သီတဂူဆရာတော်သြဝါဒ

သီတဂူဆရာတော် အီရန်မိန့်ခွန်း

ဗုဒ္ဓဘာသာတရားတော်အရ လူ့ဘဝပြသနာဖြစ်ပေါ်ခြင်း၏ အကြောင်းရင်းများနှင့် ထိုပြသနာများကို ဖြေရှင်းရန် နည်းလမ်းများ

20150105-pomfwp

 

သီတဂူဆရာတော် အရှင်ဉာဏိသရ
Shihid Rahimi Conference Hall,
Islamic Culture and Relations Organization
Tehran
Islamic Republic of Iran
30 December, 2014

ဘာသာရေးနှင့်လူမှုရေးဆိုင်ရာ ငြိမ်းချမ်းရေး အစည်းအဝေးပွဲကြီးသို့တက်ရောက်လာကြ ကုန်သော အီရန်အစိုးရအဖွဲ့ ၊ ယဉ်ကျေးမှုဝန်ကြီး၊ အစ္စလာမ်ဘာသာရေးခေါင်ဆောင်များ၊ ဘာသာရေးတက္ကသိုလ် အဓိပတိ၊ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ထိုင်း၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော်များ၊ တက်ရောက်လာကြကုန်သော ဧည့်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ရှေးဦးစွာ နှုတ်ခွန်းဆက်အပ်ပါတယ်။

မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ သုံးနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်အချို့တို့ အကြား  ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကိုဆွေးနွေးညှိနှိုင်းရန် အီရန်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဌာနခွဲက ဤအစည်းအဝေး ဖြစ်မြောက်အောင် ထောက်ပံ့စည်းရုံး ခဲ့သည်အတွက် အထူးပင်ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။

ဤအစည်းဝေးကြီးမှာ အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်တို့အကြား အထင်အမြင် လွဲမှားမှုများကိုပယ်ဖျောက်ရန် အမြင်ချင်း ဖလှယ်ခွင့် ရရှိသည့်အတွက် အထူးဝမ်းမြောက်ကြောင်း ပြောပါရစေ။

မြတ်ဗုဒ္ဓ၏ ဒေသနာတော်မှာ မိန့်ဆိုတော်မူချက်တစ်ခု ရှိပါတယ်။ ‘မပြတ်မပြတ် စည်းဝေး တိုင်ပင်ခြင်းသည် ချစ်ခင်ရင်းနှီးခြင်းကို ဖြစ်ပွားစေတယ်၊ အချင်းချင်း မိတ်ဆွေဖွဲ့ခွင့်ကို ရစေတယ်၊ အသိဉာဏ်ကိုလည်း တိုးပွားစေတယ်၊ မပြတ်မပြတ် တွေ့ဆုံဆွေးနွေးခြင်းသည် အကျိုးစီးပွား တိုးပွားဖို့သာ ဖြစ်နိုင်တယ် ဆုတ်ယုတ်ဖို့ မဖြစ်နိုင်ဘူး’လို့ မိန့်ကြားတော်မူလေ့ရှိပါတယ်။

မြန်မာနိုင်ငံတွင်းက သတင်းများကို အီရန်ခေါင်းဆောင်တွေက မီဒီယာတို့ မှတစ်ဆင့် ကြားပြီး အထင်လွဲမှားမှုတွေ ရှိနေပါလိမ့်မယ်။ အီရန်နိုင်ငံ၏ အကြောင်းကို မြန်မာတို့ကလည်း မီဒီယာတို့မှ တစ်ဆင့် အဝေးကနေ စိုးရိမ်ပူပန်နေကြပါတယ်။ ဒီကနေ့ ဘုန်းကြီးတို့တတွေ ရောက်လာတော့ ချစ်ကြည်ရင်းနှီးခွင့်၊ တွေ့ဆုံဆွေးနွေးခွင်၊ တိုက်ရိုက်မေးမြန်းဆွေးနွေးခွင့်၊ အမြင်ဖလှယ်ခွင့်များ ရကြပြီဖြစ်တဲ့ အတွက်ကြောင့် တစ်ဆင့်ကြား အမြင်မှားတွေဟာ ကွယ်ပျောက်သွားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဤယုံကြည်ချက်ဖြင့် ဘာသာကြီး နှစ်ခုတို့၏အကြား ညီညွတ်ရေး၊ ငြိမ်ချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးတို့ကို တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

လူကြီးမင်းအပေါင်းတို့ ဒီကနေ့ကမ္ဘာကြီး၏ နေရာတိုင်းလိုလိုမှာ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ အဖြစ်အပျက်များ ဆူပူလှုပ်ရှားမှုများ၊ ပဋိပက္ခများနှင့် ရင်ဆိုင်နေရတယ်ဆိုတာကို အားလုံးသတိပြုမိပါလိမ့်မယ်။ ဤမှ စိတ်မချမ်းမြေ့ဖွယ်ရာကောင်းတဲ့ ကမ္ဘာကြီးမှာ ကျွနုပ်တို့ဘာသာရေးခေါင်းဆောင်တွေ ထိုပြသနာအားလုံး၏ အဖြေကိုရှာဖွယ်ဖို့လိုပါတယ်။

ပြသနာတို့၏အကြောင်းအရင်းကို ရှာဖွေနိုင်မှ အဖြေမှန်ကို ရကြမှာဖြစ်ပါတယ်။ အဲဒါ သစ္စာတရားပါပဲ။ ဒါကြောင့် အရေးတကြီးလိုအပ်တာက လူသားထုတစ်ရပ်လုံး၏ ငြိမ်းချမ်းရေး လုံခြုံရေးနှင့်

တည်ငြိမ်ရေးတို့ကို အရေးတကြီး ဝိုင်းဝန်း တည်ဆောက်ကြဖို့ ဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာ့မျက်မှောက် အခြေအနေမှာ ဘာသာရေး လူမှုရေး နိုင်ငံရေး ခေါင်းဆောင် အားလုံးတို့ဟာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပါတယ်။ ဤအခြေအနေမှာ ကျွန်ုပ်တို့ဘာသာရေး ခေါင်းဆောင်များအပိုင်းက သက်ဆိုင်ရာဘာသာတရားအသီးသီး၏ မွန်မြတ်တဲ့ အဆုံးအမတွေကို လူသားများအား သင်ကြားပို့ချပေးခြင်းဖြင့် လူသားတို့၏ စိုးရိမ်ပူပန်ခြင်း၊ တင်းမာခြင်းနှင့် ပဋိပက္ခများကို လျော့ချပေးဖို့ရာ တာဝန်ရှိပါတယ်။

ဘာသာတရားတိုင်းသည် သက်ဆိုင်ရာဘာသာတရားအသီးသီးကို လိုက်နာကိုးကွယ် ကြသူတိုင်းအား ကိုယ်ကျင့်သီလကောင်းဖို့ စိတရိုင်းများကို ထိန်းချုပ်ဖို့၊ စိတ်ကောင်းများကို ပြုစုပျိုးထောင်ဖို့၊ စိတ်ဓာတ်ကို ဖြူစင်အောင် အားထုတ်ဖို့ တညီတညွတ်တည်း သင်ကြားဆုံးမ ကြတယ်လို့ ကျွန်ုပ်ယုံကြည်ပါတယ်။

ခရစ်ယာန်သမ္မာကျမ်းစာကပဲဖြစ်ဖြစ်၊ အစ္စလာမ်ကိုရမ်ကျမ်းကပဲဖြစ်ဖြစ်၊ ဟိန္ဒူဝေဒ ကျမ်းကပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပိဋကကျမ်းကပဲဖြစ်ဖြစ် အားလုံးသော ဘာသာရေးကျမ်းစာများဟာ ရန်ငြိုးဖြေဖို့၊ ဒေါသကိုထိန်းချုပ်ဖို့၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကိုတည်ဆောက်ဖို့ချည်းဟောပြောတောင်းဆိုနေတာ ဖြစ်ပါတယ်။

မဟာဝီရဇိန၊ ဂျေးဆပ်ခရိုက်၊ တမန်တော်မိုဟာမက်၊ သိဒ္ဓတ္ဃဂေါတမဗုဒ္ဓ၊ ကွန်ဖြူးရှပ်ဆိုတဲ့ ဘာသာရေးတည်ထောင်သူ ပုဂ္ဂိုလ်ကြီးများအားလုံး တညီတညွတ်တည်း ဟောတော်မူကြတာက ခန္တီ၊ မေတ္တာ၊ ကရုဏာ၊ ဝိဇ္ဇာနှင့် စရဏ ဆိုတဲ့ တရားတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်ုပ်တို့ နေထိုင်ရာ ဤကမ္ဘာမှာ မကြာခဏဆိုသလို အမျိုးဇာတ် ခွဲခြားမှု ပဋိပက္ခ၊ အသားရောင်ခွဲခြားမှု၊ ဘာသာရေး အစွန်းရောက်မှု ပဋိပက္ခ၊ နိုင်ငံရေးအစွန်းရောက်မှု ပဋိပက္ခတွေရဲ့ အောက်မှာ ကျွန်ုပ်တို့တတွေဟာ ရိုက်ပုတ်မောင်းနှင်ခြင်းကို ခံရပါတယ်။

ရံခါမှာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးတစ်ခုခုကိုအကြောင်းပြု၍ ရက်စက် ကြမ်းကြုပ်သော စစ်ပွဲကြီးများတောင် တိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဒီဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို စိစစ်ကြည့်တော့ ကျွန်ုပ်အမြင်ကို ပြောရမည်ဆိုလျှင် လူသားအများစုဟာ သူတို့ကိုးကွယ်သော ဘာသာတရား အသီးသီး၏ အနှစ်သာရရောက်အောင်  ထိတွေ့ နားလည်ခွင့် မရခဲ့ပါဘူး။ ထိုထိုဘာသာတရားတို့၏ အပေါ်ယံ အကာအခေါက်များပေါ်သာ ရပ်ပြီးတော့  ငြင်းခုံမိကြလို့ ဖြစ်ပါတယ်။
ဥပမာ ရေပြည့်နေသော ရေမျက်နှာပြင်ပေါ်၌ အပေါ်ယံ ဖုံးလွမ်းနေသော ရေညှိရေမှော်များကိုသာ ရှုမြင်သောသူသည် ရေကြည်ရေအေးကို မသောက်ရသကဲ့သို့ဖြစ်ပါသည်။

ဘာသာရေး အကာကိုသာ ကြည့်တတ်တဲ့ အပေါ်ယံသမား (Superficial Viewers) တို့မှာ ဘာသာတရားတိုင်းက ဆုံးမသော သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ သနားကြင်နာခြင်း၊ မိမိကိုယ်ကို စိစစ်ခြင်း၊ နားလည်ခြင်း အစရှိတဲ့  Inner Core အတွင်းပိုင်း အနှစ်သာရတွေ ကင်းမဲ့နေကြပြီ ဖြစ်ပါတယ်။

ပုဂ္ဂိုလ်တစ်ယောက်ချင်း၏ နှလုံးသားမှာ ငြိမ်ချမ်းမှု မရှိလျင် သူသည် အပြင်လောကကြီးကို ငြိမ်းချမ်းရေး ဝေငှပေးနိုင်မှာ မဟုတ်ပါဘူး။ ဆူပူသောင်းကျန်းခြင်းနှင် ငြိမ်းချမ်းခြင်းတို့မှာလည်း အတူယှဉ်တွဲ ရှိနိုင်ကြမှာမဟုတ်ဘူး။

ကိုယ်တွင်းငြိမ်းချမ်းရေးရဖို့ရန် တစ်ခုတည်းသော နည်းလမ်းကတော့ ဝိပသနာ ကမ္မဌာန်း Insight Meditation ပဲဖြစ်ပါတယ်။ ဝိပသနာကမ္မဌာန်းတရားဟာ အမျိုးဇာတ်နှင့်ဆိုင်သော ကျင့်စဉ်မျိုးမဟုတ်။ လူမျိုးစွဲ၊ ဇာတ်စွဲ၊ ဘာသာစွဲအားလုံးမှလွတ်သော သိပ္ပံနည်းကျကျ၊ အဘိဓမ္မာ နည်းကျကျ မိမိကိုယ်ကို လေ့လာသုံးသပ်သော နည်းစနစ် the technique of self-observation ထို့ပြင် မိမိ၏အတွင်းသန္တာန်မှာရှိသော သစ္စာတရားကို မျက်မှောက်ပြုခြင်း self- ဖြစ်ပါတယ်။

ဒါကြောင့် အားလုံးသော အစ္စလာမ်ဘာသာဝင်တွေ၊ အားလုံးသော ခရစ်ယာန်ဘာသာ ဝင်တွေ၊ အားလုံးသော ဟိန္ဒူဘာသာဝင်တွေ၊ အားလုံးသော ဗုဒ္ဓဘာသာဝင်တွေ မည်သည့် ဘာသာကို ကိုးကွယ်သော မည်သည့်ဘာသာဝင်မဆို seft-observation ဆိုတဲ့ Insight Meditation ကို အားထုတ်ကြည့်ကြပါ။ Inner Core (သို့မဟုတ်) Inner Peace ဆိုတဲ့ ကိုယ်တွင်း သန္တာန်မှာ ရှိသော သစ္စာတရားနှင့် ငြိမ်းချမ်းရေးကို ဤဘဝမှာပင် လက်တွေ့ ရရှိခံစားနိုင်ကြမှာ ဖြစ်ပါတယ်။
Insight Meditation ကို  အားထုတ်ကြည့်လျှင် Mind နှင့် Body စိတ်နှင့်ကိုယ် နာမ်နှင့်ရုပ်တို့ အပြန်အလှန် မှီတွယ် အလုပ်လုပ်နေတာကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာနဆိုတဲ့ ယုတ်မာတဲ့ စိတ်တွေ အရှိန်အဟုန်မြင့် တက်လာတဲ့အခါမှာ ထိုစိတ်ညံ့တွေရဲ့ သောင်းကျန်းမှုများက ဆင်းရဲပင်ပန်းသော ခံစားမှုမျိုးစုံတို့ကိုကိုယ်တွင်းမှာ ဖြစ်စေလိမ့်မယ်။
အကယ်၍ ခန္တီ၊ ကရုဏာ၊ မုဒိတာ၊ ပညာဆိုတဲ့ Positive State ယဉ်ကျေးသော စိတ်စေတသိက်တွေ အရှိန်အဟုန်မြင့်တက်လာတဲ့ အခါမှာတော့ နှစ်သက်မြတ်နိုးဖွယ်ကောင်းတဲ့ ငြိမ်းချမ်းတဲ့အရာတွေ ကိုယ်တွင်း စိမ့်ဝင်ပျံ့နှံ့နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

လူ့စိတ်ဟာ ဆန်းကျယ်ပါတယ်။ ခဏတိုင်း ခဏတိုင်း ချစ်ခြင်း၊ မုန်းခြင်း သနားကြင်နာခြင်း (သို့မဟုတ်) ရက်စက်ကြမ်းကြုတ်ခြင်း၊ ဝမ်းမြောက်ခြင်း (သို့မဟုတ်) မနာလိုခြင်း၊ လိုက်လျော ညီထွေရှိခြင်း (သို့မဟုတ်) ဆန့်ကျင်ဘက်ပြုခြင်း၊ နှစ်သက်ဖွယ်ကောင်းခြင်း (သို့မဟုတ်) စိတ်ပျက်ဖွယ်ကောင်းခြင်း၊တစ်ကိုယ်ကောင်းဆန်ခြင်း (သို့မဟုတ်) သူတစ်ပါး အများအကျိုးစီးပွား လိုလားခြင်းအစရှိသည်တို့ကို ထုတ်လုပ်ဖန်တီးနေပါတယ်။

ဒါ့ကြောင့် စိတ်စေတသိက်အားလုံးတို့၏ အပေါ်မှာ နှစ်မြို့ဖွယ်ကောင်းသော ခံစားမှုများ၊ မနှစ်မြို့ဖွယ်ကောင်းသော ခံစားမှုများဆိုတဲ့ ရေစီးကြောင်းနှစ်ခုဟာ အစဉ်သဖြင့် စီးဆင်းနေပြီးတော့ မြစ်တွေမှာ ရေလျှံသလို ဖြစ်နေပါတယ်။ ဝိပသနာကမ္မဌာန်းသည် မြစ်ရေစီးသလို စီးနေတဲ့ ရုပ်တို့၏လှုပ်ရှားမှု အစဉ်အတန်းကြီး (ကာယကံ)၊ နှုတ်တို့၏လှုပ်ရှားမှု အစဉ်အတန်းကြီး (ဝစီကံ)၊ စိတ်တို့၏ လှုပ်ရှားမှု အစဉ်အတန်းကြီး (မနောကံ) တို့ဟာ အကောင်းတွေလား၊ အဆိုးတွေလား၊ နှစ်သက်ဖွယ်လား၊ စက်ဆုပ်ဖွယ်လား ဆိုတာ သဘောတရားများကို ရှာဖွေဖော်ထုတ်တဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ် တို့တတွေဟာ သန့်ရှင်းသော၊ငြိမ်းချမ်းသော စိတ်ဓာတ်ကို ဖန်တီးဖို့ ဒီဝိသနာတရားကို ကျင့်ကြံ အားထုတ်ဖို့သင့်ပါတယ်။

ဝိပသနာတရားကိုကျင့်ကြံ အားထုတ်ခြင်းကြောင့် ကျွန်ုပ်တို့တတွေဟာ အစွန်းရောက် နေသော စိတ်ဓာတ်တွေကို ဟန်ချက်ညီအောင် ထိန်းနိုင်ကြမှာဖြစ်ပါတယ်။ ပြင်ပအာရုံတွေကြောင့် ယိမ်းယိုင်နေသောစိတ်ကို ထိန်းနိုင်မှာဖြစ်ပါတယ်။ ကိလေသာတွေကြောင့် ကျန်းမာရေးချို့တဲ့နေတဲ့ စိတ်ကို ကျန်းမာအောင် ပြုပြင်နိုင်မှာဖြစ်ပါတယ်။ ကိလေသာရောဂါတွေကို ဖယ်ရှားတဲ့နေရာမှာ ဝိပသနာဆေးဟာ အကောင်းဆုံးပါပဲ။ အစွန်းရောက်စိတ်ဓာတ်တွေကို ဟန်ချက်ညီအောင် ထိန်းတဲ့ နေရာမှာ ဝိပသနာဟာ အစွမ်းထက်ပါတယ်။ ဟန်ချက်ညီသောစိတ်သည် ဟန်ချက်မညီသော

ကမ္ဘာကြီးကို ညှိပေးပါတယ်။ တည်ငြိမ်သောစိတ်ဓာတ်သည် မတည်ငြိမ်သော ကမ္ဘာကို တည်ငြိမ် စေပါလိမ့်မယ်။ ငြိမ်းချမ်းသောစိတ်ဓာတ်သည် ဆူပူသောကမ္ဘာကြီးကို ငြိမ်းချမ်းစေပါလိမ့်မယ်။

ကိုးကွယ်သည့်ဘာသာ၊ အသားအရောင်၊ အမျိုးဇာတ် မခွဲခြားဘဲ ဘယ်တိုင်းပြည်၊ ဘယ်ဘာသာကိုးကွယ်တဲ့ ဘယ်ဘာသာဝင်မဆို ဝိပသနာတရားကို ကျင့်သုံးနိုင်ပါတယ်။ ဝိပသနာတရားကို အားထုတ်ရင်း သက်ဆိုင်ရာ မိမိတို့ဘာသာတရားကိုလည်း ကိုးကွယ်ပိုင်ခွင့် ရှိပါတယ်။ စိတ်ဓာတ်အစွန်းရောက်မှုတွေ စိတ်ပင်ပန်းမှုတွေ အစွဲသန်မှုတွေ တယူသန်မှုတွေဟာ ပဋိပက္ခမှုတွေကို ဖြစ်ပေါ်စေတဲ့ အတွင်းမာရ်နတ်တွေပါပဲ။

တကယ်တော့ ဘာသာပြောင်းခြင်း၊ မပြောင်းခြင်း၊ ပါတီပြောင်းခြင်း၊ မပြောင်းခြင်း၊ နိုင်ငံသားပြောင်းခြင်း၊ မပြောင်းခြင်းတို့ဟာ အရေးမကြီးပါဘူး။ Conversion ပြောင်းလဲခြင်း ဆိုတာဟာ Negative Mind စိတ်ညံ့တွေကို Positive Mind စိတ်ကောင်းအဖြစ်သို့ ပြောင်းဖို့ပဲ အရေးကြီးပါတယ်။ Violence ဆူပူသောင်းကျန်းခြင်းကို Peace ငြိမ်းချမ်းခြင်းသို့ ပြောင်းရမှာဖြစ်ပါတယ်။ မသိနားမလည်ခြင်း-အဝိဇ္ဇာကို သိနားလည်းခြင်း- ဝိဇ္ဖာသို့ ပြောင်းရမှာ ဖြစ်ပါတယ်။ ဝိပသနာတရားမှာ ဤကဲ့သို့ ပြုပြင်ပြောင်းလဲနိုင်တဲ့ အစွမ်းသတ္တိ အပြည့်ရှိပါတယ်။

ယနေ့ ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီးရဲ့ လူသားတွေမှာ အဆင့်အတိုင်းအတာ အမျိုးမျိုးရှိတဲ့ စိတ်အညစ်အကျေး စိတ်မသန့်ရှင်းမှု Spiritual Pollution တွေ ဖုံးလွမ်းနေတာ တွေ့ရပါတယ်။

စက်ရုံ၊ အလုပ်ရုံနှင့် မော်တော်ကားထူထပ်တဲ့ မြို့ကြီးတွေဟာ Air Pollution လွမ်းမိုးနေသလိုပါပဲ။ အဲဒီ Spiritual Pollution ဆိုတဲ့ စိတ်စေတသိက်တို့ရဲ့  ညစ်ညမ်းမှုတွေကတော့ မကျေနပ်မှုတွေ၊ မရောင့်ရဲနိုင်မှုတွေ၊ သဘောမတူနိုင်မှုတွေ၊ ငြင်းခုံမှုတွေ၊ အပြစ်တင်မှုတွေ၊ ခွင့်မလွတ်နိုင်မှုတွေ၊ တစ်ဖက်သတ်ကျမှုတွေ၊ အစွဲလမ်းကြီးမှုတွေ၊ တယူသန်မှုတွေ၊ စိတ်ပူပန်မှုတွေ၊ ဆူပူခြင်းတွေ၊ ဆန္ဒပြခြင်းတွေ စသည်တို့ပဲ ဖြစ်ပါတယ်။ အဲဒီစိတ် ညစ်ညမ်းမှု Spiritual Pollution တွေဟာ လူ့အဖွဲ့အစည်းနှင့် လူ့ပတ်ဝန်းကျင်ကို မကောင်းသော အကျိုးဆက်များစွာကို ဖြစ်စေနိုင်ပါတယ်။ အဲဒီစိတ်ဓာတ် ညစ်ညမ်းမှုတွေဟာလည်း သင်ကြားဆုံးမခြင်းမရှိသော၊ ဟန်ချက်မညီသော စိတ်ဓာတ်၏ အကျိုး ဆက်များ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်ုပ်တို့ နားလည်သင့်ပါတယ် - ကျွန်ုပ်တို့  လူ့အဖွဲ့အစည်းနှင့် ကျွန်ုပ်တို့  လူ့ပတ်ဝန်းကျင်ကို ဒီစိတ်ညစ်ညမ်းမှုတွေ Spiritual Pollution  တွေ မလွမ်းမိုးအောင် ကာကွယ်ကြရမှာပါ။ ဒီ Spiritual Pollution တွေ ရပ်သွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာပေါ်ရှိလူသားတွေဟာ Spiritual Pollution ကင်းတဲ့ ငြိမ်းချမ်းသာယာတဲ့ နေရာများကိုရှာဖွေနေရပါတယ်။ သို့သော် ဤရုပ်လောကကြီးထဲမှာ ကောင်းကင်ဘုံတမျှ နိဗ္ဗာန်နန်းတမျှ ချမ်းမြသာသာယာတဲ့ နေရာကို ဤကမ္ဘာမှာ ရှာမတွေ့ပါဘူး။

ကျွန်ုပ်တို့တတွေ ကျွန်ုပ်တို့ Negative Mind ကို Positive Mind သို့ ပြုပြင်ပြောင်းလဲဖို့လိုပါလိမ့်မယ်။ မလိုလားအပ်တဲ့ စိတ်ညစ်ညမ်းမှု Negative Spiritual Pollutionဖယ်ရှားခြင်းသည်သာလျှင် ကျွန်ုပ်တို့ လူ့အဖွဲ့စည်းနှင့် လူ့ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းခြင်းနှင့် ညီညွတ်ခြင်းကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ထို့ပြင် စိတ်ဓာတ် ဟန်ချက်ညီမှ၊ စိတ်ဓာတ်တည်ငြိမ်မှ လူနှင့် လူ့ပတ်ဝန်းကျင်တို့၏ ငြိမ်ချမ်းစွာ ဆက်သွယ်မှုတို့ကိုလည်း ဖွဲ့စည်း တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။ ဤသည်ကား ဗုဒ္ဓတရားတော်က လူနှင့် လူ့ပတ်ဝန်းကျင်ကို မည်မျှ ကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။

Islamic Culture and Relations Organization/ Shahid Rahimi Conference Hall ကြီးမှာ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာနှင့် အီရန် လေးနိုင်ငံ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ စည်းဝေးနေကြတာဟာ လူနှင့် လူ့ပတ်ဝန်းကျင်ကို မည်သို့ ကာကွယ်စောင့်ရှောက်ရမည်ကို ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ လေးနိုင်ငံဘာသာရေး ခေါင်းဆောင်တွေဟာ လူ့အဖွဲအစည်းငြိမ်းချမ်းရေးနှင့် ညီညွတ်မှုဟာ ဘာသာတရားထဲမှာ ဘယ်လို အမြစ်တွယ်တယ်ဆိုတာရှာဖွေဖို့ပဲ ဖြစ်ပါတယ်။

ထို့ပြင်ရုပ်ဝတ္ထု၊ ရုပ်တရားများ၏ တိုးတက်မှုကိုသာ ဦးစားပေးတဲ့ ဤလူ့အဖွဲ့အစည်းမှာသာမက စီးပွားရေး၊ ပညာရေး ဆင်းရဲမွဲတေသော အောက်ခြေအဆင့် အထိ ဘာသာရေး အဆုံးအမတွေ နှံ့စပ်စိမ့်ဝင်အောင် ဘယ်လိုများ စဉ်းစားဆောင်ရွက်ကြမလဲဆိုတဲ့ အကြောင်း အရာကို ဤနေ့ ဤနေရာမှာ ဆွေးနွေးနေကြခြင်းဖြစ်ပါတယ်။

ကျွန်ုပ်ထင်တယ်---စီးပွားရေး ဆင်းရဲမွဲတေသော (Economical Poverty)၊ ပညာရေး ဆင်းရဲမွဲတေသော (Economical Poverty) အောက်ခြေအဆင့် လူသားတွေရဲ့ လောကသို့ ကိုးကွယ်ရာဘာသာတရားတိုင်းရဲ့ အနှစ်သာရများ ရောက်ရှိသွားအောင် ကျွန်ုပ်တို့ စဉ်းစားကြရလိမ့်မည်ဟု ယူဆရပါသည်။ ဘာကြောင့်လဲဆိုရင် ပဋိပက္ခတွေဟာ အောက်ခြေအဆင့် Grass Root Level မှာ စတင် ဖြစ်ပေါ်တယ်လို့ ကျွန်ုပ်သုံးသပ်မိပါတယ်။ နောက်တစ်ခု ကျွန်ုပ်သုံးသပ်မိတာက အောက်ခြေအဆင့်  လူသားတွေဟာ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားတိုင်းရဲ့ အဓိပ္ပါယ်မှန်နှင့် အနှစ်သာရကို မသိရှိကြဘူး။ အဲဒီ အဝိဇ္ဇာ တရားဟာလည်း ဒုက္ခ၊ ဒေါမနသတရားအားလုံးတို့ရဲ့ အကြောင်းရင်းပါပဲ။ ဒါကြောင့် ယခုအချိန်မှာ ကျွန်ုပ်တို့တတွေ လက်ချင်းဆက်၍ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ပဋိပက္ခများကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ဖို့ အထူးလိုအပ်တယ်လို့ ယုံကြည်ပါတယ်။

မည်သည့် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ ပဋိပက္ခများနှင့် ဆူပူမှုများကိုမဆို အပြင်းအထန် ကန့်ကွက်ကြောင်း ရှုံ့ချကြောင်း ကျွန်ုပ် ဤနေရာက ကြေညာပါသည်။ ဤကြေညာချက်ကို နိုင်ငံရေး၊ ဘာသာရေး၊ အမျိုးသားရေး ခေါင်းဆောင်အားလုံးတို့ လာရောက်လက်တွဲကြပါလို့ ကျွန်ုပ်တောင်းဆို ပါသည်။

ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများ၊ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲများ၊ ဆူပူ လှုပ်ရှားမှုများအားလုံးတို့ကိုလုံးဝ ရှုံ့ချကန့်ကွက်ကြောင်း ကျွန်ုပ် ဤနေရာက ကြေညာပါသည်။

ဤကမ္ဘာကြီးမှာ လူသားတို့အားလုံး ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲ နေထိုင်ရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို တည်ဆောက်ရေးအတွက် ကျွန်ုပ်တို့တတွေသည် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဝန်ခံခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်း၊ အစွန်းမရောက်ခြင်း၊ သဘောထားကြီးခြင်း အစရှိတဲ့ Positive Mind များကို ကြိုးစားရှာဖွေ စုဆောင်းကြပါစို့ဟု တိုက်တွန်းလိုပါသည်။

ကြွရောက်လာတဲ့ သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ လူကြီးမင်းများ-  Religion ဆိုတဲ့ ပုဒ်ရဲ့ အနက်အဓိပ္ပါယ်ကို နည်းနည်း စဉ်းစားဖော်ထုတ်လိုပါတယ်။ Religion ရဲ့ အဓိပ္ပါယ် အနှစ်သာရအမှန်ကို မသိနားမလည်ကြရာက ပဋိပက္ခတွေ ဖြစ်ကြတယ်လို့ ထင်ပါတယ်။

အကယ်၍သာ လူသားတွေဟာ မိမိကိုးကွယ်ရာ ဘာသာတရားတိုင်း၏ ဆိုလိုသောအဓိပ္ပါယ်မှန်နှင့်အနှစ်သာရကို သိလည်းသိကြမယ်၊ သိသည့်အားလျော်စွာ လိုက်နာကျင့်သုံး ကြမယ်ဆိုရင် ကျွန်ုပ်တို့ လူလောကကြီးမှာ ဘာသာရေး ပဋိပက္ခဆိုတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။

ကျွန်ုပ်ကတော့ ဤနေရာမှာ Religion for peace, Religion for harmony, Religion for security, Religion for stability - ဘာသာတရားတိုင်းသည် လူသားတိုင်း၏ဘဝ ငြိမ်းချမ်းရေး၊ သာယာရေး၊ တည်ငြိမ်ရေးနှင့်   လုံခြုံရေးတို့အတွက်ဟု ဘာသာ ပြန်လိုပါသည်။

ဘာသာတရားတိုင်းမှာ outer shell and inner core အပြင်အကာနှင့် အတွင်း အနှစ်ဟုနှစ်မျိုးရှိပါသည်။ ရှိခိုးခြင်း၊ ကိုးကွယ်ခြင်း၊ ယုံကြည်ခြင်း၊ ဆုဆောင်းခြင်း၊ ပူဇော်ခြင်း၊ အခမ်းအနားကျင်းပခြင်း၊ ရွတ်ဖတ်ခြင်းဆိုတာတွေဟာ ဘာသာတရားအားလုံးရဲ့ အပေါ်ယံအကာ တွေသာဖြစ်ပါတယ်။ အဲဒီအပေါ်ယံအကာတွေက ဘာသာတရားတစ်ခုနှင့်တစ်ခု ကိုးကွယ်သူ တစ်စုနှင့်တစ်စုအကြီးအကျယ် ခြားနားသွားစေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာတရားတိုင်းမှာ inner core ဆိုတဲ့ အတွင်းအနှစ်သာရတွေ ရှိပါတယ်။

 

ဘာသာတရားတိုင်းက လူသားတိုင်းအတွက် သင်ကြားပေးတဲ့ သင်ကြားချက်တွေ ရှိပါတယ်။

အဲဒါကတော့-

  •  ဒါနသံဝိဘာဂ    -    ပေးကမ်းဝေငှခြင်း၊
  •  သီလ        -    ကိုယ်နှုတ်နှစ်ပါး စောင့်ထိန်းခြင်း၊
  •  သမာဓိ        -     စိတ်ကို စောင့်ထိန်းခြင်း၊
  •  ပညာ        -    ကြောင်းကျိုးအမှားအမှန်ကို သိနားလည်ခြင်း၊
  •  မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ခန္တီ၊ သစ္စာ ဤတရားတွေဟာ ဘယ်ဘာသာကိုးကွယ်တဲ့ ဘယ်လူမျိုးမဆို ကျင့်ရမည့် ကျင့်စဉ်တွေပါ။

 

တကယ်တော့ ဤတရားများဟာ လူသားတိုင်း ကျင့်ရတဲ့ ကျင့်နိုင်တဲ့ humanism ဖြစ်ပါတယ်။ ဘယ်အသားအရောင်ရှိတဲ့ ဘယ်သူမဆို (ဤသီလ၊ သမာဓိ၊ ပညာတို့ကို ကျင့်ရင်) သူတော်သူမြတဖြစ်ပါတယ်။

လူမျိုးနှင့် ဘာသာမခွဲခြားဘဲ တစ်သားတဲ့ ကျင့်နိုင်အောင် ကျင့်စဉ်ကို ဘာသာရေး ခေါင်းဆောင်အားလုံးတို့က အောက်ခြေအဆင့် ရောက်သည်အထိ ထိထိရောက်ရောက် သင်ကြားပေးဖို့လိုပါတယ်။

 

ဤဘာသာရေး အနှစ်သာရများကို လူသားတွေ နားလည်လာကြလျှင်၊ နားလည်ကြရုံမျှမကအပေါ်မျက်နှာပြင်ရောက်အောင် ကျင့်သုံးလာနိုင်ကြမည်ဆိုလျင် ပဋိပက္ခများနှင့် ဆူပူသောင်းကျန်းမှု များသည် ဖြေးဖြေးချင်း လျော့ပါးသွားနိုင်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။

ဥပမာတစ်ခုနှင့်ရှင်းပြလိုပါသည်။ ဥပမာ ‘ရေ’ဆိုပါစို့။ ‘ရေ’မှာ ပြောင်းလဲလို့မရဘဲ အမြဲ မှန်နေတဲ့သဘော လက္ခဏာတစ်ခုရှိပါတယ်။ အဲဒါကတော့ လူသားတိုင်းကို အေးချမ်းစေတယ်ဆိုတာပါပဲ။ ‘ရေ’ကိုချိုးလျှင် (သို့မဟုတ်) သောက်လျှင် လူမျိုးမရွေး၊ ဘာသာမရွေး အေးချမ်း ပါတယ်၊ သန့်ရှင်းပါတယ်၊ အငတ်အဆာလည်း ပြေပါတယ်။
ဆန့်ကျင်ဘက်ဥပမာတစ်ခုပြောရရင် ‘မီး’မှာလည်း ပြောင်းလဲလို့မရတဲ့လက္ခဏာတစ်ရပ် ရှိပါတယ်။ အဲဒါဟာ ထိသူကို ပူလောင်စေပါတယ်။ Positive Mind ဟာ ‘ရေ’နှင့်တူပြီး Negative Mind ကတော့ ‘မီး’နှင့်တူပါတယ်။ ကျွန်ုပ်တို့ တစ်တွေဟာ ‘ရေ’တွေကို ပုလင်းတွေထဲထည့်၊ တံဆိပ်တွေ အမျိုးမျိုးကပ်ပြီးတော့ ထုတ်ရောင်းနေကြတယ်။ အဲဒီပုလင်းပေါ် ကပ်ထားတဲ့ label တွေကြောင့် အကွဲကွဲ အပြားပြား ခြားနားကုန်ကြပါတယ်။ အေးချမ်းတယ်ဆိုတဲ့ အပေါ်မှာ label မရှိပါဘူး။

မီးခြစ်မှာလည်း ဒီအတိုင်းပဲ။ ကုန်အမှတ်တံဆိပ်တွေ အမျိုးမျိုး ကပ်လိုက်၊ နာမည်တွေကွဲပြီး မကောင်းတာတွေ ကောင်းတာတွေ ဖြစ်ကုန်တယ်။ တကယ်တော့ ပူလောင်ခြင်းရဲ့ အပေါ်မှာ label တံဆိပ်မရှိပါဘူး။ ‘ရေ’နှင့်‘မီး’တို့မှာ အမျိုးမျိုး label ပြောင်းကပ်သော်လည်းပဲ သူတို့ရဲ့ အေးခြင်းနှင့်ပူခြင်းတို့အပေါ်မှာ label တံဆိပ်ခပ်နှိပ်လို့ မရဘူး။ ဒါကြောင့် ကျွန်ုပ်ဒီနေရာမှာ ပြောချင်တာက ဘယ်ဘာသာဝင်၊ ဘယ်လူမျိုးတို့ရဲ့  Negative Mind မဆို ‘မီး’လိုပူလိမ့်မယ်။ ဘယ်ဘာသာဝင် ဘယ်လူမျိုးတို့ရဲ့ Positive Mind မဆို ‘ရေ’လို အေးလိမ့်မယ်။ အဲဒါ သစ္စာတရားပဲ။ အဲဒါကြောင့် သစ္စာတရားကို ဖောက်ထွင်းသိမြင်ဖို့ဘာသာတရားတိုင်းရဲ့ အတွင်းကို ဖောက်ထွင်း ကြည့်ကြရမှာ ဖြစ်ပါတယ်။ အပေါ်ယံ မျက်နှာပြင်မှာ ရပ်မနေကြပါနဲ့။

 

ကြွရောက်လာကြတဲ့ သံဃာတော်များနှင့် လူကြီးမင်းအပေါင်းတို့ -

အားလုံးသော လူသားတွေဟာ ငါ၏အယူအဆ၊ ငါ၏ဝါဒသည်သာလျှင် ဟုတ်သည် မှန်သည်ဟု တစ်ယူသန်၊ တစ်ဖက်သတ်၊ အစွန်းရောက် အယူဝါဒလွတ်အောင် ရှောင်ကြဖို့ လိုအပ်ပါတယ်။ မိမိတို့ သက်ဆိုင်ရာ ဘာသာတရားတိုင်း၏ အနှစ်သာရကို ထိထိရောက်ရောက် ကျင့်သုံးခြင်းကိုတော့ လက်မလွတ်သင့်ပါဘူး။ မိမိ ဘာသာအယူဝါဒမှန်သည်ဟု ယူဆပြီး အခြားအယူဝါဒကို မရှုံ့ချ၊ မပုတ်ခတ်သင့်ပါဘူး။ ‘မြတ်ဗုဒ္ဓလက်ထက်က ဘာသာအယူဝါဒကွဲပြားနေသောလူတစ်စု တစ်မျိုးစီဖြစ်နေသော ကိုယ်ပိုင်အယူအဆများကို လျောက်ထားပါတယ်။ မိမိတို့ အယူအဆမှန်ကန်ကြောင်း သူတစ်ပါးအယူအဆ မှားကြောင်း တင်ပြကြပါတယ်။ ထိုအခါ မြတ်ဗုဒ္ဓက သင်တို့ရဲ့ ကွဲပြားမှုတွေကို လာငြင်းခုံမနေကြနဲ့။ ကွဲပြားမှုတွေထဲမှာ တူညီမှုကိုရှာကြ။ တူညီသော အနှစ်သာရတွေ့ရင် အဲဒီတူညီသော အနှစ်သာရ အပေါ်မှာ လက်တွဲလမ်းလျောက်ကြဟုမိန့်တော်မူခဲ့ပါတယ်။’ ဤကဲ့သို့သော မြတ်ဗုဒ္ဓ၏ လမ်းညွန်ချက်များဟာ ဒီကနေ့တိုင် တည်ရှိနေဆဲ ဖြစ်ပါသည်။

 

မြတ်စွာဘုရားက ထိုအမျိုးမျိုးကွဲပြားသော လူစုကို အောက်ပါအတိုင်း ဆုံးမတော်မူသည်။

  • အမျက်ဒေါသထွက်ခြင်းကို ပြန်၍ အမျက်ဒေါသထွက်ခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်၊
  • အမျက်ဒေါသထွက်ခြင်းကို ချစ်ခြင်း၊ သည်းခံခြင်း၊ ခွင့်လွတ်ခြင်းတို့ဖြင့်သာ ငြိမ်းချမ်းစေနိုင်၏။
  • ဆူပူသောင်းကျန်းသူတို့ကို ပြန်၍ဆူပူသောင်းကျန်းခြင်းဖြင့် ငြိမ်းချမ်းရေး မရနိုင်။
  • ဆူပူသောင်းကျန်းသူတို့ကို ခန္တီ၊ မေတ္တာ၊ သစ္စာတရားတို့ဖြင့်သာ ငြိမ်းချမ်းစေနိုင်၏။
  • ဆဲရေးသူကို ပြန်၍ ဆဲရေးခြင်းဖြင်း ငြိမ်းချမ်းရေးမရနိုင်။
  • ဆဲရေးသူကု ပြန်မဆဲမှ ငြိမ်းချမ်းစေနိုင်၏။
  • မုန်းတီးသူကို ပြန်၍ မုန်းတီးခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်။
  • မုန်းတီးသူကို မေတ္တာဖြင့် တုန့်ပြန်မှ ငြိမ်ချမ်းစေနိုင်၏။

 

ဤသည်ကား ကမ္ဘာဦးမှ ယနေ့ထိ စဉ်ဆက်မပြတ် လူသားတိုင်း ကျင့်သုံးလာသော ကျင့်သုံး အပ်သော သနန္တနဓမ္မ ဖြစ်သည်။ ဓမ္မသည် သစ္စာတရား ဖြစ်ပါသည်။ Religion နှင့် ISM တို့သည် အရေးမကြီး။ သစ္စာတရားသည်သာလျှင် မွန်မြတ်၏။

ဤကမ္ဘာမှာ သင်ကြားစရာ သစ္စာတရားမှတစ်ပါး အခြားမရှိ။ သစ္စာတရားကို သိခြင်းသည် ကျွန်ုပ်တို့ အားလုံးနှင့်ဆိုင်သော အနှစ်သာရအားလုံးဦးတည်ရမည့် ပန်းတိုင်။ သစ္စာတရားကို သိခြင်းသည် ကျွန်ုပ်တို့ ဘဝပြသနာနှင့်ဆိုင်သော အဖြေ။ အစွန်း လွတ်အောင် ရှောင်ခြင်း၊ အလယ်အလတ်လမ်းကို လျောက်ခြင်းသည် ကျွန်ုပ်တို့လူသားအားလုံးတို့ လျောက်လမ်းရမည့် လမ်းကြောင်း။

ကြွရောက်လာကြတဲ့ သံဃာတော်များနှင့် လူကြီးမင်းများ အားလုံး၊ ဤအစည်းအဝေးကြီး ဖြစ်မြောက်အောင် အားပေးထောက်ပံ့သော အီရန် အစ္စလာမ်းမစ် နိုင်ငံ၏ ယဉ်ကျေးမှုဝန်ကြီးနှင့် ဌာနဝန်ထမ်းများအားလုံး၊ ဘာသာပေါင်းစုံတက္ကသိုလ် အဓိပတိ၊ ပါမောက္ခများအားလုံးကို လေးလေး စားစား ကျေးဇူးတင်ပါသည်။ ထို့ပြင် အီရန်နိုင်ငံ အစ္စလာမ်ဘာသာရေးခေါင်းဆောင်ကြီးများ အားလုံးနှင့် Academic ပညာရှင်များ အားလုံးကို ကျေးဇူးတင်ပါသည်။

အထူးအားဖြင့် သုံးနိုင်ငံ ဗုဒ္ဓဘာသာခေါင်းဆောင်းများနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များအချင်းချင်းချစ်ကြည်ရင်းနှီးခွင်၊ အမြင်ဖလှယ်ခွင့်ရသည့်အတွက် အီရန်နိုင်ငံရှိ

ဘာသာရေးခေါင်းဆောင်များအားလုံးကိုဝမ်းမြောက်စွာ ကျေးဇူးတင်ပါသည်။

ဗုဒ္ဓဘာသာခေါင်းဆောင်များ၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ငြိမ်းချမ်းစွာ အတူ လက်တွဲ၍ အနာဂတ်ကမ္ဘာ၏ ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ လုံခြုံခြင်းတို့ကို ဦးဆောင်မှု ပေးသွား နိုင်မည်ဟုမျှော်လင့်ယုံကြည်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

‘သတ္တဝါအားလုံး ရန်ငြိုးဖွဲ့ခြင်းမှာ ကင်းဝေးပါစေ’
‘သတ္တဝါအားလုံး ငြိမ်းချမ်းသာယာကြပါစေ’
ငြိမ်းချမ်းရေး ညီညွတ်ရေးနှင့် တည်ငြိမ်ရေး ကမ္ဘာတစ်ဝန်း လွမ်းမိုးပါစေ။

(ဤမိန့်ခွန်းစာတမ်းကို မြန်မာနိုင်ငံတွင် ရေးသားပြီး Tehran, Parsian Azadi Hotel တွင် မြန်မာဘာသာ ပြန်ဆိုသည်။)

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈