Gazette

၂၁ ရာစုပင်လုံညီလာခံ အောင်မြင်ရေးအတွက် ပဲခူးမြို့၌ကျင်းပသော ဘာသာပေါင်းစုံ ဆုတောင်းပွဲ၌ သီတဂူဆရာတော်ဘုရားကြီးကပေးပို့သော ဆုတောင်းသဝဏ်လွှာ။

“သီတဂူ ငြိမ်းချမ်းရေး ဆုတောင်းသံ”

၀၆၊ ၀၄၊ ၂၀၁၇
တန်ခူးလဆန်း ၁၀ ရက်၊ ၁၃၇၈

ယနေ့ ပဲခူးမြို့တွင် ကျင်းပသော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကြီးမှာ ကိုတိုင်ပါဝင် တက်ရောက်၍ ဆုတောင်းပေးရန် ဆန္ဒပြင်းပြစွာရှိပါသည်၊ သို့ပါသော်လည်း မိမိဆောင်ရွက်နေသော လောကတ္ထစရိယ လုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော စက္ခုဒါန ဆေးရုံတော် အမှတ်စဉ် (၃၁)ကို မကွေးမြို၌ ဧပြီ (၅) ရက်နေ့တွင် ဖွင့်လှစ်ခဲ့လေရာ မျက်စိဝေဒနာရှင်အပေါင်းတို့က ဆရာတော်ကို မျက်စိဆေးရုံမှ ခွဲခွာခွင့် မပြုခဲ့ ကြသောကြောင့် ဤဆုတောင်းပွဲကြီးသို့ တက်ရောက်နိုင်ခြင်းမရှိခဲ့ပါ၊ သို့ဖြစ်၍ ဤသဝဏ်လွှာ ဆုတောင်းစာကို ရေးသားပေးပို့လိုက်ပါသည်။

ငြိမ်းချမ်းရေးအတွက် သီတဂူ ဆုတောင်း (၇)ချက်

၁။ ရောင်ခြည်ရွှန်းရွှန်း နေစည်ဝန်းကြီး ထွက်ပေါ်လာသည်မှာ လူနှင့် လူ့ပတ်ဝန်းကျင်ကို မီးလောင်တိုက်သွင်းရန် ပေါ်ပေါက်လာသည်မဟုတ်၊ အအေးလွန်ကဲ၍ ပျက်စီးသေဆုံးကြရမည့် သက်ရှိ၊သက်မဲ့ လောကကြီးကို အနွေးဓာတ်ပေးရန်သာဖြစ်၏။ ဤယနေ့ ဤနိုင်ငံရှိ တိုင်းရင်းသား ပြည်သူ ညီအကို မောင်နှမအားလုံးတို့သည် အချင်းချင်း အပူဇာတ်မခင်းကြဘဲ အချင်းချင်း နွေးနွေးထွေးထွေး အေးဆေးဆေး နေနိုင်ကြပါစေဟု ဆုတောင်းပါသည်။

၂။ ရောင်ခြည်ဝင်းဝင်း လစန္ဒာမင်းထွက်ပေါ်လာခြင်းသည် အမှောင်ကျနေသည့် ကမ္ဘာကို အလင်းပေးရန်သာဖြစ်၏၊ အလင်းပေးရာ၌လည်း ပန်းခင်းနှင့် အမှိုက်ပုံကိုမခွဲခြား၊ မစင်တွင်းနှင့် ရွှေတွင်းတို့ကိုလည်း တသားတည်း၊ သောင်းကျန်းသူတို့ခိုအောင်းသည့် တောတောင်နှင့်သူတော်ကောင်းတို့ မှီခိုသည့် တောင်တန်းများကိုလည်း မခြားနားစေဘဲ တသားတည်း အေးမြသော အလင်းရောင် ပေးသကဲ့သို့ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ညီအကို မောင်နှမများအားလုံး လူမျိုးနှင့် ဘာသာ မခွဲခြားဘဲ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး တန်းတူညီမျှ အခွင့်အရေး အေးမြသောမေတ္တာ လစမ်းရောင်ခြည်ကို တစ်ပြည်လုံး ပက်ဖြန်းနိုင်ပါစေဟု ဆုတောင်းပါသည်။

၃။ မိုးတိမ်များသည် လူ့လောကကြီး၏ ကျေးဇူးရှင်ဖြစ်၏။ ပင်လယ်၊ သမုဒ္ဒရာတို့မှ ထွက်၍ ကောင်းကင်သို့တက်လာသော ရေခိုး၊ရေငွေ့တို့ကို မိုးတိမ်များက ကုန်းမြေပြင်တစ်ခုလုံးကိုပက်ဖြန်းပေးပါသည်။ တိုင်းရင်းသား ညီအကို မောင်နှမအားလုံးတို့သည် မိုးတိမ်များကဲ့သို့ လူသားအားလု့းတို့၏ အကျိုးကို သယ်ပိုးနိုင်ကြပါစေဟုဆုတောင်းပါသည်။

၄။ မြေမှာ ပေါက်ရောက်ကြသည့် သက်မဲ့ သစ်ပင်တို့သည် သက်ရှိ သတ္တဝါတို့အား အရိပ်နှင့် အသီးတို့ ကောင်းစွာပေး၏၊ သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့လူသားအားလုံးတို့သည် လူသားအားလုံးတို့၏ နားခိုရာ အေးမြသော အရိပ်ဖြစ်ကြပါစေ။ သစ်ပင်များက သစ်သီးများကိုပေးသကဲ့သို့ မိမိတို့ ကြိုးစားအားထုတ်သမျှ သူတစ်ပါးအား ကောင်းကျိုးပြုရန်သာ ဖြစ်ကြပါစေဟု ဆုတောင်းပါသည်။

၅။ မြစ် ချောင်းတို့သည် သူတို့သယ်ဆောင်လာသော ရေတို့ကို သူတို့မသောက်သုံး
ကြ သူတစ်ပါးတို့ သောက်သုံးရန်သာဖြစ်၏။ တိုင်းရင်းသား ညီအကိုမောင်နှမအားလုံးတို့သည် မြစ်ချောင်းတို့ကို စံထား၍ သူတစ်ပါးအကျိုးတိုကို သယ်ဆောင်နိုင်ပါစေဟု ဆုတောင်းပါသည်။

၆။ နွားမတို့သည် နို့ရည်ကို တဒီးဒီးယိုစီး၍ လူသားတို့အား တိုက်ကျွေး၏။
နွားထီးတို့သည် ပုခုံးပွန်းအောင် ရုန်းကန်၍ တစ်လောကလုံး စားဖို့ ကောက်ပဲ သီးနှံတို့ကို ထုတ်လုပ်ပေး၏၊ ထိုနွားထီး၊ နွားမတို့ကား ကောက်ရိုးကိုသာစား၏၊ အသိပညာရှိကြသောကျွန်ုပ်တို့ လူသားအားလုံးတို့သည် နွားထီးကဲ့သို့လည်းကောင်း၊ နွားမကဲ့သို့လည်းကောင်း သီးခံခြင်းများစွာ၊ စွန့်လွတ်ခြင်းများစွာတို့ဖြင့် တိုင်းကျိုး၊ ပြည်ကျိုးကို
သယ်ပိုးဆောင်ရွက်နိုင်ကြပါစေဟု ဆုတောင်းပါသည်။

၇။ သူတော်ကောင်းများစွာ မွေးဖွားလာခြင်းသည် လူ့လောကကြီးကို ဒုက္ခပေးဖို့မဟုတ်၊ လူမိုက်တစ်ယောက်ပေါ်ပေါက်လာခြင်းသည် တစ်လောကလုံး ဒုက္ခဖြစ်၏။ သူတောင်ကောင်းတစ်ယောက် ပေါ်ပေါက်လာခြင်းသည် တစ်နိုင်ငံလုံး တစ်မျိုးသားလုံး ချမ်းသာဖို့၊ ကောင်းကျိုးရဖို့ဖြစ်၏၊ ထို့ကြောင့် ယနေ့စုဝေးမိကြသော လူမျိုးတိုင်း ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ကြသည့် ဘာသာဝင်တိုင်း မည်သည့်အကြောင်းကြောင့်မျှ, မည်သူကမျှ, မည်သူ့ကိုမျှ, ဒုက္ခမပေးကြပါစေနှင့်ဟု အလေးအနက်ဆုတောင်းပါသည်။

 

ရဝိ, စန္ဒော, ဃနာ, ရုက္ခာ၊
နဒီ, ဂါဝေါစ, သဇ္ဇနာ။
ဧတေ ပရောပကာရာယ။
ယုဂေ ဘာဂျေန နိမ္မိတာ။

(သုဘာသိတ ရတနာကရ ကျမ်း)

 

မေတ္တာဖြင့်
သီတဂူတက္ကသိုလ်များ၏ အဓိပတိ
သီတဂူဆရာတော်
ဒေါက်တာ အရှင်ဉာဏိဿရ
အဘိဓဇမဟာရဋ္ဌဂုရု

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

gazette-57

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈