၍လည်းကောင်း၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံဘက်ကို ကြွရောက်တော်မူလာသော သောဏ၊ ဥတ္တရမထေရ်တို့၏ ထုံးကို နှလုံးမူ၍လည်းကောင်း
(၁) ဗုဒ္ဓဘာသာ ပြန့်ပွားရေး
Propagation of Buddha’s Teaching
(၂) ဗုဒ္ဓတရားတော်ကို ခေတ်မီနည်းစနစ်တို့ဖြင့် ဖြန့်ချီခြင်း
Promotion of Buddha’s Teaching
(၃) ဗုဒ္ဓတရားတော်ကို နည်းမျိုးစုံတို့ဖြင့်ထိန်းသိမ်းစာင့်ရှောက်ခြင်း
Preservation of Buddha’s Teaching
(၄) ဗြဟ္မဏတိဿ သူပုန်ဘေးကြီး ဆိုက်ရောက်တဲ့အခါတုန်းက လင်္ကာဒီပဆရာတော်ကြီးများ သာသနာတော်ကို အသက်လဲ၍ စောင့်ရှောက်သလို ယနေ့မျက်မှောက်ခေတ် ထေရဝါဒ၊ မဟာယာန၊ ဝဇီရာယာန ဂိုဏ်းပေါင်းစုံ ဗုဒ္ဓဘာသာ ညီအစ်ကိုမောင်နှမများအားလုံးတို့က ဗုဒ္ဓသာသနာတော်၏ အန္တရာယ်မှန်သမျှကို လက်တွဲညီညီ ကာကွယ်စောင့်ရှောက်ကြရန်
Protection of Buddha’s Teaching ဟူသော သာသနာ့တာဝန်ကြီးလေးရပ်တို့ကို နောက်မဆုတ်တမ်း ထမ်းဆောင်သွားကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။

အဘိဓဇမဟာရဋ္ဌဂုရု
သီတဂူဆရာတော် အရှင်ဉာဏိဿရ
May-12,2017 (Friday)
နိုင်ငံတကာဗုဒ္ဓနေ့ အခမ်းအနား
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-128

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈