သီတဂူဆရာတော်သြဝါဒ

သီတဂူဆရာတော် မြန်မာ၊ တရုပ်၊ အိန္ဒိယ ဗုဒ္ဓဓမ္မဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်

၂၀၁၄ခုနှစ် ဒီဇင်ဘာလ၊ ၁၆-၁၇-၁၈နေ့များတွင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမှာ (China-India-Myanmar Buddha Dhamma Forum) မြန်မာ၊ တရုပ်၊ အိန္ဒိယတို့ ပူးပေါင်း ကျင်းပသည့် ဗုဒ္ဓဓမ္မဆိုင်ရာ ဆွေးနွေးပွဲမှာ သီတဂူဆရာတော်ကြီး သော့ချက်မိန့်ခွန်းပြောကြားတော်မူသည်။

 

Buddhism and It's Relevance to the World Situation
ဗုဒ္ဓဘာသာနှင့် ကမ္ဘာ့အခြေအနေဆက်နွယ်နေမှု
သီတဂူဆရာတော်
ဒေါက်တာအရှင်ဉာဏိဿရ  (Ph.D., D.Litt.)
အဂ္ဂမဟာပဏ္ဍိတ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော်

တိုင်းပြည်အသီးသီးက နိုင်ငံရေး၊ ဘာသာရေးနှင့် လူမှုရေး ခေါင်းဆောင်များအားလုံ ကမ္ဘာသူ/ကမ္ဘာသားအားလုံးတို့နှင့် ယနေ့ အစည်းအဝေးသြွို့ကရောက်လာကြသော မြန်မာ၊ တရုတ်၊ အိန္ဒိယ အိမ်နီးချင်း သုံးနိုင်ငံတို့က လူကြီးမင်းများ ငြိမ်းချမ်းစွာ ညီညွတ်စွာ လုံခြုံစွာ ချမ်းသာစွာ နေနိုင်ကြပါစေ။ အိပ်စက်နိုင်ကြပါစေဟု ရှေးဦးစွာ ဆုတောင်း၍ နှုတ်ခွန်းဆက်ပါတယ်။

ယနေ့ ကျွန်ုပ်တို့အနေနဲ့ ဗုဒ္ဓဘာသာ ပိုမိုထွန်းကားပြန့်ပွားစေရန် လက်တွဲကြိုးပမ်းခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းမှုကို ကူညီလုပ်ဆောင်ပေးကြမယ်ဆိုတဲ့ တူညီသော ဦးတည်ချက်နဲ့ ယနေ့ဒီအစည်းအဝေးကြီးမှာ အတူစုရုံးရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်များနှင့် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးတို့သည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကြိုးကြိုးစားစား ရှာဖွေဆောင်ရွက်နေကြ သည်ဟု ယုံကြပါတယ်။ သို့သော် မျှော်လင့်ထားသော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုကား မည်သည့် တိုင်းပြည်မျှ အပြည့်အဝ ရရှိထားကြသည်ကို မတွေ့ရသေးပါ။ စစ်မက်ရေးရာရှုထောင့်ကကြည့်လို့ ငြိမ်းချမ်းလုံခြုံသည်ဟု ဆိုနိုင်သော်လည်း စီးပွားရေးရှုထောင့်ကဖြစ်စေ၊ လူမှုရေးရှုထောင့်ကဖြစ်စေ မလုံခြုံ၊ မငြိမ်းချမ်းသော နိုင်ငံများစွာရှိနေပါတယ်။

ယနေ့မျက်မှောက်ခေတ်မှာ ပို၍စိုးရွံ့ဖွယ်ကောင်းစွာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို နှောင့်ယှက် လာသော အကြောင်းတစ်ခုမှာ ဘာသာရေးအစွန်းရောက်တို့၏ အနှောင့်အယှက်ပင် ဖြစ်ပါတယ်။ တကယ်စင်စစ်တော့  လူသားတို့ကိုးကွယ်ရာ ဘာသာတရားတိုင်းသည် လူသားတို့၏ စိတ်ရိုင်းများကို ယဉ်ကျေးသောစိတ်များ ဖြစ်လာအောင် ပြုလုပ်နိုင်လိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်ပါတယ်။ ပူလောင်နေသော လူသားတို့၏ စိတ်နှလုံးကို အေးချမ်းလာအောင် ဆုံးမနိုင်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါတယ်။ လူသားတို့ ကိုးကွယ်ရာ ဘာသာတရားများသည် လူသားတို့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ဖြစ်ဖို့ကောင်းပါတယ်။

ဤယနေ့ကျင်းပသော အစည်းအဝေးကြီးသည် ၁၉၅၄ ခုနှစ် ဧပြီလ က  Ceylon, Sri Lanka နိုင်ငံ ကိုလံဘိုမြို့မှာ ကျင်းပတဲ့ ငါးနိုင်ငံဝန်ကြီးချုပ်များ အစည်းအဝေးက မူဝါဒတစ်ရပ် အနေနဲ့ ချမှတ်ပြီး ဆုံးဖြတ်အတည်ပြုထားခဲ့သော  Five Principles (Panca Shila)=  ပဉ္စသီလ၏ နှစ်ခြောက်ဆယ်မြောက် အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ်-အိန္ဒိယ အိမ်နီးချင်း သုံးနိုင်ငံတို့အကြား ကျင်းပတဲ့အစည်းအဝေးကြီးဖြစ်ပါတယ်။

ထိုပဉ္စသီလ Five Principles ကို အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူး (Jawaharlal Nehru) က ဦးဆောင်ရေးဆွဲ၍ ကိုလံဘိုအစည်းအဝေးမတိုင်မီ တရုတ်ပြည်သို့ သွားရောက်ကာ တရုတ်ဝန်ကြီးချုပ် Zhou Enlai နှင့် ရှေးဦးစွာ  သဘောတူညီချက်ယူပြီး ချူအင်လိုင်းနှင့် နေရူးတို့ ရှေးဦးစွာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ထို့နောက်ဝန်ကြီးချုပ်နေရူးက ကိုလံဘိုမှာကျင်းပတဲ ငါးနိုင်ငံဝန်ကြီးချုပ်များ အစည်းအဝေး၌ တင်ပြဆွေးနွေး၍ ကိုလံဘို Declaration အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။  ၁၉၅၄ ခုနှစ် ဧပြီလ ကိုလံဘိုဝန်ကြီးချုပ်များ အစည်းအဝေးက ကြေညာခဲ့သော Five Principles (သို့မဟုတ်) ကိုလံဘို ပဉ္စသီလ ငါးပါးသီလသည် ယခုအခါ နှစ်ပေါင်း ခြောက်ဆယ် ရှိခဲ့ပြီး ဖြစ်ပါတယ်။
Five Principles ပဉ္စသီလမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

(၁)    နိုင်ငံတစ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန်လေးစားရန်။
(၂)    အပြန်အလှန်ကျူးကျော်မှု မပြုရန်။
(၃)    နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်။
(၄)    အပြန်အလှန်အကျိုးစီးပွားအတွက် သာတူညီမျှမှုရှိရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုရန်။
(၅)    ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားရန်။

ထို့ပြင် ၁၉၅၅ ခုနှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ Bandung မြို့မှာ Asian-African Conference တစ်ရပ်ကိုလည်း ကျင်းပခဲ့ရာ ထို Conference သို့ ကိုလိုနီဘဝမှ လွတ်မြောက်ပြီးကာစ  အာရှ-အာဖရိကနိုင်ငံပေါင်း (၂၉)နိုင်ငံတို့ တက်ရောက်ခဲ့ကြပါတယ်။

ထိုအာရှ-အာဖရိကအစည်းအဝေးကြီးကို အင်ဒိုနီးရှားသမ္မတကြီး ဒေါက်တာ ဆူကာနိုက ခေါင်းဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၊  အိန္ဒိယဝန်ကြီးချုပ်နေရူး၊ မြန်မာဝန်ကြီးချုပ် ဦးနုတို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ထိုအာရှ-အာဖရိက Conference ကြီးက Five Principles သာမက Ten Principles  ဒသသီလကိုပင် ချမှတ်ခဲ့ကြပါတယ်။ Bandung Conference မှ ချမှတ်ခဲ့သော ဒသသီလမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်-

(၁)    အခြေခံလူ့အခွင့်ရေးများကို လေးစားရန်နှင့်  ကုလသမဂ္ဂပဋိဉာဉ်စာတမ်းပါပြဌာန်းချက်များအား လေးစားလိုက်နာရန်။
(၂)      နိုင်ငံအားလုံး၏အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားရန်။
(၃)      ကမ္ဘာ့နိုင်ငံအားလုံးနှင့် လူမျိုးအားလုံးတို့၏ သာတူညီမျှမှုကို အသိအမှတ်ပြုရန်။
(၄)      အခြားနိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်။
(၅)      ကုလသမဂ္ဂပဋိဉာဉ်စာတမ်းနှင့်အညီ နိုင်ငံတစ်နိုင်ငံစီ၏ ခုခံကာကွယ်ခွင့်ကို လေးစားရန်။
(၆)    အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားအတွက် စုပေါင်းကာကွယ်ရေးအစီအမံများ  အသုံးပြုခြင်းကို ရှောင်ကြဉ်ရန်။
(၇)    နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးလွတ်လပ်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကိုထိပါးသည့် ခြိမ်းခြောက်မှုနှင့်
         အင်အားအသုံးပြုခြင်းကိုရှောင်ကြဉ်ရန်။
(၈)    နိုင်ငံတကာအငြင်းပွားမှုများကို ဖြေရှင်းရာတွင် ကုလသမဂ္ဂပဋိဥာဉ်စာတမ်းနှင့်အညီ စေ့စပ်ဆွေးနွေးခြင်း၊
         ခုံရုံးဖွဲ့စစ်ဆေးခြင်း၊ ဥပဒေကြောင်းအရဆုံးဖြတ်ဖြေရှင်းခြင်း၊
         စသည့်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းများအပြင် သက်ဆိုင်ရာနိုင်ငံ၏ဆန္ဒနှင့်အညီ အခြားသောငြိမ်းချမ်းစွာ ဖြေရှင်းနည်းတို့ကို အသုံးပြုပြီး ဖြေရှင်းရန်။
(၉)    အပြန်အလှန်အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရန်။
(၁ဝ)    တရားမျှတမှုနှင့် နိုင်ငံတကာကျင့်ဝတ်များအား လေးစားလိုက်နာရန်။

အာရှတိုက်၏ ထူးခြားချက်

ယနေ့ကျွန်ုပ်တို့နေထိုင်ရာ အာရှတိုက်ကြီးဟာ အခြားတိုက်ကြီးများထက် အလွန်ထူးခြား သော တိုက်ကြီးတစ်ခုဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် လွန်လေပြီးသော နှစ်ထောင်ပေါင်း များစွာကတည်းက ဥရောပမှာ သိပ္ပံပညာရှင်တွေ မပေါ်ပေါက်မီကတည်းကပင် ဘာသာရေး ခေါင်းဆောင်များစွာ၊ လူမှုရေးနှင့်  စိတ်ဓါတ်ရေးခေါင်းဆောင်များစွာတို့ ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။ ဘာသာရေးခေါင်းဆောင်များစွာရဲ့ ပေါ်ပေါက်ရာနေရာဟာ အိန္ဒိယပြည်ကြီးပါဘဲ။ ဥပမာ- မြတ်ဗုဒ္ဓ ထက် နှစ်လေးဆယ်ခန့်စောနိုင်သည်ဟု ခန့်မှန်းရသော မဟာဝီရ (ဂျိန) ပုဂ္ဂိုလ်ထူးတစ်ယောက် ရှိပါတယ်။ သူ့ရဲ့အပြောင်မြောက်ဆုံး (Philosophy) ဖီလော်ဆော်ဖီကတော့ 'အဟိံသဝါဒ' ဖြစ်ပါတယ်။ အဟိံသဆိုတာ Non-Violence ပါပဲ၊ အကြမ်းဖက်မှုတွေ လုပ်ကြံသတ်ဖြတ်မှုတွေ တိုက်ခိုက်မှုတွေ အလွန်ထူပြောနေတဲ့ ယနေ့မျက်မှောက်ခေတ်မှာ မဟာဝီရ ဆရာကြီးရဲ့ အဟိံသဝါဒဟာ နိုင်ငံရေးခေါင်းဆောင်တွေအားလုံး၊ ဘာသာရေးခေါင်းဆောင်တွေ အားလုံး၊ လူသားတစ်ရပ်လုံး လိုက်နာကျင့်သုံးရမည့် Common-Platform ဖြစ်ပါတယ်။

Jesus Christ ရဲ့ဟောပြောချက်တွေကိုကြည့်ပြန်တော့လဲ-

(၁)    သတ္တလောကကြီး၏ ဆင်းရဲဒုက္ခကို သိမြင်၍ စိတ်နှလုံးတုန်လှုပ်စွာ ခံစားရခြင်း၊
(၂)    သတ္တလောကကြီး၏ ဆင်းရဲဒုက္ခကို အစဉ်မပြတ် စောင့်ကြည့်ခြင်း၊
(၃)    သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ဖယ်ရှားပေးလိုသောစိတ်ကို မွေးမြူခြင်းဆိုတဲ့

မြတ်ဗုဒ္ဓ၏ ကရုဏာဝါဒနှင့် ထပ်တူညီမျှရှိနေတာတွေ့ရပါတယ်။  သိဒ္ဓတ္ထဂေါတမမြတ်ဗုဒ္ဓကို BC 623 မှာ ကျွန်ုပ်တို့ နီပေါလ်နိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကရုဏာရှင် Jesus Christ ကိုလည်း ကျွန်ုပ်တို့ အာရှတိုက်ထဲက အစ္စရေးနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ကြားညှပ်၍ အနည်းငယ်ပြောရမယ်ဆိုလျှင် အဝိဇ္ဇာနှင့် တဏှာ Ignorance နှင့် Craving အမှန်တရားကို မသိခြင်းနှင့် စည်းစိမ်ဥစ္စာ အာဏာမက်မောခြင်းတို့ဟာ ဆင်းရဲဒုက္ခအားလုံးတို့ရဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ကရုဏာရှင် Jesus ကဲ့သို့သော အဖိုးတန်ပုဂ္ဂိုလ်တစ်ယောက် အသတ်ခံလိုက်ရခြင်းဟာ အဝိဇ္ဇာဖုံးသော လူသားအချို့၏ အာဏာမက်မောခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

ထို့ပြင်  အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်ကလည်း ဆော်ဒီအာရေးဗီးယား နိုင်ငံ မက္ကာမြို့မှာ မွေးဖွားတာဖြစ်လို့ သူလည်း အာရှတိုက်သားပါပဲ။ ဝိသမလောဘသမားတွေကို တိုက်ဖျက်ရေးဆိုတဲ့ မိုဟာမက်ရဲ့  Theory တစ်ခုဟာလည်း Economic unbalance စီးပွားရေးမညီမျှမှုတွေ အလွန်များနေတဲ့ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးအတွက် များစွာအထောက် အကူပြုတဲ့ ဝါဒတစ်ခုပါပဲ။

မိုဟာမက်သခင်က ငွေတိုးချ၊ အပေါင်ခံ၊ အမြတ်ကြီးစား၊ အိမ်သိမ်း၊ လယ်သိမ်း၊ လူသိမ်း၊ ဆိုတဲ့ ဝိသမလောဘသမားတွေကို ရှုတ်ချပြစ်တင်ထားတာလည်းတွေ့ရပါတယ်၊ ၎င်းဝိသမ လောဘသားတွေအနေနဲ့ လောဘကို စည်းကမ်းသတ်ကြဖို့ဖြစ်ပါတယ်။  ပြီးတော့ မိုဟာမက်က ပြောခဲ့တဲ့ ကြွယ်ဝချမ်းသာသူတို့က ဆင်းရဲမွဲတေသူတို့အား ဝေပေးရမယ်ဆိုတဲ့ စကားတစ်ရပ်လည်း ရှိပါတယ်။  အဲဒီဝါဒဟာလည်း မြတ်ဗုဒ္ဓမိန့်ကြားတော်မူလေ့ရှိတဲ့ ဒါနသံဝိဘာဂရတော -ပေးကမ်း ဝေငှခြင်း၌ လူတိုင်းပျော်ပိုက် ရမည်ဟူသော  ဆုံးမချက်နဲ့ ထပ်တူဖြစ်နေသည်ကို တွေ့ရပါတယ်။ ကြွယ်ဝခြင်းနှင့် မွဲတေခြင်း (Richness and Poverty) ကို ဟန်ချက်ညီစေတဲ့ အဆုံးအမများ ဖြစ်ပါတယ်။

ထို့ပြင် B.C 551 တရုတ်ပြည်မှာ မွေးဖွားတဲ့ Confucius ဆိုတဲ့ ဆရာကြီးဟာ အလွန်တရာ ချစ်ခင်ကြည်ညိုဖို့ကောင်းပါတယ်။ သူဟာ မိသားစု ငြိမ်းချမ်းရေးအတွက် မိဘနှစ်ပါးနှင့် သားသမီးတို့ အပြန်အလှန်စောင့်ရှောက် ထိန်းသိမ်းရတဲ့ ကျင့်ဝတ်တွေကို များစွာ ဟောခဲ့ပါတယ်။ မြတ်ဗုဒ္ဓဟောကြားတော်မူထားတဲ့ သိင်္ဂါလောဝါဒ သုတ္တန်မှာ သားသမီးကျင့်ဝတ်ငါးပါး (Five Principles for Children)၊ မိဘတို့က သားသမီးတို့အပေါ်မှာ ကျင့်ရတဲ့ ကျင့်ဝတ်ငါးပါး (Five Principles for Parents)  ဆိုတဲ့ အချက်တွေကို ကြည့်လျှင် Confucius ရဲ့ မိဘနဲ့ သားသမီး ငြိမ်းချမ်းရေးဝါဒဟာ အံ့သြစရာကောင်းပါတယ်။ အဲဒါတွေဟာ Panca Sila ပဉ္စသီလ- ပုတ္တဓီတာနံ ပဉ္စသီလ၊ မာတာပိတူနံ ပဉ္စသီလတွေပဲဖြစ်ပါတယ်။

ပြီးတော့ Confucius ဆရာကြီးက နိုင်ငံရေးခေါင်းဆောင်တွေ အကျင့်ပျက်ရင် တိုင်းပြည် ပျက်စီးတာနဲ့ အတူတူဘဲ၊ နိုင်ငံရေးခေါင်းဆောင်တွေ ပညာမတတ်လျှင် တစ်တိုင်းပြည်လုံး ပညာ မတတ်တော့ဘူး၊ ကန်းပြီလို့ ဆိုခဲ့ပါတယ်။  ဒါကြောင့် နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးအတတ် ပညာဟာ သီလနဲ့ ပညာ ဤနှစ်ဖြာပဲလို့ ဆိုခဲ့ပါတယ်။ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ သောဏဒဏ္ဍ သုတ္တန်မှာ သီလပညာ ဤနှစ်ဖြာသည် လူ့လောကကြီးတစ်ခုလုံး၏ အမြတ်ဆုံးဥစ္စာဖြစ်သည်ဟု ဟောထားတော်မူခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်ုပ်ပြောကြားချင်တာက- သီလဆိုတာ လူသားတို့၏ ခြေထောက်၊ ပညာဆိုတာ လူသားတို့၏ မျက်လုံး၊ အကျင့်ပျက်လျှင် အားလုံးခြေထောက်ပြတ်နေပြီး ဘယ်လိုလုပ် ရှေ့သို့ချီတက်နိုင်ကြတော့မှာလဲ၊ ခြေပြတ်တဲ့သူသည် ဘယ်လမ်းကိုမှ လျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ခြေထောက်ကောင်းသော်လည်း မျက်စိကန်းနေလျှင် ဘယ်လမ်းစဉ်ကို ဘယ်လို ရွေးနိုင်ကြတော့မှာလဲ။ ပညာမျက်လုံးကန်းတဲ့ ခေါင်းဆောင်တွေရဲ့ လမ်းစဉ်တွေဟာ လမ်းစဉ်အမှား တွေချည်းဖြစ်နေမှာပေါ့။
ဒါ့ကြောင့် ဤယနေ့နိုင်ငံတိုင်းက နိုင်ငံခေါင်းဆောင်တွေအားလုံး ခြေမပြတ်ဖို့ တိုက်တွန်း ပါတယ်။ ဒါ့အပြင် မျက်စိမကန်းဖို့လည်း အရေးကြီးပါတယ်။ အားလုံးအကျင့်ကောင်းကြပါစေ။ အားလုံး ပညာတတ်ကြပါစေ။

အကျင့်ကောင်းသူတွေဟာ ပညာလည်းပြည့်စုံတတ်တယ်။ ပညာကောင်းသူတွေဟာလည်း အကျင့်ကောင်းနဲ့ ပြည့်စုံတတ်ပါတယ်။ သီလသည် လူ့ခြေထောက်၊ ပညာသည် လူ့မျက်လုံး (Character and Education) သီလနှင့် ပညာသည် အပြန်အလှန်မှီခိုနေသော အရာများဖြစ်ပါတယ်။  ဤသီလနှင့် ပညာသည် လူသားတစ်ယောက်၏ သို့မဟုတ် တိုင်းပြည်တစ်ခု၏ အရင်းအနှီးလည်း ဖြစ်ပါတယ်။ သဘာဝအရင်းအမြစ် Natural Sources တွေ မည်မျှပင် ဆင်းရဲစေကာမူ သီလနှင့် ပညာ (Character and Education) ပြည့်စုံတဲ့တိုင်းပြည် တွေဟာ ဒီကနေ့ ဖွံ့ဖြိုးတိုးတက်နေတာကို မျက်မှောက်ကမ္ဘာမှာ တွေ့မြင်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်ဤနေရာမှာ ပြောခြင်းဖြစ်ပါတယ်။ Character and Wisdom are Poor men's Capital.

ကျွန်ုပ်တို့ရဲ့ အာရှတိုက်ကြီးဟာ အထက်မှာ ဖေါ်ပြထားခဲ့တဲ့အတိုင်း ဂျိန(ဇိန)-မဟာဝိရယ သိဒ္ဓတ္ထဂေါတမဗုဒ္ဓယ Jesus Christ,မိုဟာမက်၊ Confucius အစရှိတဲ့ဘာသာရေး ခေါင်းဆောင်များအားလုံး မွေးဖွားရာ တိုက်ကြီးဖြစ်ပါတယ်။ အနောက်တိုင်းမှာ  Science နဲ့ Technology တွေဟာ  အေဒီ (၁၄) ရာစုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့ကြတာဖြစ်ပါတယ်။ (၁၄) ရာစုနှစ်ဆိုတာ ခရစ်တော်မွေးဖွားပြီး နှစ်ပေါင်းတစ်ထောင့်လေးရာ ကြာပြီးနောက်ကို  ဆိုလိုတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓပွင့်တော်မူပြီးနောက် နှစ်နှစ်ထောင်ခန့်ကြာမှ သိပ္ပံပညာတွေ စတင်ပေါ်ပေါက် ထွန်းကားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ထူးခြားတဲ့ အချက်ကို ကျွန်ုပ်ပြောချင်တာက- ကျွန်ုပ်တို့ အာရှတိုက်သားတွေဟာ ဘာသာရေး အဆုံးအမတွေကို သိိပ္ပံပညာမထွန်းကားမီ နှစ်ပေါင်းထောင်နှင့်ချီ၍ စောစီးစွာက ရရှိထားခဲ့ကြပြီးဖြစ်တာကို ကျွန်ုပ်တို့ အရှေ့တိုင်းသားတွေဟာ အနောက်တိုင်းသားတွေထက် နှစ်ပေါင်းများစွာ စော၍ယဉ်ကျေးနှင့်ကြပြီဟု ဆိုချင်ပါတယ်။ တစ်နည်းဆိုရရင် အနောက်တိုင်းက သူတွေအားလုံးဟာ ကျွန်ုပ်တို့ အရှေ့တိုင်းကို ရှိခိုးနေကြတာပါဟု ဂုဏ်ယ ဝင့်ကြွား စွာနဲ့ ပြောချင် ပါတယ်။

ပဉ္စသီလ  (ငါးပါးသီလ)

ငြိမ်းချမ်းလုံခြုံသော မိသားစုတစ်ခု၊  ငြိမ်းချမ်းလုံခြုံသော အဖွဲ့အစည်းတစ်ခု၊ ငြိမ်းချမ်းလုံခြုံ သော တိုင်းပြည်တစ်ခု တည်ဆောက်မည်ဆိုလျှင် မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒ Principle of peaceful co-existence တွေဟာ များစွာရှိပါတယ်။ လင်နဲ့မယား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမှာလည်း ယောကျာ်းဘက်က မူ (၅)ချက်၊ မိန်းမဘက်ကလည်း မူ (၅)ချက် ရှိပါတယ်။

ဆရာနဲ့တပည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမှာလည်း ဆရာဘက်က ငါးပါးသီလ၊ တပည့်ဘက်ကလည်း ငါးပါးသီလ ဆရာ-တပည့် နှစ်ဦးကြားမှာလည်း (၁ဝ)ပါးသော သီလတွေ ရှိပါတယ်။

အလုပ်သမားနဲ့ အလုပ်ရှင်တို့ကြားမှာလဲ ငြိမ်းချမ်းစွာလက်တွဲအလုပ်လုပ်ကြဖို့ အလုပ်ရှင်တို့ လိုက်နာရန် ငါးပါးသီလ၊ အလုပ်သမားတို့ လိုက်နာရန် ငါးပါးသီလဆိုတဲ့ Principles တွေကို မြတ်ဗုဒ္ဓဟောကြားထားပြီး ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ဒေသနာဟာ ပြည့်စုံသောဒေသနာတစ်ခုဖြစ် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးခေါင်းဆောင်များက ဘာသာရေးနောက်လိုက်များ အပေါ်မှာ ကျင့်သုံးရန် ကျင့်ဝတ် ခြောက်ပါးဆိုတာကိုလဲ ဟောထားတာရှိပါတယ်။

ဆသီလ (ခြောက်ပါးသီလ)

ဘာသာရေးခေါင်းဆောင်တို့၏ဘာသာရေးတပည့်များအပေါ်ကျင့်သုံးရမည့်ကျင့်ဝတ်(၆)ပါး ရှိပါတယ်။ သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တို့သည် ၎င်းတို့၏ဘာသာရေး နောက်လိုက်များ အပေါ်၌ ဤကျင့်ဝတ်များကို လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။

(၁)    မကောင်းမှုများကို တားမြစ်ပေးရမယ်။
(၂)    ကောင်းသောလမ်းကြောင်းများကို ညွှန်ပြပေးရမယ်။
(၃)    ဘာသာရေးတရားကိုလည်း  အသစ်အသစ်ဟောပေးရမယ်။
(၄)    ဟောပြောချက်အဟောင်းများကို ပြန်လည်ဟောပြောပေးရမယ်။
(၅)    အကြမ်းဖက်မှုနှင့်ပဋိပက္ခများမှကင်းဝေးရာ နတ်ပြည်နှင့် နိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းတို့ကို ဟောပြောညွှန်ပြပေးရမယ်။
(၆)    ဘာသာရေးခေါင်းဆောင်များအားလုံးအနေဖြင့် သတ္တဝါများအားလုံးအပေါ်တွင်မေတ္တာပွားလျက်
          ခြောက်ပါးသီလကို လိုက်နာစောင့်ထိန်းရမည်။

ဒသသီလ (ဆယ်ပါးသီလ)

မြတ်ဗုဒ္ဓသည် ကမ္ဘာ့လူသားအားလုံးအတွက် ကရုဏာမျက်လုံး၊ ပညာမျက်လုံးဖြင့် ကြည့်ရှု့ တော်မူ၍ ဟောကြားထားတော်မူခဲ့သည်မှာ အံ့သြချီးကျူးဖွယ်ကောင်းလှပါတယ်။ ဘုရင်များယ အစိုးရများယ နိုင်ငံရေးခေါင်းဆောင်များအတွက် သီလကို ငါးပါးယ ခြောက်ပါးဖြင့် လုံလောက် လိမ့်မည်ဟု ယူဆဟန်မတူပေ။

အဘယ်ကြောင့်ဆိုသော် မင်းတို့ရဲ့သီလကို ဆယ်ပါးဟောထားတဲ့အတွက်ကြောင့် ဖြစ်ပါ တယ်။ ပါဠိစာပေမှာ  (ဒသရာဇဓမ္မ) မင်းကျင့်တရားဆယ်ပါး (Ten Codes of conduct for Kings and Government)  ကို ပိဋကတ်တော်၌ နေရာပေါင်းများစွာတွင် ဟောထားတော် မူထားပါတယ်။

(၁)    ဒါန (Charity)

အစိုးရမင်းတွေဟာ အလှူဒါနပြုရမယ်။ အလှူဒါနမှာ Religious Donation and Social Donation ဟူ၍ နှစ်မျိုးရှိပါတယ်။ ဘာသာရေးပွဲ အခမ်းအနားများမှာ ပြုသော အလှူဒါနသည် သက်ဆိုင်ရာ မိမိတို့ ကိုးကွယ်သည့် ဘာသာအတွက်သာ အထောက်အကူပြုမည် ဖြစ်ပါတယ်။ သို့သော်  လေဘေး၊ ရေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ စစ်ဘေး၊ ငတ်မွတ်ခေါင်းပါး သည့်ဘေး ထိုကဲ့သို့သော သဘာဝဘေးဒဏ်များ ဖြစ်ပေါ်သည့်အခါ လူမျိုးမရွေး၊ ဘာသာမရွေး ဒုက္ခရောက်ကြသည့်အတွက် ထိုသို့သောသဘာဝဘေးဒဏ်များ သင့်သည့်အခါ လှူဒါန်းသော အလှူများက ပို၍အရေးတကြီး လိုအပ်ပါတယ်။

(၂)    သီလ (Morality)

ဤနေရာမှာ အစိုးရမင်းတို့အတွက် သီလကို ကိုယ်ယ နှုတ်ယ စိတ် သုံးပါး၌ အပြစ်ကင်းအောင် စောင့်ထိန်းသည့် Discipline များကို ဆိုချင်ပါတယ်။ ပို၍ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေဟာ နိုင်ငံပစ္စည်း အလွဲသုံးစားလုပ်ခြင်း၊ ကိုယ်ကျိုးရှာခြင်း၊ လာဘ်စားခြင်းဆိုတဲ့ (Corruption) တွေကင်းဖို့ လိုပါတယ်။ ဤသို့သော အစိုးရ မျိုးကို Good Government လို့ဆိုရမှာပါ။

(၃)    ပရိစ္စာဂ (စွန့်လွတ်ခြင်း) Renunciation

တိုင်းသားပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်ရွက်သော အစိုးရများသည် မိမိတို့၏ အကျိုးစီးပွားကို စွန့်လွှတ်နိုင်ရမည်။ ထို့အပြင်မိမိတို့၏ ဇနီးမယားယ သမီးသားတို့ကိုု စွန့်လွှတ်၍  တိုင်းပြည်အကျိုးကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရှောင်လွှဲလို့မရနိုင်သော အကြပ်အတည်းများ၌ အသက်ခန္ဓာကိုပင်လျှင်စွန့်လွှတ်၍ တိုင်းပြည်အကျိုးကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဘုရားလောင်း များဟာ သတ္တလောက၏ အကျိုးကို ဆောင်ရွက်ရာ၌  ငါးမျိုးသော စွန့်လွှတ်ခြင်းတို့ကို ရက်ရက်ရဲရဲ စွန့်လွှတ်၍ ဆောင်ရွက်ခဲ့ပါတယ်။ ထို့ကြောင့် နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံတော်အစိုးရ အဖွဲ့ဝင်များဟာ ဘုရားလောင်းစိတ်ဓါတ်မွေး၍ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒီအတိုင်းသာ ဆောင်ရွက်ကြလျှင် သူတို့တွေဟာ ဘုရားလောင်းတွေပါပဲ။

(၄)    အဇ္ဇဝ  (ရိုးသားဖြောင့်မတ်ခြင်း) Honesty

နိုင်ငံရေးခေါင်းဆောင်များနှုင့် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များဟာ ရိုးသားတဲ့ ဂုဏ်ရှိရမယ်။ ဖြောင့်မတ်သော စိတ်ဓါတ်ရှိရမယ်။ ကောက်ကျစ်စဉ်းလဲခြင်း ကင်းရမယ်။

(၅)    မဒ္ဒဝ (နူးညံ့ခြင်း) Delicacy

နိုင်ငံရေးခေါင်းဆောင်များနှုင့် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များဟာ ကိုယ်ယ နှုတ်ယ စိတ် သုံးရပ်လုံး နူးညံ့သိမ့်မွေ့ရမှာ ဖြစ်ပါတယ်။ ကျားလိုယ ခြင်္သေ့လို ရက်စက်ကြမ်းကြုတ်တဲ့  ခေါင်းဆောင်တွေဟာ တိုင်းပြည်အတွက် အန္တရာယ် အလွန်များပါတယ်။ နွားလိုသည်းခံ၍ သမင်လို နူးညံ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ ခေါင်းဆောင်တို့ရဲ့ ဂုဏ်အရည်အချင်းတစ်ရပ်ပါ။

(၆)    တပ  (ခြိုးခံခြင်း) Austerity

နိုင်ငံရေးခေါင်းဆောင်များနှုင့် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များဟာ ခြိုးခြံသော အကျင့်ကို ကျင့်နိုင်ရမယ်။ ဝြွါကားသော အကျင့်ကို ရှောင်ရမယ်။ ခြိုးခြိုးခြံခြံ ကျင့်သုံးခြင်းဟာ နိုင်ငံဘဏ္ဍာကိုစောင့်ရှောက်ရာ ရောက်ပါတယ်။ မခြိုးမခြံ မရောင့်ရဲသော ခေါင်းဆောင်တွေဟာ တိုင်းပြည်ပစ္စည်းကို အချီးတနှီး ဖြုံးနေကြတာနဲ့ တူပါတယ်။

(၇)    အက္ကောဓ (အမြတ်မထွက်ခြင်း) Non-Aggressiveness

နိုင်ငံရေးခေါင်းဆောင်များနဲ့ အစိုးရမင်းများဟာ တိုင်းသူပြည်သားတို့အပေါ် အမျက် မထွက်ရဘူး။ မေတ္တာထားရမယ်။ ဒီနေရာမှာ မေတ္တာဆိုတာ တဏှာနဲ့ချစ်တာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ တိုင်းပြည်အကျိုးကို လိုလားတဲ့စိတ်ဓါတ်၊ တိုင်းသူပြည်သားတို့အပေါ်မှာ အကောင်း ဘက်က ကြည့်၍ ခွင့်လွှတ်သောစိတ်ဓါတ်၊ ရန်ငြိုးမထားဘဲ ထိုရန်ငြိုးကိုဖြေသော စိတ်ဓါတ်ကို မေတ္တာလို့ဆိုချင်ပါတယ်။

(၈)    အဝိဟိံသ (မညှင်းဆဲမနှိပ်စက်ခြင်း) Non-Violence

နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံတော်အစိုးရတို့သည် တိုင်းသူပြည်သားများကို နှိပ်စက် ညှင်းဆဲခြင်းမပြုရပါဘူး။ ရက်စက်ကြမ်းကြုတ်ခြင်းမှ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

(၉)    ခန္တီ (သည်းခံခြင်း) Patience

နိုင်ငံတော်အစိုးရတို့သည် တိုင်းသူပြည်သားတို့အပေါ်မှာ သည်းခံရမယ်။ ခွင့်လွှတ်ရမယ်။ မေတ္တာဆိုသည်ကား ရေနှင့်တူပါတယ်။ လူကောင်းလူဆိုးအားလုံးတို့ကို တစ်ညီထဲ အေးချမ်း စေပါတယ်။ ခန္တီဆိုတာကတော့ မြေကြီးနဲ့တူတဲ့အကျင့်ဖြစ်ပါတယ်။ မြေကြီးပေါ်မှာနေကြတဲ့ လူတွေဟာ ထိုမြေကြီးပေါ်မှာပဲ မစင်အညစ်အကြေးတွေကို စွန့်ကြတယ်။ ဒါပေမဲ့ မြေကြီးသည် ထိုလူတွေကို တုန့်ပြန်ခြင်းလည်းမပြုခဲ့ပါဘူး။ အညစ်အကြေးတွေကို ငြင်းပယ်ခြင်းလဲ မပြုခဲ့ပါဘူး။ အရှိအရှိတိုင်းလက်ခံထားခဲ့ပါတယ်။
ထို့ကြောင့် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင်များအားလုံး ပြည်သူတို့ အေးချမ်းအောင် ရေနဲ့တူတဲ့ မေတ္တာကိုလည်း ကျင့်ပါ။ တိုင်းသူပြည်သားအားလုံးတို့ကို ကျေနပ်အောင် မြေကြီးနဲ့တူသော ခန္တီကိုလည်း ကျင့်သုံးကြပါ။

(၁ဝ)    အဝိရောဓန (ပြည်သူတို့အလိုဆန္ဒနှင့် ဆန့်ကျင်ဘက်မလုပ်ခြင်း) Non-Conflict

ဤနံပါတ် (၁ဝ)သီလဟာ အစိုးရမင်းများသည် တိုင်းသူပြည်သားအားလုံးတို့ လိုလား တောင့်တသည်ကို လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ကလည်း လိုချင်တဲ့ဆန္ဒကို ထုတ်ဖော်ပိုင်ခွင့်ရှိပါတယ်။ တိုင်းပြည်ကထုတ်ဖော်လာတဲ့ လိုအင်ဆန္ဒကို နိုင်ငံခေါင်းဆောင်များနဲ့ အစိုးရများသည် မဖြစ်မနေ အကောင်အထည်ဖေါ်ပေးရမှာ ဖြစ်ပါတယ်။

တိုင်းသူပြည်သားများက အရှေ့အရပ်သို့ (သို့) ရှေ့သို့ သွားလိုသည်ဆိုလျှင် အစိုးရမင်းသည် (ခေါင်းဆောင်များသည်) အရှေ့သို့ပင် ဦးဆောင်သွားရမှာဖြစ်ပါတယ်။ အနောက်ဘက်ဆီသို့ ပြန်မလှည့်ရပါဘူး။ တိုင်းပြည်က အနောက်သို့သွားလိုတယ်ဆိုလျှင် နိုင်ငံခေါင်းဆောင်များသည် အရှေ့သို့ သွားလို့မရပါ။ အနောက်ဘဲ လှည့်ရမှာပါ။ တိုင်းပြည်ရဲ့ လိုအင်ဆန္ဒနှင့် မင်း တို့ လုပ်ချင်တာ ဆန့်ကျင်ဘက်ဖြစ်နေလျှင် ပဋိပက္ခ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်လာပြန်လျှင်လည်း ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းကင်း၍ သည်းမခံသော၊ ခွင့်မလွှတ်သော၊ ကြမ်းတမ်းသော ဘုရင်များနဲ့ အစိုးရများဟာ ရက်စက်ကြမ်းကြုတ်ခြင်းများဆီသို့ ဦးတည်သွားတတ်ပါတယ်။

ထို့ကြောင့် ငြိမ်းချမ်းသာယာသော၊ ဝပြောစည်ပင်သော၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခု တည်ဆောက်ဖို့ရန် မြတ်စွာဘုရားကိုယ်တော်မြတ်က ဤမင်းကျင့်တရားဆယ်ပါး  (Dasa Raja Sila) Ten Principles for the King and Government ဆိုတာကို ဟောကြား တော်မူခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်ုပ် လေ့လာမိသလောက်  Bandung Conference  ကြီးမှာ ချမှတ် ခဲ့သော ဒသသီလ၊ ကိုလံဘို  Conference မှာ ချမှတ်ခဲ့သော ပဉ္စသီလ၊ အင်ဒိုနီးရှား နိုင်ငံတော်အတွက် အင်ဒိုနီးရှားသမ္မတကြီး ဒေါက်တာဆူကာနိုချမှတ်ခဲ့တဲ့ ပဉ္စသီလဆိုတဲ့ ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်ရေးမူစနစ်တွေကို လေ့လာခဲ့ပြီး မြတ်ဗုဒ္ဓဒေသနာတော်မှာ လူသားအချင်းချင်း ငြိမ်းချမ်းလုံခြုံစွာ အတူယှဉ်တွဲနေထိုင်ရေး ဘာတွေရှိသလဲဆိုတာကို သုတေသနပြု ရှာဖွေရာမှာဖော်ပြပါ Principle များကို တွေ့ရှိရတဲ့အတွက် ဤယနေ့ အစည်းအဝေးကြီးမှာ တင်ပြလိုက်ပါတယ်။

ကျွန်ုပ်စဉ်းစားမိတာ တစ်ခုပြောပြချင်ပါတယ်- 'ရေ' ဆိုတာဟာ ဘယ်တိုင်းပြည်ကဘယ်လူမျိုးကထုတ်တဲ့ ဘယ်ရေမဆို သောက်ရင် အေးပါတယ်။ ဆာလောင်မှုပြေပါတယ်။ ချိုးလျှင်လည်း အေးရုံမက လူကိုသန့်ရှင်းစေပါတယ်။ 'မီး'ဆိုတာလည်း ထိုနည်းအတိုင်းပါပဲ။ ဘယ်တိုင်းပြည်က ဘယ်သူရှို့တဲ့ 'မီး'ပဲဖြစ်ဖြစ် ပူတာ လောင်တာ အတူတူပါပဲ။ ရေသန့်ပုလင်းတွေယ မီးခြစ်တွေအပေါ်မှာ ကပ်ထားတဲ့ Label တွေကြောင့် အမည်အမျိုးမျိုး ကွဲပြားနေကြတာဖြစ်မှာပါ။ Label တွေကို ခွာချပြီး အတွင်းမှာရှိတဲ့ အရှိကို အမှန်အတိုင်း သိအောင်ယ မြင်အောင်ကြည့်ဖို့ လိုပါတယ်။ အတွင်းထဲရှိတဲ့ အရှိနှင့် အမှန်ကို ကြည်နိုင်လျှင်တော့ အေးတာနဲ့ ပူတာ ဒီနှစ်ခု တွေ့ကြမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ၊  ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ၊ ဂျူးဘာသာ၊ ဆစ်ခ်ဘာသာ၊ ကွန်ဖြူးရှပ်ဘာသာတို့ဟာ ဒီဘာသာတရားတွေမှာ အပေါ်ယံ အကာ (Outer Shell) ဆိုတာနှင့် အတွင်းအနှစ်သာရ (Inner Core) ဆိုတာရှိပါတယ်။ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ဓလေ့ထုံးစံ၊ ဆုတောင်းပုံနှင့် အခမ်းအနားကျင်းပခြင်းတွေဟာ ဘာသာတရား အားလုံးရဲ့ အပေါ်ယံအကာတွေပါပဲ။ အဲဒီအပေါ်ယံအကာတွေက ဘာသာတရား တစ်ခုနဲ့တစ်ခု ခြားနားကွဲပြားအောင် ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ဒါန၊ သီလ၊ သမာဓိ၊ ပညာ၊ သစ္စာဆိုတဲ့ အနှစ်သာရဟာ ဘာသာတရားတိုင်းမှာ ရှိပါတယ်။ အဲဒီ Charity, Morality, Balance of mind, Insight ဆိုတဲ့ Inner core တွေဟာ လူသားထုတစ်ရပ်လုံးရဲ့ ဘဝအနှစ်သာရတွေပါပဲ။ ဒါတင်မက ဘာသာတရားအားလုံးရဲ့ အနှစ်သာရဖြစ်တဲ့ ဒါနယ သီလ သမာဓိပညာ သစ္စာ တရားတွေဟာ ကျွန်ုပ်တို့ လူသားအားလုံး လက်တွဲ၍ ငြိမ်းချမ်းစွာ နေကြရမည့် - Common Ground ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ - အာရှ Principle ၊ အာဖရိက Principle ၊ ဥရောပ Principle လောက်ပဲ မဟုတ်ဘဲ - Global Principle တစ်ခုပြောပြချင်ပါတယ်။ အဲဒါက ဗုဒ္ဓကျမ်းစာ တွေမှာ ဖော်ပြထားတဲ့ ငါးပါးသီလပါပဲ-

(၁)    သက်ရှိသတ္တဝါတို့ကိုသတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
(၂)    ပိုင်ရှင်မပေးသော ပစ္စည်းကိုရယူခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း။
(၃)    လွဲမှားသောမေထုန်အကျင့်တို့မှ ရှောင်ကြဉ်ခြင်း။
(၄)    မဟုတ်မမှန်သော စကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။
(၅)    အရက်နှင့် အခြားသော မူးယစ်စေသည့်အရာများ သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း။

အဲဒီ ငါးပါးကို ဗုဒ္ဓကျမ်းစာတွေမှာ ဂရုဓမ္မသီလလို့ဟောပါတယ်။ Highly Respected Sila လို့ဟောပါတယ်။ အဲဒီငါးပါးသီလ ပျက်စီးခြင်းကို Sila by assama broken out of Character လို့ခေါ်ပါတယ်။ အကျင့်ပျက်ခြင်းဟာ ဘဝပျက်တာပါပဲ။

နောက်တစ်မျိုး မြတ်ဗုဒ္ဓဟောတာရှိပါတယ်။ ပဉ္စဝေရဘယ ဆိုတာပါပဲ။ ရန်မျိုးငါးပါး။ ဘေးမျိုး ငါးပါး။ ကမ္ဘာလောက ရန်သူတွေဆိုတာဟာ တစ်ခြားမဟုတ်ပါဘူး။ အဲဒီပဉ္စသီလကို ကျူးလွန် ဖျက်ဆီးသူတွေဟာ ကမ္ဘာ့လူသားအားလုံးရဲ့ ရန်သူတွေပါပဲ။ ပဉ္စသီလ ပျက်ခြင်းဟာ အာရှမှာသာမက ကမ္ဘာတစ်ဝှမ်းမှာ ပါ ဘေးအန္တရာယ် ကျရောက်ခြင်းဖြစ်ပါတယ်။

ပဉ္စသီလယ ဒသသီလ တွေကို ကျူးလွန်သူတွေယ ဖောက်ဖျက်သူတွေဟာ လူ့ပတ်ဝန်းကျင်ယ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ရန်ပြုသူတွေလို့ ပဉ္စဝေရဘယသုတ္တန်မှာ မြတ်ဗုဒ္ဓဟောထားပါတယ်။ တကယ်စင်စစ်တော့ ပြဿနာအားလုံးရဲ့အကြောင်းရင်းဟာ အဝိဇ္ဇာနှင့်တဏှာ= Delusion and Desire ဖြစ်ပါတယ်။ တင်းမာမှု၊ စိုးရိမ်မှု၊ ပူပန်မှု၊ ငြင်းခုံမှုနှင့် ဆင်းရဲဒုက္ခအားလုံး၊ ပြဿနာအားလုံးရဲ့ ဇစ်မြစ်ဟာ အဝိဇ္ဇာနှင့် တဏှာပါပဲ။ ဒီအကြောင်းအကျိုးနှစ်ပါး သစ္စာတရားဟာ Common Core of  all Religions ဖြစ်ပါတယ်။ သစ္စာတရား မတွေ့သေးသမျှ ပြဿနာအားလုံးတို့ဟာ ဖြေရှင်းလို့ ရနိုင်မယ်မဟုတ်ကြပါဘူး။

ဒီနေ့-ဒီအခါမှာ- ကျွန်ုပ်ဆုတောင်းပါတယ်-

(၁)    လူသားအားလုံး ငါးပါးသီလကို အလေးအမြတ်စောင့်ထိန်းနိုင်ကြပါစေ။
(၂)    လူသားအားလုံး သစ္စာတရားကို လက်ကိုင်ထား၍ ဘဝပြဿနာအားလုံးကို ဖြေရှင်း နိုင်ကြပါစေ။

'သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ'

မေတ္တာဖြင့်
သီတဂူဆရာတော်
ဒေါက်တာအရှင်ဉာဏိဿရ (Ph.D., D.Litt.)
အဂ္ဂမဟာပဏ္ဍိတ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော်

 

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 9 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈